India (Delhi)

အိန္ဒိယနိုင်ငံ၏ ပဲတင်သွင်းမှုမူဝါဒ၊ ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်မှုနှင့် မြန်မာ့ပဲမျိုးစုံအား တိုးမြှင့်တင်ပို့နိုင်မည့် အခြေအနေ

Last Updated:

အိန္ဒိယနိုင်ငံ၏ ပဲတင်သွင်းခွင့်ပြုသည့် မူဝါဒ

            အိန္ဒိယနိုင်ငံတွင် ပဲမျိုးစုံအား စိုက်ပျိုးထုတ်လုပ်နိုင်မှုပမာဏထက် စားသုံးမှုပမာဏက ပိုမို လျက်ရှိရာ ပြည်တွင်းဈေးကွက်လိုအပ်ချက်အား ဖြည့်ဆည်းရန်အတွက် အိန္ဒိယလူမျိုးများ အဓိကစားသုံးသည့် ပဲစင်းငုံ၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲလုံးနှင့် ပဲနီလေးစသည့် ပဲအမျိုးအစားများကို ဩစတေးလျ၊ ကနေဒါ၊ တူရကီ၊ မြန်မာနှင့် အာဖရိကဒေသရှိနိုင်ငံများထံမှ နှစ်စဉ်တင်သွင်းလျက် ရှိပါသည်။ သို့ရာတွင် ပြည်တွင်း၌ နှစ်အလိုက်ရာသီဥတုကောင်းမွန်မှုနှင့် စိုက်ပျိုး ထုတ်လုပ်မှုပမာဏအတက်အကျ အခြေအနေတို့အပေါ်မူတည်၍ ပြည်တွင်းရှိထုတ်လုပ်သူများအား အကာအကွယ်ပေးရန်နှင့် ဈေးနှုန်းတည်ငြိမ်မှုကို ထိန်းသိမ်းနိုင်စေရန်အတွက် အိန္ဒိယအစိုးရသည် ပဲစိုက်ပျိုးထုတ်လုပ်တင်ပို့သည့် နိုင်ငံအချို့နှင့် ပဲဝယ်ယူမှုဆိုင်ရာ နှစ်နိုင်ငံနားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုး၍တင်သွင်းခြင်း၊ ၂၀၁၅-၂၀၂၀ နိုင်ငံခြားကုန်သွယ်မှု မူဝါဒအရ ၂၀၁၇ ခုနှစ် မှစတင်၍ ပဲမျိုးစုံအား ကန့်သတ်တင်သွင်းကုန်စည်အဖြစ် သတ်မှတ်၍ ဘဏ္ဍာနှစ်အလိုက်ကိုတာ (Quota) ခွဲတမ်းစနစ်ဖြင့် ပြည်တွင်းလုပ်ငန်းရှင်များအား တင်သွင်းစေခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။

       ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ပဲစင်းငုံတန်ချိန် ၂ သိန်း၊ မတ်ပဲတန်ချိန် ၁.၅ သိန်း၊ ပဲတီစိမ်းတန်ချိန် ၁.၅ သိန်းနှင့် ပဲလုံးတန်ချိန် ၁.၅ သိန်း တို့ကို ၃၁.၃.၂၀၂၀ နေ့နောက်ဆုံးထား၍ အိန္ဒိယနိုင်ငံရှိဆိပ်ကမ်းများသို့အရောက် ခွဲတမ်းစနစ်ဖြင့် တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက ၂၉.၃.၂၀၁၉ နေ့တွင် အမိန့်ကြော်ငြာစာအမှတ် No. S.O. 1478 - 1481(E) ဖြင့် ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါဝန်ကြီးဌာနရှိ ပြည်ပ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် ၁၂.၆.၂၀၁၉ နေ့တွင် ပဲမျိုးစုံတင်သွင်းခွင့်ရရှိသည့် ကုမ္ပဏီများစာရင်းကို ထုတ်ပြန်ပေးခဲ့ပြီး ပဲတင်သွင်းရမည့် ကာလသတ်မှတ်ချက်ကိုလည်း ၃၁.၁၀.၂၀၁၉ နေ့ နောက်ဆုံးထား၍ အိန္ဒိယနိုင်ငံ ဆိပ်ကမ်းသို့အရောက် တင်သွင်းကြရမည်ဖြစ်ကြောင်း ပြင်ဆင်သတ်မှတ်လိုက်ပါသည်။ သို့ရာတွင် အဆိုပါသတ်မှတ်ကာလအတွင်းလိုအပ်သော ပဲတန်ချိန် ပြည့်မီအောင် တင်သွင်းနိုင်မှုမရှိသဖြင့် ကုန်သည်များ၏တောင်းဆိုမှုအရ အိန္ဒိယ အစိုးရသည် ၅.၁၁.၂၀၁၉ နေ့တွင် ကြေညာချက် ထပ်မံထုတ်ပြန်လျက် ပဲစင်းငုံတစ်မျိုးတည်းကိုသာ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့ နောက်ဆုံးထား၍ တင်သွင်းခွင့်ပြုခဲ့သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပဲစိုက်ပျိုးထုတ်လုပ်မှု

