Local News

Promoting Myanmar Exports to the European Union (EU) ဆွေးနွေးပွဲကျင်းပ

Last Updated:

Promoting Myanmar Exports to the European Union (EU) ဆွေးနွေးပွဲကို ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ Sedona Hotel၊ ၁၁ လွှာရှိ အင်းယားခန်းမတွင် ယခုလ (၂) ရက်က ကျင်းပပြုလုပ်ခဲ့ပါသည်။ မြန်မာနိုင်ငံမှ အလားအလာရှိသော ထုတ်ကုန်များကို ဥရောပစျေးကွက်သို့ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေးအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရပါသည်။ ဆွေးနွေးပွဲကို GIZ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် မှ ကမကထပြု ကျင်းပခြင်းဖြစ်ပါသည်။ ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို နံနက် ၉ နာရီ ၁၅ မိနစ်ခန့်တွင် စတင်ခဲ့ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ Delegation of the European Union to Myanmar ၏ Head of Cooperation ဖြစ်သူ Dr. Johann Hesse ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံးမှ Counsellor နှင့် Head of Development Cooperation ဖြစ်သူ Dr. Katharina Spiess တို့ကလည်း အသီးသီး အမှာစကားများ ပြောကြားခဲ့ကြပြီး နံနက် ၉ နာရီ ၅၀ မိနစ်ခန့်တွင် ဖွင့်ပွဲအခမ်းအနားပြီးဆုံးခဲ့ပါသည်။

ဆွေးနွေးပွဲကို အဓိက အပိုင်း (၂) ပိုင်းခွဲ၍ ကျင်းပပြုလုပ်ခဲ့ရာ ဆွေးနွေးပွဲ ပထမပိုင်းတွင် ဥရောပသမဂ္ဂစျေးကွက်သို့ ပို့ကုန်မြှင့်တင်ရေးဆိုင်ရာ အခွင့်အလမ်းနှင့် စိန်ခေါ်မှုများအကြောင်း အဓိကဆွေးနွေးခဲ့ပါသည်။ International Trade Consultant ဖြစ်သူ Minke Vorstenbosch က Export potential of Myanmar products to the EU ခေါင်းစဉ်ဖြင့်လည်းကောင်း၊ International Trade Consultant ဖြစ်သူ Aleksandar Jovanovic က Challenges of exporting to the EU ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဥရောပသမဂ္ဂသို့ မြန်မာနိုင်ငံမှထုတ်ကုန်ပစ္စည်းများတင်ပို့ရောင်းချရာတွင် တွေ့ကြုံရသောအခွင့်အလမ်းနှင့် စိန်ခေါ်မှုများနှင့်ပတ်သက်၍ စားပွဲဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပခဲ့ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုး၊ မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမာန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP)၊ မန္တလေးသရက်သီးအစုအဖွဲ့၏ ဒုတိယဥက္ကဌ ဒေါ်သန်းသန်းဆွေ၊ မြန်မာနိုင်ငံရေထွက်ကုန်ထုတ်လုပ်သူများနှင့် တင်ပို့ရောင်းချသူများအသင်း (MPEA) အတွင်းရေးမှူး၊ ဦးမျိုးညွှန့်၊ Delegation of German Industry and Commerce in Myanmar ၏ Head of Projects and Services ဖြစ်သူ Sophie Waldschmidt နှင့် International Trade Consultant ဖြစ်သူ Aleksandar Jovanovic က အပြန်အလှန်ဆွေးနွေးပြောကြားခဲ့ကြပြီး၊ ဆွေးနွေးပွဲ Moderator အဖြစ် ဒေါ်သက်စုလှိုင်က ဆောင်ရွက်ခဲ့ပြီး မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် ဆွေးနွေးပွဲပထမပိုင်း ပြီးစီးခဲ့ကြောင်း သိရပါသည်။

ဆွေးနွေးပွဲ ဒုတိယပိုင်းကို မွန်းလွဲ ၂ နာရီတွင်  ပြန်လည်စတင်ခဲ့ကာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက Reforms in trade facilitation အကြောင်း၊ မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဒုတိယဥက္ကဌ ဒေါက်တာမောင်မောင်လေးက Key challenges of the private sector ကိုလည်းကောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်ရွှေစင်ဦးက EU Registered Exporters (REX) and Certificate of Origin (CofO) Online Application systems အကြောင်းကိုလည်းကောင်း အသီးသီးဆွေးနွေးပြောကြားခဲ့ကြပါသည်။ တက်ရောက်လာသူများက ၎င်းတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲကို ညနေ ၃ နာရီ ၃၀ မိနစ်တွင် ရုပ်သိမ်းခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များနှင့် စီးပွားရေးလုပ်ငန်းရှင်များ၊ NGO/ INGO များမှ စုစုပေါင်း (၈၀) ဦးကျော်တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

Category: Local News