International News

၂၀၂၄-၂၅ ဘဏ္ဍာနှစ်၊ အိန္ဒိယနိုင်ငံ၏ သကြား ထုတ်လုပ်ရောင်းချမှုရာသီတွင် သကြားထုတ်လုပ်မှု တန်ချိန် ၂၆ ဒသမ ၅၂ သန်းရှိပြီး ယခင်နှစ် ရာသီကထက် ၁၇ ရာခိုင်နှုန်း ကျဆင်း

Last Updated:

၂၀၂၄-၂၅ ဘဏ္ဍာနှစ်၊ အိန္ဒိယနိုင်ငံ၏ သကြား ထုတ်လုပ်ရောင်းချမှုရာသီ (အောက်တိုဘာလမှ စက်တင်ဘာလအထိ) တွင် သကြားထုတ်လုပ်မှု တန်ချိန် ၂၆ ဒသမ ၅၂ သန်းရှိပြီး ယခင်နှစ် ရာသီကထက် ၁၇ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း အိန္ဒိယနိုင်ငံလုံးဆိုင်ရာ သကြားရောင်းဝယ်ရေးအသင်း (All-India Sugar Trade Association -AISTA) မှ သိရသည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် သိရှိရသော ခန့်မှန်း ချက်အရ ယခင်နှစ်က သကြားတန်ချိန် ၃၁ ဒသမ ၉ သန်း ထုတ်လုပ်ခဲ့၍ ယခုနှစ်တွင် ထုတ်လုပ်မှု သိသိ သာသာ ကျဆင်းခဲ့ကြောင်း The Hindu Businessline သတင်းဌာနက ယခုလ ၂၈ ရက်က ဖော်ပြသည်။

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့၏ သကြားစာရင်းပိတ်လက်ကျန်ပမာဏသည် တန်ချိန် ၄ ဒသမ ၅ သန်းရှိမည်ဖြစ်ကာ အဆိုပါပမာဏသည် နှစ်လစာ သကြားစားသုံးမှုပမာဏ တန်ချိန် ၄ ဒသမ ၈ သန်းမှ ၅ သန်းကို ပြည့်မှီခြင်းမရှိကြောင်း၊ အထူးသဖြင့် ပွဲတော်ကာလဖြစ်ပြီး ဝယ်လိုအားများလေ့ရှိ သော အောက်တိုဘာလနှင့် နိုဝင်ဘာလ ၂ လ၏ စားသုံးမှု ပမာဏကို မပြည့်မှီနိုင်ကြောင်း AISTA က ခန့်မှန်း ထားသည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလ လလယ်က နိုင်ငံ၏ သကြားထုတ်လုပ်မှု တန်ချိန် ၁၃ ဒသမ ၀၆ သန်းရှိကာ ယခင် နှစ်ကာလတူက တန်ချိန် ၁၅ ဒသမ ၁၂ သန်း ထုတ်လုပ်နိုင်ခဲ့၍ ၁၃ ဒသမ ၆၅ ရာခိုင်နှုန်း ကျဆင်းခဲ့ ကြောင်း သိရသည်။ ယခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့အထိ ကြံကြိတ်ခွဲမှု ပမာဏ တန်ချိန် ၁၄၈ ဒသမ ၂၁ သန်းရှိကာ လွန်ခဲ့သောနှစ် ကာလတူက တန်ချိန် ၁၆၁ ဒသမ ၂၈ သန်းရှိ၍ ကျဆင်းခဲ့ကြောင်း အမျိုးသား သမဝါယမ သကြားစက်ရုံများ အသင်းချုပ် (National Federation of Co-operative Sugar Factories -NFCSF) ၏ အချက်အလက်များအရ သိရသည်။

