International News

တရုတ်နိုင်ငံ၏ တစ်နှစ်တာ ဝန်ဆောင်မှုကုန်သွယ်ရေးပမာဏသည် အမေရိကန်ဒေါ်လာ (၁)ထရီလီယံ ကျော်လွန်ခဲ့

Last Updated:

တရုတ်နိုင်ငံ၏ တစ်နှစ်တာ ဝန်ဆောင်မှုကုန်သွယ်ရေးသည် ယခင်နှစ်တွင် ပထမဆုံး အကြိမ်အဖြစ် အမေရိကန်ဒေါ်လာ (၁)ထရီလီယံကို ကျော်လွန်ခဲ့ပြီး ဆက်လက်တိုးတက်မည့် အလားအလာများရှိနေကြောင်း သိရှိရသည်။

တရုတ်နိုင်ငံ၏ ဝန်ဆောင်မှုများ တင်သွင်းမှုနှင့် တင်ပို့မှုတန်ဖိုးသည် ၂၀၂၄ ခုနှစ်တွင် ယွမ် (၇.၅)ထရီလီယံ (အမေရိကန်ဒေါ်လာ ၁.၀၅ ထရီလီယံခန့်)အထိ စံချိန်တင်မြင့်တက်ခဲ့ပြီး တစ်နှစ် ထက်တစ်နှစ် (၁၄.၄)ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း တရုတ်နိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန (MOC) ၏ နောက်ဆုံးအချက်အလက်များအရ သိရှိရသည်။

ပို့ကုန်သည် တစ်နှစ်ထက်တစ်နှစ် (၁၈.၂)ရာခိုင်နှုန်း တိုးလာပြီး သွင်းကုန်သည် (၁၁.၈) ရာခိုင်နှုန်း တိုးလာကြောင်း၊ ကမ္ဘာတစ်ဝန်း ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုလာမှု၊ စမတ်နည်း ပညာတိုးတက်မှုနှင့် ပတ်ဝန်းကျင်ထိခိုက်မှုမရှိသော ဖွံ့ဖြိုးတိုးတက်မှုတို့ကြောင့် တရုတ်နိုင်ငံ၏ ဝန်ဆောင်မှုကုန်သွယ်ရေးသည် အတိုင်းအတာတစ်ခုအထိ တိုးတက်လာပြီး ၎င်း၏ ဖွဲ့စည်းပုံကို ပိုမိုကောင်းမွန်အောင် မြှင့်တင်ခဲ့ရာ ၂၀၂၄ ခုနှစ်တွင် နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင် နိုင်ခဲ့ကြောင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ Chinese Academy of International Trade and Economic Cooperation မှ သုတေသီ Li Jun က ပြောကြားခဲ့ ကြောင်း သိရှိရသည်။

တရုတ်နိုင်ငံသည် ဗီဇာကင်းလွတ်ခွင့်မူဝါဒကို ကျယ်ကျယ်ပြန့်ပြန့် ဖြေလျှော့ပေးခြင်းနှင့် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ခဲ့ခြင်းသည် ပြီးခဲ့သောနှစ်အတွင်း ပြည်တွင်းသို့ ခရီးသွားများ ဝင်ရောက်မှုကို မြှင့်တင်ရာတွင် အရေးပါသည့်အခန်းကဏ္ဍတစ်ခုမှ ပါဝင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါမူဝါဒသစ်သည် ခရီးသွားသူများက တရုတ်နိုင်ငံသို့ သွားရောက် လည်ပတ်သည့် ၎င်းတို့၏ အတွေ့အကြုံများကို ဆိုရှယ်မီဒီယာပေါ်တွင် မျှဝေသည့် လူကြိုက်များသော hashtag တစ်ခုဖြစ်သည့် "China Travel"ကို လှုံ့ဆော်ပေးနိုင်ခဲ့ကာ တရုတ်နိုင်ငံ၏ ယဉ်ကျေးမှုအထင်ကရ နေရာများ၊ သဘာဝနှင့် မြို့တွင်းလည်ပတ်မှုများကြောင့် နိုင်ငံတကာ ခရီးသွားအရေအတွက် တိုးလာစေကြောင်း သိရှိရသည်။

