ဗီယက်နမ်နိုင်ငံနှင့် မလေးရှားနိုင်ငံတို့သည် ကမ္ဘာ့အကြီးဆုံးဒူးရင်းဈေးကွက်ဝေစုအတွက် ထိုင်းနှင့် ယှဉ်ပြိုင်နေချိန်တွင် တရုတ်နိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် ဒူးရင်းသီး အမေရိကန်ဒေါ်လာ ၆.၉၉ ဘီလီယံစံချိန်တင် တင်သွင်းခဲ့ကြောင်း VN Express International အွန်လိုင်းသတင်း ဖော်ပြချက်အရ သိရှိရပါသည်။
၎င်းသည် ၂၀၂၃ ခုနှစ်ထက် တန်ဖိုး ၄.၁ ရာခိုင်နှုန်းတိုးလာပြီး သွင်းကုန်ပမာဏအားဖြင့် ၉.၄ ရာခိုင်နှုန်းမြင့်တက်လာကာ ၁၅.၆ ဘီလီယံ (တန်ချိန် ၁၅.၆ သန်း) တိုးလာခဲ့ကြောင်း South China Morning Post က ဖော်ပြခဲ့ပါသည်။
ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံသို့ ဒူးရင်းသီးအများဆုံးတင်သွင်းသူဖြစ်ပြီး ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ ၄ ဘီလီယံရှိသော်လည်း ယခင်နှစ်ထက် ၁၂ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ စက်မှုစိုက်ခင်းများအပေါ် အလွန်အကျွံမှီခိုအားထားမှု၊ အပူလွန်ကဲမှုကြောင့် ထုတ်လုပ်မှု နည်းပါးခြင်းနှင့် အရည်အသွေးဆိုင်ရာပြဿနာများကြောင့် ၂၀၂၃ ခုနှစ်တွင် ၎င်း၏ ဈေးကွက် ဝေစုသည် ၆၈ ရာခိုင်နှုန်းမှ ၅၇ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့ကြောင်း ဖော်ပြထားပါသည်။
ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံသို့ ဒူးရင်းသီးတင်သွင်းမှု ဒုတိယအကြီးဆုံးဖြစ်ပြီး ဗီယက်နမ် နိုင်ငံနှင့် ပြိုင်ဆိုင်မှုပြင်းထန်နေခဲ့ပါသည်။ ဗီယက်နမ်နိုင်ငံ၏ တင်ပို့မှုမှာ ၃၇.၅၆ ရာခိုင်နှုန်း တိုးလာကာ ၂၀၂၃ ခုနှစ်တွင် ၃၃ ရာခိုင်နှုန်းမှ ဈေးကွက်ဝေစု ၄၁.၅ ရာခိုင်နှုန်းသို့ တိုးလာခဲ့ ကြောင်း ဖော်ပြထားပါသည်။
မလေးရှားနိုင်ငံသည် ပြီးခဲ့သည့်ဇွန်လက တရုတ်နိုင်ငံသို့ ဒူးရင်းသီး လတ်လတ်ဆတ်ဆတ် တင်ပို့ရန် ခွင့်ပြုချက်ရရှိခဲ့ပြီး ဩဂုတ်လတွင် ပထမအသုတ်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅.၆ သန်း ရရှိခဲ့ပါသည်။ မလေးရှားနိုင်ငံမှ လတ်ဆတ်သော ဒူးရင်းများကို ပရီမီယံထွက်ကုန်အဖြစ် သတ်မှတ်ခဲ့ရပြီး အခြားအရှေ့တောင်အာရှ တင်သွင်းသူများထံမှ တင်သွင်းမှုထက် ဈေးနှုန်းပိုမို မြင့်မားသည်ဟု စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးဝန်ကြီး Datuk Seri Mohamad Sabu ပြောကြားချက်အား မလေးရှားသတင်းစာ The Star တွင် ဖော်ပြခဲ့ကြောင်း သိရှိရပါသည်။
