ဗီယက်နမ်နိုင်ငံ၏ ၉ ရက်တာအားလပ်ရက်အတွင်း ဒေသအများအပြားတွင် ခရီးသွား လုပ်ငန်းမှ ဝင်ငွေ ၁ ထရီလီယံကျော် (အမေရိကန်ဒေါ်လာ ၃၉.၃ သန်း) ရရှိခဲ့ကြောင်း VN Economy အွန်လိုင်းသတင်းဖော်ပြချက်အရ သိရှိရပါသည်။
၉ ရက်ကြာ ကျင်းပခဲ့သည့် ၂၀၂၅ ခုနှစ် အရှေ့တိုင်းနှစ်သစ်ကူးအားလပ်ရက် (Tet) အတွင်း နိုင်ငံတစ်ဝန်းမှ ခရီးသွားဧည့်သည် ၁၂.၅ သန်း ကို ကြိုဆိုခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၁၉ ရာခိုင်နှုန်းတိုးလာကြောင်း ဗီယက်နမ်အမျိုးသား ခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့ (VNAT) ၏ အဆိုအရ သိရှိရပါသည်။
ဟိုချီမင်းမြို့သည် ခရီးသွားဧည့်သည် လည်ပတ်မှုအများဆုံးနေရာဖြစ်ပြီး ခရီးသွား ဧည့်သည် ၂.၁ သန်း ခန့်လာရောက်လည်ပတ်ခဲ့ကြောင်းနှင့် တစ်နှစ်ထက်တစ်နှစ် ၁၆.၇ ရာခိုင်နှုန်း တိုးလာကြောင်းသိရှိရပါသည်။
အဆိုပါကာလအတွင်း ဒေသအများအပြားသည် ခရီးသွားလုပ်ငန်းဝင်ငွေတိုးလာကြောင်း အစီရင်ခံခဲ့ပြီး ဟိုချီမင်းမြို့၊ ဟနွိုင်းမြို့၊ ဒါနန်းမြို့၊ ခန်းဝှာမြို့၊ ကင်းဇမ်း ၊ ကွမ်နင်း၊ လာအိုကိုင်နှင့် နင်းဘင်အပါအဝင် ပြည်နယ်နှင့် မြို့ကြီး ၈ မြို့သည် ဝင်ငွေ ဗီယက်နမ်ဒေါင် ၁ ထရီလီယံ (အမေရိကန် ဒေါ်လာ ၃၉.၃ သန်း) ကျော်လွန်ကြောင်း မှတ်တမ်းတင်နိုင်ခဲ့ပါသည်။
ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းကွမ်နင်းပြည်နယ်သည် နိုင်ငံတကာခရီးသွားဧည့်သည် ၂၃၀,၀၀၀ အပါအဝင် ခရီးသွားဧည့်သည် ၉၇၀,၀၀၀ နီးပါးကြိုဆိုခဲ့ကြောင်းနှင့် ခရီးသွားလုပ်ငန်းမှ ဝင်ငွေ ဗီယက်နမ်ဒေါင် ၂.၆ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၀၂ သန်း) နီးပါးရှိကြောင်း သိရှိရ ပါသည်။
ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းရှိ ဒါနန်းမြို့သည် နိုင်ငံခြားခရီးသွားဧည့်သည် ၂၂၈,၀၀၀ အပါအဝင် ခရီးသွားဧည့်သည်စုစုပေါင်း ၄၆၉,၀၀၀ ကျော်ကို ကြိုဆိုခဲ့ကြောင်းနှင့် မြို့တော်၏ ခရီးသွားလုပ်ငန်းမှ ဝင်ငွေသည် ဗီယက်နမ်ဒေါင် ၁.၈၈ ထရီလီယံ (အမေရိကန်ဒေါ်လာ ၇၄ သန်း) ကျော်ရှိကြောင်း ဖော်ပြထားပါသည်။
Source: VN Economy
(စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ဟနွိုင်းမြို့)