'China Travel' သည် လျင်မြန်စွာ တိုးတက်လာလျက်ရှိပြီး ထိုသို့တိုးတက်လာခြင်းသည် တရုတ်နိုင်ငံ၏ ဝန်ဆောင်မှုကုန်သွယ်ရေးကို ပိုမိုတိုးတက်စေမည်ဟု မျှော်လင့်ကြောင်းနှင့် ကမ္ဘာ့ခရီးသွားလုပ်ငန်းကို ဆက်လက်နာလန်ထူလာစေမည်ဖြစ်ကြောင်း Li က ပြောကြားခဲ့သည် ဟု သိရှိရသည်။

တရုတ်နိုင်ငံ၏ ဒစ်ဂျစ်တယ်ယဉ်ကျေးမှုပလက်ဖောင်းများနှင့် အကြောင်းအရာများသည် နိုင်ငံရပ်ခြားတွင် စိတ်ဝင်စားမှုရရှိနေပြီဖြစ်ကြောင်း၊ Netflix နှင့် YouTube ကဲ့သို့သော ပြည်ပ streaming platform များတွင် အရည်အသွေးမြင့် တရုတ်ဗီဒီယိုဂိမ်း "Black Myth: Wukong" ကို လူကြိုက်များလာကြောင်းနှင့် တရုတ်အင်တာနက်စာပေကို စိတ်ဝင်စားသည့် နိုင်ငံတကာ စာဖတ်သူအရေအတွက် တိုးလာလျက်ရှိကြောင်း Li က ပြောကြားခဲ့သည်ဟု သိရှိရသည်။

တရုတ်အစိုးရသည် ယခင်နှစ်၊ သြဂုတ်လတွင် ဈေးကွက်ပိုမိုဖွင့်လှစ်ခြင်းမှတစ်ဆင့် ဝန်ဆောင်မှုကုန်သွယ်ရေး၏ အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် လမ်းညွှန်ချက် တစ်ခုကို ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါလမ်းညွှန်ချက်သည် တရုတ်နိုင်ငံ၏ ဝန်ဆောင် မှုကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ခိုင်မာသောမူဝါဒကို ပံ့ပိုးပေးထားကြောင်း လီက ပြောကြားခဲ့သည်ဟု သိရှိရသည်။

တရုတ်နိုင်ငံသည် ပြီးခဲ့သည့်နှစ်တွင် နယ်စပ်ဖြတ်ကျော်ဝန်ဆောင်မှုကုန်သွယ်ရေးအတွက် တစ်နိုင်ငံလုံးဆိုင်ရာ negative list management system ကို ထူထောင်ခဲ့ကြောင်း၊ ဆက်လက်၍ အဖွဲ့အစည်းဆိုင်ရာဖွင့်လှစ်မှုအဆင့်ကို စဉ်ဆက်မပြတ်မြှင့်တင်သင့်ကြောင်း၊ negative list ကို အလျဉ်းသင့်သကဲ့သို့ ဖြည်းဖြည်းချင်း လျှော့ချသွားရန်နှင့် နိုင်ငံတကာစီးပွားရေး နှင့် ကုန်သွယ်မှုဆိုင်ရာ စံသတ်မှတ်ချက်များနှင့် လိုက်လျောညီထွေဖြစ်စေရန် ဆောင်ရွက်သင့် ကြောင်း Li က အကြံပြုခဲ့သည်ဟု သိရှိရပါသည်။ ထို့အပြင် ဆန်းသစ်တီထွင်သော ဝန်ဆောင်မှု ကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်လာစေရန် အမျိုးသား သရုပ်ပြဇုန်များ အမြန်ဆုံး ဆောက်လုပ်ရန် ၎င်းက တိုက်တွန်းထားကြောင်းလည်း သိရှိရပါသည်။

ဒစ်ဂျစ်တယ်ကုန်သွယ်မှုနှင့် ဝန်ဆောင်မှုကုန်သွယ်ရေးတွင် နှစ်နိုင်ငံ၊ နိုင်ငံစုံနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့သင့်ကြောင်း၊ အရေးပါသည့် ပြပွဲများ၏ အခန်းကဏ္ဍကို ဆက်လက်အသုံးချသင့်ကြောင်းနှင့် နိုင်ငံတကာဝန်ဆောင်မှုကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု ဇုန်များကို ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်သင့်ကြောင်း လီက ပြောကြားခဲ့သည်ဟု သိရှိရ သည်။

Source: https://www.chinadaily.com.cn/a/202502/03/WS67a00ffba310a2ab06ea9f5e.html

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: International News