တရုတ်နိုင်ငံသို့ လတ်ဆတ်သော ဒူးရင်းသီးများကို တင်ပို့လျက်ရှိသည့် ဖိလစ်ပိုင်နိုင်ငံသည် ပြီးခဲ့သည့်နှစ်အတွင်း အမေရိကန်ဒေါ်လာ ၃၂.၅ သန်းတန်ဖိုးရှိသစ်သီးများကို တင်ပို့ခဲ့ပြီး ၂၀၂၃ ခုနှစ်ထက် ၁၄၄.၄ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်းဖော်ပြထားသည်။
အင်ဒိုနီးရှားနိုင်ငံသည် လတ်ဆတ်သော ဒူးရင်းသီးများကို တရုတ်နိုင်ငံသို့ တိုက်ရိုက် တင်ပို့ခွင့် ရရှိရေးဆောင်ရွက်လျက်ရှိပြီး အဆိုပါကုန်သွယ်မှုသည် ၁၂၈.၇ ထရီလီယံ(အမေရိကန် ဒေါ်လာ ၇.၈၈ ဘီလီယံ)အထိ ရောက်ရှိနိုင်မည်ဟု တာဝန်ရှိသူများက ခန့်မှန်းထားသည်။ ပြီးခဲ့သောလတွင် စားနပ်ရိက္ခာရေးရာ ညှိနှိုင်းရေးဝန်ကြီး Zulkifli Hasan က သိသာထင်ရှားသော ကုန်သွယ်မှုအခွင့်အလမ်းအတွက် အရှိန်မြင့်ရန်ကြိုးပမ်းနေသည်ဟု ပြောကြားခဲ့ကြောင်း ဖော်ပြ ထားပါသည်။
လာအိုနိုင်ငံသည် ထွန်းသစ်စဒူးရင်းလုပ်ငန်းဖြင့် တရုတ်ဒူးရင်းဈေးကွက်၏ တစ်စိတ် တစ်ပိုင်းကို သိမ်းပိုက်ရန် ကြိုးပမ်းလျက်ရှိပါသည်။ လာအိုစိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Bounchanh Kombounuasith က ဈေးကွက်ဝင်ရောက်ခွင့်စာရွက်စာတမ်းများအတွက် ပြင်ဆင် မှုများ ဆောင်ရွက်လျက်ရှိပြီး မကြာမီ လာအိုဒူးရင်းသီးများကို တရုတ်နိုင်ငံသို့ တင်ပို့တော့မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု နိုင်ငံပိုင်တရုတ်သတင်းစာတစ်စောင်မှ စက်တင်ဘာလ အတွင်းက ဖော်ပြခဲ့ပါသည်။
လာအိုတောင်ပိုင်းရှိ Bolaven ကုန်းပြင်မြင့်တွင် ဒူးရင်းပင် ၅၀,၀၀၀ စိုက်ပျိုးနေသည့် Jinguo လုပ်ငန်းရှင် Tao Jian ၏ အဆိုအရ ဒေသ၏စိုက်ပျိုးမြေသည် ဒူးရင်းစိုက်ပျိုးခြင်းအတွက် အကောင်းဆုံးဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
မလေးရှားနိုင်ငံနှင့် ဒေသထွက်မျိုးစေ့များ ပေါင်းစပ်ခြင်းဖြင့် အရည်အသွေးမြင့် ဒူးရင်းသီး များရရှိခဲ့ကြောင်း၊ ထိုင်း၊ ဗီယက်နမ်နှင့် မလေးရှားတို့နိုင်ငံများနောက်တွင် လာအိုနိုင်ငံသည် မကြာမီ ကမ္ဘာ့စတုတ္ထအကြီးဆုံး ဒူးရင်းထုတ်လုပ်သူဖြစ်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု ၎င်းက Nikkei Asia သို့ ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။