          အိန္ဒိယနိုင်ငံ၏ ၁ နှစ်တာကာလ ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှုတွင်  မိုးရာသီကာလ စိုက်ပျိုး မှုမှာ ၄၀% ခန့်ပါဝင်လျက်ရှိပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပဲမျိုးစုံထွက်ရှိမှုမှာ မိုးသီးနှံ၌ တန်ချိန် ၈.၅၉ သန်း နှင့် ဆောင်းသီးနှံတွင် တန်ချိန် ၁၄.၈ သန်း၊ စုစုပေါင်း တန်ချိန် ၂၃.၄ သန်းခန့်ရှိ ကြောင်း တွေ့ရှိရသည်။ အိန္ဒိယ စိုက်ပျိုးရေးနှင့် တောင်သူလယ်သမားများဖူလုံရေး ဝန်ကြီးဌာနမှ ၂၇.၉.၂၀၁၉ နေ့ထုတ်ပြန်သည့် စာရင်းများအရ ၂၀၁၉ ခုနှစ် မုတ်သုံရာသီကာလတွင် ပဲမျိုးစုံ စိုက်ပျိုးပြီးစီးမှုမှာ ဟက်တာ ၁၃၄.၀၂ သိန်းရှိပြီး ပုံမှန်စိုက်ပျိုးဧရိယာထက် ဟက်တာ ၁၄.၁၃ သိန်းခန့်ပိုမိုခဲ့သည်။  မိုးရာသီ၌ ပဲ ၄ မျိုးအား အဓိကစိုက်ပျိုးရာတွင် Kulthi (Horse Gram) ပဲ အမျိုးအစား၏ စိုက်ဧကလျော့နည်းခဲ့ပြီး ကျန်ပဲသုံးမျိုးဖြစ်သည့် ပဲစင်းငုံ၊ မတ်ပဲနှင့် ပဲတီစိမ်းတို့အား ပုံမှန်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း တွေ့ရှိရသည်။

        သို့ရာတွင် ၂၀၁၉ ခုနှစ် မိုးလယ်နှင့် မိုးနှောင်းကာလတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးနစ်မြုပ်မှုများကြောင့် ပြည်နယ် (၁၅) ခု၌ သီးနှံစိုက်ခင်း ဟက်တာ ၆၄ သိန်းခန့် ထိခိုက် ပျက်စီးခဲ့ရာ မတ်ပဲစိုက်ဧကများစွာပါဝင်ပြီး အထွက်နှုန်းကို သိသာစွာလျော့ကျစေခဲ့သည်။ ပဲမျိုးစုံ အဓိကစိုက်ပျိုးသည့် ပြည်နယ် ၄ ခုတွင် စိုက်ခင်းဧရိယာ ဟက်တာ ၄၇ သိန်း ထိခိုက်မှုရှိပြီး သတင်းဌာနများ၏ဖေါ်ပြချက်အရ မိုးရာသီပဲမျိုးစုံစိုက်ပျိုးမှု စုစုပေါင်းဧရိယာအနက် ဟက်တာ ၁၁ သိန်းခန့် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။ အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနက ၂၀၁၉ ခုနှစ် မိုးသီးနှံစိုက်ပျိုးထွက်ရှိနိုင်မည့် ကနဦးကြိုတင်ခန့်မှန်းချက်ကို ၂၃.၉.၂၀၁၉ နေ့တွင် ထုတ်ပြန်ခဲ့ရာ ပဲမျိုးစုံထွက်ရှိနိုင်မှုမှာ တန်ချိန် ၈.၂၃ သန်း ရှိပြီး ယခင်နှစ်ထုတ်လုပ်မှုအောက် ၄.၁၉% ခန့်လျော့ နည်းမည် ဖြစ်ပါသည်။ မိုးရာသီ ပဲမျိုးစုံစိုက်ပျိုးမှုတွင် ပဲစင်းငုံတန်ချိန် ၃.၅၄ သန်း၊ မတ်ပဲတန်ချိန် ၂.၄၃ သန်းနှင့် ပဲတီစိမ်းတန်ချိန် ၁.၄၂ သန်းခန့် ထွက်ရှိမည်ဟု ခန့်မှန်းထားပြီး အိန္ဒိယနိုင်ငံ အလယ်ပိုင်းနှင့် အနောက်ပိုင်းဒေသများတွင် စိုက်ခင်းများရေနစ်မြုပ်မှုကြောင့် မတ်ပဲထုတ်လုပ်မှု သည် ယခင်နှစ်အောက် ၅.၀၇% ခန့် လျော့ကျဖွယ်ရှိကြောင်း ခန့်မှန်းထားသည်။ ကုန်သည် အသိုင်းအဝိုင်းကမူ မတ်ပဲ မိုးသီးနှံစိုက်ပျိုးမှုမှာ ယခင်နှစ်အောက် အထွက်နှုန်း ၂၀% ခန့်အထိ လျော့ကျဖွယ်ရှိကြောင်း ခန့်မှန်းထားပါသည်။

         အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာန၏ ၃၁.၁.၂၀၂၀ နေ့ ထုတ်ပြန်သည့် ဆောင်းသီးနှံ စိုက်ပျိုး ပြီးစီးမှု စာရင်းဖော်ပြချက်အရ ၎င်းနေ့ရက်အထိ ဆောင်းသီးနှံ ပဲမျိုးစုံ ဟက်တာ ၁၆၁.၁၇ သိန်း စိုက်ပျိုးထားရှိပြီး ပုံမှန်စိုက်ပျိုးဧရိယာထက် ဟက်တာ ၁၅.၁၇ သိန်းခန့်ပိုမိုခဲ့သည်။ ဆောင်းရာသီ ၌ ပဲ ၇ မျိုးအား အဓိကစိုက်ပျိုးရာတွင် ကုလားပဲ၊ ပဲနီလေး၊ စားတော်ပဲစိမ်းနှင့် Kulthi ပဲတို့ကို ပိုမို စိုက်ပျိုးနိုင်ခဲ့သော်လည်း မတ်ပဲနှင့် ပဲတီစိမ်း စိုက်ပျိုးမှုမှာ ပုံမှန်ထက် ဟက်တာ ၀.၉၈ သိန်းနှင့် ၃.၉၁ သိန်း အသီးသီး လျော့နည်းခဲ့ကြောင်း တွေ့ရှိရသည်။

     သို့ဖြစ်၍ အိန္ဒိယအစိုးရသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်အတွက် မတ်ပဲတင်သွင်းခွင့် ခွဲတမ်းသတ်မှတ်ချက်ကို မူလက တန်ချိန် ၁.၅ သိန်း သတ်မှတ်ထားရာမှ နောက်ထပ်တန်ချိန် ၂.၅ သိန်းကို တိုးမြှင့်တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်းနှင့် အဆိုပါ ထပ်တိုးမတ်ပဲ တင်သွင်းခွင့်ရရှိသည့် ကုမ္ပဏီများသည် အိန္ဒိယဆိပ်ကမ်းသို့ ၃၁.၃.၂၀၂၀ နေ့ အရောက် တင်သွင်းရမည်ဖြစ်ကြောင်းဖြင့် ၁၉.၁၂.၂၀၁၉ နေ့တွင် ကုန်သွယ်ရေးအသိပေးချက် Trade Notice No. 43/2019-2020 ကို ထုတ်ပြန်ခဲ့ပါသည်။

 

ပဲမျိုးစုံတင်သွင်းမှုအကောက်ခွန်နှုန်းထားများ

          အိန္ဒိယအကောက်ခွန်ဌာန၏ ၁.၉.၂၀၁၉ နေ့ရှိ သွင်းကုန်အခွန် သတ်မှတ်နှုန်းထားများအရ စားတော်ပဲလုံး (Pea) နှင့် ပဲနီလေး (Lentils) တင်သွင်းမှုအပေါ် ၅၀%၊ ကုလားပဲအုပ်စုဝင်ပဲများ အပေါ် ၆၀% နှင့် အခြားသောပဲများအပေါ် ၃၀% အခွန်ကောက်ခံကြောင်း သိရှိရပါသည်။ အထူး အခွင့်အရေးပေးသည့် ဒေသများ (Preferential Areas) မှ တင်သွင်းခြင်းဖြစ်ပါက စားတော်ပဲလုံး အပေါ် ၄၀% နှင့် ကျန်ပဲများအပေါ် ၂၀% သွင်းကုန်အခွန် ကောက်ခံလျက်ရှိသည်။

