International News

ဝန်ကြီးဌာနအနေဖြင့်ယခုနှစ်နောက်ဆုံးနှစ်လအတွက်ပို့ကုန်တင်ပို့မှုအပေါ်တက်ကြွလျှက်ရှိခြင်း

Last Updated:

အောက်တိုဘာလတွင် ထိုင်းပို့ကုန်တင်ပို့မှုသည် နှစ်အလိုက်တွင် (၁၇.၄%) တိုးတက်ခဲ့ပြီး ယခုနှစ်အတွက် (၁၅-၁၆%) တိုးတက်နိုင်ကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ယုံကြည်လျှက်ရှိနေပြီး ဝန်ကြီးဌာနက ရည်မှန်းထားသည်ထက် (၄%) ပိုမိုမြင့်မားနိုင်ကြောင်း သိရှိရပါသည်။ 

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှုမူဝါဒနှင့် မဟာဗျူဟာရုံး ညွှန်ကြားရေးမှူးချုပ် Ronnarong Phoolpipat ၏အဆိုအရ ယခုနှစ် ကျန်ရှိ သော (၂) လအတွက် ပို့ကုန်တင်ပို့မှုအနေဖြင့် တစ်လလျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ (၂၂) ဘီလီယံရရှိရန် မျှော်မှန်းထားကြောင်း၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလ တို့အတွက် ပို့ကုန်တိုးတက်မှုနှုန်းမှာ ယမန်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက (၁၇%) အထိ တိုးတက်နိုင်သည်ဟု ခန့်မှန်းထားကြောင်း သိရှိရပါသည်။

တစ်နှစ်ပတ်လုံးအတွက် ပို့ကုန်တိုးတက်မှု (၁၅-၁၆%) ရရှိနိုင်ပြီး အမေရိကန်ဒေါ်လာ (၂၆၆.၃၇-၂၆၈.၆၉) ဘီလီယံရရှိနိုင်ကြောင်း၊ ၎င်းမှာ (၁၂) နှစ်တာကာလ အတွင်း အမြင့်မားဆုံးတိုးတက်မှုဖြစ်ကြောင်း၊ ၎င်းမှာ အချို့သော ပို့ကုန်များတင်ပို့မှုကြောင့်ဖြစ်ပြီး အမေရိကန်ဈေးကွက်သို့တင်ပို့သည့် ကျောက်မျက်နှင့် လက်ဝတ် ရတနာများ၊ တယ်လီဗေးရှင်းစက်များကဲ့သို့သော ပို့ကုန်များနှင့် ဂျပန်ဈေးကွက်သို့ တင်ပို့သည့် ပြုပြင်ထားသောကြက်သားနှင့် စက်ပစ္စည်းတို့မှာ ကျဆင်းလျှက်ရှိနေ ကြောင်းသိရှိရပါသည်။

အောက်တိုဘာလတွင် အကောက်ခွန်ရှင်းလင်းပြီး ပို့ကုန်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ (၂၂.၇၃) ဘီလီယံရှိပြီး (၃၂.၉၈%) တိုးတက်ခဲ့ကြောင်း၊ သွင်းကုန်တင်သွင်းမှု မှာလည်း (၃၄.၆%) တိုးတက်ခဲ့ပြီး  အမေရိကန်ဒေါ်လာ (၂၃.၁၀) ဘီလီယံရှိကြောင်း၊ ရလဒ်အနေဖြင့် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ (၃၇၀.၂) သန်းရှိခဲ့ ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။ 

