၂၀၂၄ ခုနှစ်၊ ပြက္ခဒိန်နှစ်တွင် အိန္ဒိယနိုင်ငံ၏ ပြည်ပမှ ပဲမျိုးစုံတင်သွင်းမှု တန်ချိန် ၆၆ ဒသမ ၃၃ သိန်းထိ စံချိန်တင်မြင့်တက်ခဲ့ကြောင်း သိရသည်။ အဆိုပါကာလအတွင်း ပြည်တွင်းမှ ပဲမျိုးစုံ အထွက်နှုန်း ကျဆင်းပြီး ဈေးနှုန်းများ မြင့်တက်လာမည်စိုးသဖြင့် အစိုးရအနေဖြင့် ပဲမျိုးစုံကို ပြည်ပမှ အကောက်ခွန် လွတ် တင်သွင်းခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း The Hindu Businessline သတင်းဌာနက ယခုလ ၂၉ ရက်က ဖော်ပြသည်။
ယင်းကဲ့သို့ ပဲမျိုးစုံတင်သွင်းမှုတိုးတက်လာရခြင်းမှာ ပြည်ပမှ စားတော်ပဲ (yellow peas) ကို တန်ချိန် ၂၉ ဒသမ ၆၈ သိန်းအထိ တင်သွင်းခဲ့၍ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် အဆိုပါ ပဲအမျိုးအစားကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလမှစတင်၍ အကောက်ခွန်လွတ်တင်သွင်းခွင့်ပြုခဲ့ပြီး၊ ၂၀၂၄ ခုနှစ်အတွင်းက ပြင်ဆင်သက်တမ်းတိုးကာ ၂၀၂၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ အထိ အချိန်တိုးမြှင့် သတ်မှတ်ပေးခဲ့ကြောင်း သိရသည်။
ထို့အပြင် ပဲစင်းငုံကို တန်ချိန် ၁၂ ဒသမ ၃၃ သိန်းနှင့် မတ်ပဲကို တန်ချိန် ၇ ဒသမ ၆၅ သိန်းအထိ စံချိန်တင် တင်သွင်းခဲ့ကြောင်း သိရသည်။ ၂၀၂၄ ခုနှစ်တွင် ပဲနီလေးတင်သွင်းမှုသည် ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ်လျင် လျော့ကျခဲ့ကြောင်း သိရသည်။ ၂၀၂၃ ခုနှစ်က အဆိုပါပဲအမျိုးအစားကို တန်ချိန် ၁၆ ဒသမ ၈၁ သိန်း အထိ စံချိန်တင် တင်သွင်းခဲ့ပြီး၊ ၂၀၂၄ ခုနှစ်တွင် တန်ချိန် ၁၀ ဒသမ ၉၃ သိန်းသာ တင်သွင်း ခဲ့ကြောင်း သိရသည်။ ၂၀၂၄ ခုနှစ်၏ ကုလားပဲတင်သွင်းမှုသည် တန်ချိန် ၅ ဒသမ ၇၄ သိန်းရှိပြီး၊ ယခင်နှစ် က တန်ချိန် ၁ ဒသမ ၃၁ သိန်းတင်သွင်းခဲ့သည့်အတွက် လေးဆမျှတိုးတက်လာခဲ့ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံသည် ၂၀၁၇ ခုနှစ်က တစ်ကြိမ် ပဲမျိုးစုံတင်သွင်းမှု မြင့်တက်ခဲ့ပြီး တန်ချိန် ၆၂ ဒသမ ၇၄ သိန်း တင်သွင်း ခဲ့ကာ စားတော်ပဲကို တန်ချိန် ၃၁ ဒသမ ၀၃ သိန်းအထိ စံချိန်တင် တင်သွင်း ခဲ့ဖူးကြောင်း သိရသည်။ ယင်းသို့ ပြည်ပမှ ပဲမျိုးစုံတင်သွင်းမှုပမာဏသည် တစ်နိုင်ငံလုံး၏ ပဲမျိုးစုံစားသုံးမှု ခန့်မှန်း ပမာဏဖြစ်သော တန်ချိန် ၂၇၀ သိန်း၏ ၄ ပုံ ၃ ပုံခန့်ရှိကြောင်း IGrain India မှ Rahul Chauhan က ပြောကြားခဲ့သည်။
အိန္ဒိယအစိုးရ၏ ခန့်မှန်းတွက်ချက်မှုအရ နိုင်ငံ၏ ပဲမျိုးစုံ စိုက်ပျိုး ထွက်ရှိမှုပမာဏသည် ၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ တန်ချိန် ၁၆၃ ဒသမ ၂၃ သိန်းရှိခဲ့ပြီး၊ ၂၀၂၁-၂၂ ဘဏ္ဍာနှစ်တွင် တန်ချိန် ၂၇၃ ဒသမ ၀၂ သိန်းထွက်ရှိကာ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် တန်ချိန် ၂၄၂ ဒသမ ၄၆ သိန်း ထွက်ရှိခဲ့၍ ထွက်ရှိမှု ပမာဏ ကျဆင်းခဲ့ကြောင်း သိရသည်။
၂၀၂၄-၂၅ ဘဏ္ဍာနှစ် ခါရစ်ရာသီ (မိုးရာသီ) ၏ ပဲမျိုးစုံအထွက်နှုန်းသည် တန်ချိန် ၆၉ ဒသမ ၅၄ သိန်းခန့် ရှိကာ ယခင်နှစ်က ၆၉ ဒသမ ၇၄ သိန်းရှိ၍ အနည်းငယ်ကျဆင်းခဲ့ကြောင်း သိရသည်။ အိန္ဒိယ အစိုးရအနေဖြင့် ပြည်တွင်းပဲအထွက်နှုန်းကျဆင်းဖွယ်ရှိသည့် အခြေအနေကြောင့် ပဲစင်းငုံအား အကောက်ခွန်လွတ် တင်သွင်းခွင့်ကို ၂၀၂၆ ခုနှစ် မတ်လ ၂၁ ရက်နေ့အထိ မကြာသေးမှီကာလကပင် သက်တမ်း ထပ်မံတိုးမြှင့်ခဲ့ကြောင်း သိရသည်။
သို့ပါ၍ အိန္ဒိယနိုင်ငံတွင် ၂၀၂၄ ခုနှစ်က ပဲမျိုးစုံတင်သွင်းမှု စံချိန်တင်မြင့်တက်ခဲ့ကြောင်းနှင့် ယခုနှစ်တွင်လည်း ပြည်တွင်း၌ ပဲမျိုးစုံထွက်ရှိမှု ကျဆင်းဖွယ်ရှိကာ ပြည်ပမှ တင်သွင်းမှု တိုးမြင့်လာဖွယ်ရှိ သည့် အခြေအနေကို သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Source: The Hindu Businessline, Pulses import double to record 66.33 lakh tonnes during 2024, January 29, 2025.
စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့။