ဗီယက်နမ်နိုင်ငံ၏ အရှေ့တိုင်းနှစ်သစ်ကူးအားလပ်ရက်များအတွင်း ဟိုချီမင်းမြို့သည် ခရီး သွားလာရေးလုပ်ငန်းမှဝင်ငွေ ဗီယက်နမ်ဒေါင် ၇.၆၉ ထရီလီယံ (အမေရိကန်ဒေါ်လာ ၃၀၆.၇ သန်း) ဖြင့် ထိပ်ဆုံးမှဦးဆောင်နေပြီး ဟနွိုင်းမြို့သည် ဒုတိယနေရာမှ ရပ်တည်နေပြီး ဝင်ငွေ ဗီယက်နမ် ဒေါင် ၃.၅၃ ထရီလီယံ ရရှိခဲ့ကြောင်း ဗီယက်နမ်နိုင်ငံခရီးသွားလာရေးစီမံခန့်ခွဲမှု၏ အဆိုအရ သိရှိရပါသည်။
ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံးမြို့ ၂ မြို့စလုံးသည် တနင်္ဂနွေနေ့တွင် ကုန်ဆုံးခဲ့သော အားလပ်ရက်များအတွင်း ကမ္ဘာ့လှည့်ခရီးသွားဧည့်သည် ဝင်ရောက်မှုအရေအတွက် သိသိသာသာ တိုးလာသည်ကိုတွေ့ခဲ့ရကြောင်း၊ ဟိုချီမင်းမြို့တွင် ခရီးသွားဧည့်သည် ၂.၁ သန်းကြိုဆိုခဲ့ပြီး ယခင် နှစ်ထက် ၁၇ ရာခိုင်နှုန်းတိုးလာကြောင်း၊ ဟနွိုင်းမြို့တွင် ခရီးသွားဧည့်သည် တစ်သန်းခန့် စံချိန် တင်ရောက်ရှိခဲ့ပြီး ၆ ရာခိုင်နှုန်းတိုးလာကြောင်းဖော်ပြထားပါသည်။
ဗီယက်နမ်နိုင်ငံ၏ နှစ်သစ်ကူးကာလ ဇန်နဝါရီလ ၂၅ ရက်မှ ဖေဖော်ဝါရီ ၂ ရက်အတွင်း ခရီးသွားလုပ်ငန်းမှ ဝင်ငွေအများဆုံးရရှိသည့်ဒေသများတွင် ဒါနန်းမြို့သည် ဝင်ငွေ ၁.၈၈ ထရီလီယံ ရရှိပြီး ၁၉ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါကာလအတွင်း ဒါနန်းမြို့သို့ ပြည်တွင်းလေကြောင်းခရီးစဉ် ပျံသန်းမှု ၇၀ ရာခိုင်နှုန်း တိုးလာပြီး နိုင်ငံတကာလေကြောင်းခရီးစဉ် ၄၅ ရာခိုင်နှုန်းတိုးလာကြောင်းနှင့် ၎င်းသည် ဝင်ငွေကို သိသိသာသာတိုးမြှင့်မှုကို အထောက်အကူဖြစ်စေကြောင်းဖော်ပြထားပါသည်။
ဗီယက်နမ်နိုင်ငံရှိ ခရီးသွားလုပ်ငန်းမှ ဝင်ငွေ ဗီယက်နမ်ဒေါင် ၁ ထရီလီယံကျော်ရရှိသော အခြားဒေသများမှာ ကင်ဇမ်း(ဖူးကွပ်ခ်ကျွန်း)၊ ကွမ်နင်း (ဟာလောင်း)၊ ခန်းဝါ (ညချမ်း) ၊ လာအိုကိုင် (Sa Pa) နှင့် နင်းဘင် ပြည်နယ်များဖြစ်ကြောင်း ဖော်ပြထားသည်။
ပြည်တွင်းခရီးသွားအနေဖြင့် ၁၂.၅ သန်းခန့်ရှိပြီး ၁၉ ရာခိုင်နှုန်းတိုးမြှင့်လာကြောင်းနှင့် ကောင်းမွန်သော ဗီဇာမူဝါဒများနှင့် ထိရောက်သောခရီးသွားမြှင့်တင်ရေး အစီအစဉ်များကြောင့် နိုင်ငံခြားခရီးသွားဧည့်သည် အရေအတွက်မှာလည်း ၃၀ ရာခိုင်နှုန်းတိုးမြင့်လာကြောင်း ဖော်ပြ ထားပါသည်။
Source: VN Express International
(စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ဟနွိုင်းမြို့)