ပဲဝယ်ယူမှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးဆောင်ရွက်မှု

          အိန္ဒိယနိုင်ငံသည် အာဖရိကရှိ ပဲစင်းငုံစိုက်ပျိုးထုတ်လုပ်သည့် မိုဇမ်ဘစ်နိုင်ငံနှင့် နှစ်နိုင်ငံ အကြား ပဲမျိုးစုံဝယ်ယူမှုဆိုင်ရာ နားလည်မှုစာချွန်လွှာ တစ်စောင်ကို ၂၀၁၆ ခုနှစ် ဇူလိုင်လတွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ ၅ နှစ်တာသက်တမ်းရှိသော ၎င်းနားလည်မှုစာချွန်လွှာအရ အိန္ဒိယ နိုင်ငံသည် B2B, G2G ဝယ်ယူမှုစနစ်များဖြင့် မိုဇမ်ဘစ်နိုင်ငံထံမှ ပဲစင်းငုံတန်ချိန် ၁ သိန်းကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ စတင်၍ နှစ်စဉ်အရေအတွက်တိုးမြှင့် ဝယ်ယူခဲ့သည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် မိုဇမ်ဘစ်နိုင်ငံထံမှ ဝယ်ယူတင်သွင်းမည့် ပဲစင်းငုံပမာဏမှာ တန်ချိန် ၁.၇၅ သိန်းဖြစ်ပြီး ၃.၂.၂၀၂၀ နေ့အထိ ၁၆၅၂၉၂.၇ တန် တင်သွင်းထားပြီးဖြစ်သည်။ လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အဆိုပါနိုင်ငံထံမှ ပဲစင်းငုံ တန်ချိန် ၂ သိန်းကို တင်သွင်းမည်ဖြစ်သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပဲမျိုးစုံတင်သွင်းပြီးစီးမှု

          အိန္ဒိယနိုင်ငံသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း  ပဲမျိုးစုံတန်ချိန် ၂၅.၉၆ သိန်း၊ တန်ဖိုး အားဖြင့် အမေရိကန်ဒေါ်လာ  ၁၁၇၆.၉၈  သန်းတင်သွင်းခဲ့ရာတွင် မြန်မာနိုင်ငံမှ ပဲမျိုးစုံတန်ချိန် ၇.၀၉ သိန်း (စုစုပေါင်းတင်သွင်းသည့် ပဲတန်ချိန်ပမာဏ၏  ၂၇.၃၁% )၊ တန်ဖိုးအားဖြင့် အမေရိ ကန် ဒေါ်လာသန်း ၃၇၀ ပါဝင်ခဲ့ပါသည်။ အိန္ဒိယနိုင်ငံ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီး ဌာနမှ ထုတ်ပြန်သည့် စာရင်းများအရ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဧပြီလမှ ဒီဇင်ဘာလအထိ  ၉ လအတွင်း ပဲမျိုးစုံတန်ချိန် ၂၄.၆၆ သိန်း (တန်ဖိုးအမေရိကန်ဒေါ်လာ ၁၁၉၇ သန်း) အား တင်သွင်း ထားရှိပြီးဖြစ်ပါသည်။ ၎င်းပမာဏအနက် မြန်မာနိုင်ငံမှ ပဲမျိုးစုံ တင်သွင်းမှုမှာ တန်ချိန် ၃၈၂၂၇၇  (၁၅.၅၀% ခန့်) တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၂၅၂ သန်းရှိပြီဖြစ်ပါသည်။ အသေးစိတ် စာရင်းအား နောက်ဆက်တွဲဖြင့် ဖော်ပြထားပါသည်။