လာအိုနိုင်ငံ၏ ဒူးရင်းလုပ်ငန်းသည် အလားအလာကောင်းများရှိနေသော်လည်း တင်ပို့သူ များအနေဖြင့် တရုတ်နိုင်ငံသို့ ပို့ကုန်တင်ပို့ရာတွင် သိသာထင်ရှားသော စိန်ခေါ်မှုများနှင့် ရင်ဆိုင် နေရပါသည်။ အရည်အသွေးနှင့် ပတ်သက်သည့် စိုးရိမ်မှုများထွက်ပေါ်လာပြီး အချို့သော ဈေးကွက်သို့ တင်ပို့ရောင်းချမှုတွင် ကျန်းမာရေးကိုအန္တရာယ်ဖြစ်စေမည့် ကက်မီယံ ပမာဏ လွန်ကဲမှုကြောင့် ပြီးခဲ့သည့်နှစ်အတွင်း တင်ပို့မှုအချို့ကို ငြင်းပယ်ခဲ့ပါသည်။
မကြာသေးမီက တရုတ်နိုင်ငံ၏ ဒူးရင်းသီးများတင်သွင်းရန် လိုအပ်ချက်များ တင်းကြပ်ခဲ့ ခြင်းကြောင့် အရှေ့တောင်အာရှ၏ အဓိကဒူးရင်းထုတ်လုပ်သူများဖြစ်သည့် ထိုင်းနှင့် ဗီယက်နမ် တို့၏ ထောက်ပံ့ရေးကွင်းဆက်များတွင် သိသိသာသာ အနှောင့်အယှက်များဖြစ်ပေါ်စေခဲ့သည်။ အထူးသဖြင့် ပြီးခဲ့သည့်နှစ်နှောင်းပိုင်းအတွင်း ထိုင်းနိုင်ငံမှ တင်ပို့မှုအချို့တွင် အခြေခံအဝါရောင် ၂ ဓါတ်အား တွေ့ရှိခဲ့ပြီးနောက် သွင်းကုန်စံချိန်စံနှုန်းများ ရုတ်တရက် ပြောင်းလဲသွားခဲ့ခြင်း ဖြစ်ပါသည်။ ထိုကဲ့သို့ သွင်းကုန်စံနှုန်းများပြောင်းလဲခြင်းကြောင့် ပို့ကုန်လုပ်ငန်းရှင်များအတွက် အချိန်မီပြင်ဆင်ရန်စိန်ခေါ်မှုများ ဖြစ်စေခဲ့ပါသည်။
တရုတ်နိုင်ငံသို့ ဒူးရင်းသီးများ ထောက်ပံ့ပေးနေသည့်နိုင်ငံများသည် ပိုမိုများပြားလာသည် နှင့်အမျှ ဒူးရင်းထုတ်လုပ်သူများအနေဖြင့် ဝယ်လိုအား ပိုလျှံမှုအန္တရာယ်ကို သတိထားနေကြ ရကြောင်းဖော်ပြထားသည်။
မလေးရှားအခြေစိုက် စိုက်ပျိုးရေးနည်းပညာပံ့ပိုးသူ Terry Lin က လက်ရှိတွင် ဒူးရင်း ရွှေခတ်ကို ရောက်ရှိနေပြီးဖြစ်သော်လည်း ဒူးရင်းများ အဆမတန်ရောင်းချမှုကြောင့် အရှိန်အဟုန် နှေးကွေးသွားနိုင်ပြီး လာမည့် ၅ နှစ်အတွင်း ငွေခတ်သို့ ရောက်ရှိသွားနိုင်ကြောင်း၊ အကြောင်း အရင်းမှာ ဒူးရင်းကဲ့သို့သော လတ်ဆတ်သောသစ်သီးဝလံများ၏ သက်တမ်းတိုခြင်းကြောင့် ဖြစ်ပြီး သိုလှောင်မှုစီမံခန့်ခွဲမှုသည် ထုတ်လုပ်သူများနှင့် တင်ပို့သူများအတွက် စိန်ခေါ်မှု တစ်ရပ် ဖြစ်စေကြောင်း ဖော်ပြထားပါသည်။
Source: VN Express International
(စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ဟနွိုင်းမြို့)