ယင်းသို့ သကြားအထွက်နှုန်းကျဆင်းရခြင်းမှာ နိုင်ငံ၏ အဓိကသကြားထုတ်လုပ်ရာ ပြည်နယ်များ ၌ ရင်ဆိုင်နေရသော ရောင်းလိုအားထိခိုက်စေသည့် ကိစ္စရပ်များကြောင့်ဖြစ်ကြောင်း၊ ဥပမာ Uttar Pradesh ပြည်နယ်တွင် ရောဂါပိုးကျရောက်ခြင်းနှင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ခြင်း၊ အလားတူ Maharashtra ပြည်နယ်တွင် မိုးရေရရှိမှုနည်းပါးပြီး၊ သီးနှံများပန်းပွင့်မှု အခြေအနေတို့ကြောင့် ဖြစ် ကြောင်း သိရသည်။ ထို့အပြင် သကြားဓါတ် (sucrose) တန်ချိန် ၄ သန်းကို အီသနော ထုတ်လုပ်မှု၌ အသုံးပြုလျက်ရှိသည့်အတွက် အသားတင် သကြားထွက်ရှိမှု ပမာဏကို ထိခိုက်စေကြောင်း သိရသည်။

၂၀၂၃-၂၄ ဘဏ္ဍာနှစ်၊ သကြားထုတ်လုပ်ရောင်းချသည့်ရာသီမှ လက်ကျန်သကြား တန်ချိန် ၇ ဒသမ ၉၈ သန်း အပါအဝင် ပြည်ပသို့ တင်ပို့ရောင်းချမည့် သကြား တန်ချိန် ၁ သန်းအား နုတ်ဖယ် အပြီးတွင် ပြည်တွင်း၌ စုစုပေါင်း သကြား တန်ချိန် ၃၃ ဒသမ ၅ သန်း ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။ သကြား စားသုံးမှု တန်ချိန် ၂၉ သန်းရှိမည်ဟု ခန့်မှန်းကာ၊ တစ်ဖက်တွင် အထွက်နှုန်းကျဆင်းခြင်းနှင့် ယခင်နှစ် လက်ကျန်နည်းပါးသည့် အခြေအနေများကြောင့် ရောင်းလိုအားပြတ်လပ်မှုရှိနိုင်သည့် အခြေ အနေကို စိုးရိမ်မကင်းဖြစ်လျက်ရှိကြောင်း သိရသည်။ လက်ရှိတွင် ကြံကြိတ်ခွဲသည့် စက်ရုံအရေအတွက် မှာ ၅၀၇ ရုံရှိပြီး ယခင်နှစ်က ၅၂၄ ရုံရှိသည့်အတွက် စက်ရုံအရေအတွက်လည်း လျှော့နည်းကြောင်း၊ ယင်းအချက်ကလည်း တစ်နိုင်ငံလုံး၏ သကြားအထွက်နှုန်းကို ထိခိုက်စေသည့်အချက်ဖြစ်ကြောင်း သိရ သည်။

သို့ပါ၍ အိန္ဒိယနိုင်ငံတွင် သကြားတင်ပို့မှုရောင်းချမှုအား လတ်တလော ပိတ်ပင်ထားပြီး၊ အစိုးရအနေဖြင့် သကြားစက်များ၏ တောင်းဆိုမှုအရ တန်ချိန် ၁ သန်းခန့် ပြည်ပသို့ ရောင်းချခွင့်အား မကြာသေးမီက ခွင့်ပြုခဲ့ပါသည်။ သို့သော် ယခုနှစ် ရာသီတွင် သကြားအထွက်နှုန်းကျဆင်းနိုင်ကြောင်း နှင့် ပြည်တွင်းစားသုံးမှုကို ပြည့်မှီအောင် ထုတ်လုပ်နိုင်ဖွယ်မရှိကြောင်း ကုန်သည်အသိုင်းအဝိုင်းမှ ခန့်မှန်း ချက်များကို သိရှိနိုင်ရန် တင်ပြအပ်ပါသည်။ 

Source:         The Hindu Businessline, India’s sugar production may drop 17% to 26.52 mt in 2024-25, says trade body AISTA, January 28, 2025 at 10:11 PM.

စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့။

 

Category: International News