မြန်မာ့ပဲမျိုးစုံ တိုးမြှင့်တင်ပို့နိုင်ရေး ဆောင်ရွက်မှု

          အိန္ဒိယနှင့်မြန်မာ နှစ်နိုင်ငံအကြား ကုန်သွယ်မှုတိုးမြှင့်ရာတွင် မိမိနိုင်ငံမှ စိုက်ပျိုးထွက်ရှိ သည့် ပဲမျိုးစုံအား အိန္ဒိယဈေးကွက်သို့ တိုးတက်တင်ပို့နိုင်ရေးသည် မြန်မာနိုင်ငံအတွက် အဓိက ကျသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ သို့ဖြစ်ရာ အိန္ဒိယအစိုးရက ပဲမျိုးစုံအား ကန့်သတ် တင်သွင်းကုန်စည်အဖြစ် သတ်မှတ်၍ ကိုတာခွဲတမ်းစနစ်ဖြင့် တင်သွင်းခွင့်ပြုခြင်းကို စတင် ဆောင်ရွက်ခဲ့သည့် နောက်ပိုင်း၌ မြန်မာနိုင်ငံဘက်မှ အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍနှစ်ရပ်လုံးက အိန္ဒိယပဲဈေးကွက်သို့ ဝင်ရောက်နိုင်မှု ခိုင်မာအားကောင်းစေရေးအတွက် ပိုမိုတွန်းအားပေး ဆောင်ရွက်လျက်ရှိသည်။ မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံအစိုးရ အဖွဲ့အစည်းများအကြား ပဲမျိုးစုံ ရောင်းဝယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အဆိုပြုသဘောတူစာချုပ်မူကြမ်းကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာနနှင့် ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနတို့ထံ ပေးပို့ခဲ့ပြီး ညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။

          ၂၀၁၉-၂၀၂၀ ခုနှစ် ဆောင်းရာသီတွင် စိုက်ပျိုးထားရှိပြီး မတ်လ လဆန်းပိုင်းခန့်၌ ထွက်ရှိ မည့် မြန်မာနိုင်ငံမှမတ်ပဲများအား အိန္ဒိယ ပြည်ပကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ကာလ သတ်မှတ်ချက်နှင့်အညီ အိန္ဒိယနိုင်ငံရှိ ဆိပ်ကမ်းသို့အရောက်တင်ပို့နိုင်ရန် ခက်ခဲမှုအပေါ် အချိန်ကာလတစ်ရပ် တိုးမြှင့်ပေးရေး စဉ်းစားဆောင်ရွက်ပေးပါရန် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအတွင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်မှ ရန်ကုန်မြို့ရှိ အိန္ဒိယနိုင်ငံ သံအမတ်ကြီးထံသို့ မေတ္တာရပ်ခံစာ ပေးပို့ခဲ့ပါသည်။ ထို့အပြင် ၎င်းစာမိတ္တူအား အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနသို့လည်း မြန်မာသံရုံး၊ နယူးဒေလီမြို့မှတစ်ဆင့် ပေးပို့ထားပါသည်။

          မြန်မာသံရုံးမှ အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနရှိ အာဆီယံဌာနခွဲသို့ အလွတ်သဘော ဆက်သွယ်မေးမြန်းဆွေးနွေးမှုများအရ အဆိုပါဝန်ကြီးဌာန အနေဖြင့် မြန်မာ နိုင်ငံမှ စိုက်ပျိုးထွက်ရှိသည့် မတ်ပဲများအား ကာလတိုးမြှင့်တင်သွင်းခွင့်ပြုနိုင်ရေး ၂၀၂၀ ပြည့်နှစ် မေလ အထိ အချိန်တိုးမြှင့်ပေးရန် ဌာနအတွင်း၌ ဆွေးနွေးညှိနှိုင်းလျက်ရှိကြောင်း၊ ၎င်းကိစ္စရပ် အား သတ္တမအကြိမ် မြန်မာ - အိန္ဒိယ ကုန်သွယ်ရေးပူးတွဲကော်မတီအစည်းအဝေး၏ အစီအစဉ် တွင် ထည့်သွင်းဆွေးနွေးမည့် အခြေအနေရှိကြောင်း သိရှိရပါသည်။