ပို့ကုန်တိုးတက်မှုမှာ (၈) လမြောက်ဆက်တိုက် ပို့ကုန်တိုးတက်မှုဖြစ်ကြောင်း၊ ဖေဖေါ်ဝါရီလတွင် ပို့ကုန် (၂.၅၉%) ကျဆင်းခဲ့ပြီးသည့်နောက်၊ မတ်လတွင် (၈.၄၇%)၊ ဧပြီတွင် (၁၃.၁%)၊ မေလတွင် (၄၁.၆%) နှင့် ဇွန်လတွင် (၄၃.၈%)၊ ဇူလိုင်လတွင် (၂၀.၃%)၊ ဩဂုတ်လတွင် (၈.၃၉%)၊ စက်တင်ဘာလတွင် (၁၇.၁%) တိုးတက်ခဲ့ပြီးနောက် အောက်တိုဘာလတွင် (၈) မြောက်လအဖြစ် ဆက်တိုက်တိုးတက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ရွှေ၊ ရေနံနှင့် ဆက်စပ်ပစ္စည်းများနှင့် လက်နက်တို့မပါဝင်ဘဲ အခြားပို့ကုန်ပစ္စည်းများ တင်ပို့မှုအနေဖြင့် ဩဂုတ်လတွင် (၁၉.၄%) နှင့် စက်တင်ဘာလတွင် (၁၄.၈%) တိုးတက်ခဲ့ပြီးနောက် အောက်တိုဘာလတွင် (၁၂.၂%) တိုးတက်ခဲ့ကြောင်း သိရှိရပါသည်။ ယခုနှစ်ပထမ (၁၀) လအတွက် ပို့ကုန်တင်ပို့မှုမှာ (၁၇.၇%) တိုးတက်ခဲ့ပြီး အမေရိကန်ဒေါ်လာ (၂၂၂.၇၃) ဘီလီယံရရှိခဲ့ပြီး သွင်းကုန်တင်သွင်းမှုမှာ (၃၁.၃%) တိုးတက်ခဲ့ပြီး အမေရိကန်ဒေါ်လာ (၂၂၁.၀၈) ဘီလီယံရှိခဲ့ကြောင်း၊ ရလဒ်အနေဖြင့် ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ (၁.၆၄) ဘီလီယံရှိခဲ့ကြောင်း သိရှိရပါသည်။

အောက်တိုဘာလတွင် တိုးတက်တင်ပို့ခဲ့သော ပို့ကုန်များတွင် ဆန်၊ ပီလောပီနံ ထုတ်ကုန်၊ ရာဘာ၊ ဆီအုန်း၊ သကြား၊ တိရစ္ဆာန်အစာ၊ စသည့် လယ်ယာထွက်ကုန်နှင့် စားသောက်ကုန်များ၊ ဟင်းခတ်အမွှေးအကြိုင်၊ အိမ်မှနေရင်းအလုပ်လုပ်သည့်ပစ္စည်းများ၊ ကွန်ပျူတာများနှင့် အစိတ်အပိုင်းများ၊ ရေဒီယိုနှင့် တယ်လီဗေးရှင်းဖမ်းစက် များနှင့် အစိတ်အပိုင်းများ၊ မိုက်ကရိုဝေ့မီးဖို၊ လေအေးပေးစက်များနှင့် အစိတ်အပိုင်းများ၊ တယ်လီဖုန်းနှင့် အစိတ်အပိုင်းများ စသည့် အိမ်အသုံးအဆောင်ပစ္စည်းများ ဖြစ်ကြောင်းသိရှိရပါသည်။

အခြားတိုးတက်တင်ပို့နိုင်သော ကုန်ပစ္စည်းများတွင် ဆေးဘက်ဆိုင်ရာပစ္စည်းများ၊ ဆေးဝါးထုတ်ကုန်များကဲ့သို့သော ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးပစ္စည်းများနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းများ၊ သံ၊ သံမဏိနှင့် ၎င်းတို့၏ထုတ်ကုန်များ၊ ဓါတုဗေဒပစ္စည်းများ၊ ပလပ်စတစ်ကုန်ကြမ်း ကော်စေ့များ၊ ရာဘာတာယာများ၊ အီလက် ထရောနစ်ပေါင်းစပ် ဆားကစ်ပစ္စည်းများ၊ စက်ကရိယာအစိတ်အပိုင်းများ၊ မော်တော်ကားနှင့် အစိတ်အပိုင်းများ၊ ရွှေမပါဝင်သည့် ကျောက်မျက်နှင့် လက်ဝတ်ရတနာ များကဲ့သို့သော ဇိမ်ခံပစ္စည်းများဖြစ်ကြောင်း သိရှိရပါသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး မစ္စတာဂျူရင်၏ ပြောကြားချက်အရ အောက်တိုဘာလ ပို့ကုန်တိုးတက်မှုမှာ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၏ တက်ကြွသော ပို့ကုန်မြှင့်တင်ရေးလှုပ်ရှားမှုများ၏ အထောက်အပံ့များ၊ lockdown ဖြေလျှော့ဆောင်ရွက်ပေးခဲ့မှုအစီအမံများ၊ တိုင်းပြည်များ စွာတို့၌ ကာကွယ်ဆေးထိုးနှံမှု မြင့်မားစွာတိုးတက်လာမှု၊ ကမ္ဘာ့စီးပွားရေး ပြန်လည်နာလန်ထူလာမှု၊ ဘတ်ငွေတန်ဖိုးအားနည်းမှုနှင့် ရေနံဈေးမြင့်တက်မှု တို့ကြောင့် ဖြစ်ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Source: Bangkok Post (https://www.bangkokpost.com/business/2219795/commerce-ministry-upbeat-on-exports-in-last-2-months-of-the-year)

Category: International News