သုံးသပ်ချက်

          အိန္ဒိယနိုင်ငံ၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် မုတ်သုံရာသီကာလတွင် မိုးသီးနှံ မတ်ပဲစိုက်ခင်းများ ထိခိုက်ပျက်စီးမှုများပြားခြင်း၊ ဆောင်းသီးနှံ ပဲတီစိမ်း စိုက်ဧကများ လျော့ကျခြင်းတို့ကြောင့် ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှုမှာ ယခင်နှစ်ထုတ်လုပ်မှုပမာဏအောက် လျော့နည်းကျဆင်းလျက် ပြည်တွင်းဈေးကွက် လိုအပ်ချက် မြင့်တက်လာဖွယ်ရာရှိပါသည်။ သို့ဖြစ်ရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာ နှစ်တွင် ပြည်ပမှပဲတင်သွင်းမှုပမာဏကို ပိုမိုတိုးမြှင့်ရမည့် အနေအထားရှိပြီး ၂၀၁၉-၂၀၂၀ ခုနှစ် သီးနှံရာသီကာလ၌ ထွက်ရှိသည့် မြန်မာ့ပဲမျိုးစုံအား အိန္ဒိယဈေးကွက်သို့ တင်ပို့ရောင်းချရန် အလားအလာ ကောင်းမွန်မှုရှိနေဦးမည်ဟု သုံးသပ်ရပါသည်။ သို့ရာတွင် ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ် သည့် အခြားသော ဈေးကွက်ယှဉ်ပြိုင်ဘက်များရှိခြင်း၊ အိန္ဒိယနိုင်ငံ၏ ပြည်တွင်းထုတ်လုပ်မှု၊ ရာသီဥတုနှင့် ဈေးကွက်ဈေးနှုန်း အခြေအနေများက သွင်းကုန်ဆိုင်ရာမူဝါဒကို ပြောင်းလဲမှုဖြစ် ပေါ်စေနိုင်ခြင်းတို့ကြောင့် ကာလရှည်တွင် မြန်မာ့ ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှုအတွက် ဈေးကွက်ခိုင်မာစွာရရှိစေမည့် Contract Farming ကဲ့သို့သော လုပ်ငန်းအစီအစဉ်များ ဖော်ဆောင်လုပ်ကိုင်နိုင်ရေးကို အိန္ဒိယနိုင်ငံရှိ အစိုးရဌာနများ၊ ပုဂ္ဂလိက အဖွဲ့အစည်းများနှင့် ဆက်လက်ညှိနှိုင်း ဆောင်ရွက်ရန် လိုအပ်လျက်ရှိပါသည်။

          သို့ဖြစ်ပါ၍ မိမိနိုင်ငံမှ စိုက်ပျိုးထွက်ရှိသည့်ပဲမျိုးစုံအား တိုးမြှင့်တင်ပို့လျက် ကုန်သွယ်မှုမြှင့်တင်နိုင်ရေး နှစ်နိုင်ငံအကြား ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်ရာတွင် အောက်ပါအချက်များအား အလေးဂရုပြု၍ ဆွေးနွေးသင့် ပါကြောင်း -

(က)    အိန္ဒိယအစိုးရအနေဖြင့် လက်ရှိစနစ်အတိုင်း Quota ခွဲတမ်းသတ်မှတ်လျက် တင် သွင်းခွင့်ပြုမည်ဆိုပါက ကန့်သတ်တင်သွင်းမည့် ပဲတန်ချိန်ပမာဏကို ဘဏ္ဍာနှစ် မစတင်မီ ဆောလျင်စွာ ထုတ်ပြန်ပေးရေး၊

(ခ)     ပဲတင်သွင်းခွင့်ပြုသည့် အချိန်ကာလအား ကာလတိုကန့်သတ်ခြင်းမပြုပဲ ၁ နှစ် ပတ်လုံး တင်သွင်းခွင့်ပြုရေး၊

(ဂ)     ကာလရှည်တွင် အပြန်အလှန်ကုန်သွယ်မှုမြှင့်တင်ရေးကို အားကောင်းခိုင်မာစေ မည့် နှစ်နိုင်ငံအကြား ပဲမျိုးစုံရောင်းဝယ်ရေးသဘောတူစာချုပ်အား အပြီးသတ် ညှိနှိုင်းလျက် လက်မှတ်ရေးထိုးနိုင်ရေး သက်ဆိုင်ရာ အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့ အစည်းများသို့ တွန်းအားပေးဆောင်ရွက်ရေး၊

(ဃ)    နယ်စပ်ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် ပဲမျိုးစုံ ကုန်သွယ်ရောင်းဝယ်မှုကို မြှင့် တင်ဆောင်ရွက်နိုင်ရေး။

 

(မြန်မာစီးပွားရေးသံမှူး၊ အိန္ဒိယနိုင်ငံ)

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အိန္ဒိယနိုင်ငံ၏ မြန်မာနိုင်ငံမှ ပဲမျိုးစုံတင်သွင်းမှုအခြေအနေ

Category: India (Delhi)