Events

အမျိုးသားပို့ကုန်မဟာဗျူဟာ(၂၀၂၀-၂၀၂၅) အရည်အသွေးစီမံခန့်ခွဲမှုကဏ္ဍ အကောင်အထည်ဖော်ရေးညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

Updated At: 2023-10-13 23:23:41

5

         အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) ၏ ဦးစားပေးကဏ္ဍတစ်ခုဖြစ်သော အရည်အသွေးစီမံခန့်ခွဲမှုကဏ္ဍ အကောင်အထည်ဖော်ရေးညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁၂) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ မြန်မာကုန် သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနများ၊ အသင်း အဖွဲ့များမှ တာဝန်ရှိသူများ၊ အရည်အသွေးစီမံခန့်ခွဲမှုကဏ္ဍ ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အဖွဲ့ဝင်များ စုစုပေါင်း (၂၅) ဦး တက်ရောက်ခဲ့ကြပါသည်။

             အစည်းအဝေးတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ဒုတိယညွှန်ကြားရေးမှူး ဒေါ်သီတာဝင်းဌေးက ကဏ္ဍကော်မတီကို Update ပြုလုပ်ခြင်း၊ လုပ်ငန်းစီမံချက်များ အကောင်အထည်ဖော်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက်တက်ရောက်လာကြသူများက အရည်အသွေးစီမံခန့်ခွဲမှုကဏ္ဍ ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အဖွဲ့ဝင်များကို ပြင်ဆင်/ ဖြည့်စွက်ရန်၊ သက်ဆိုင်ရာ ဌာန/အသင်းအဖွဲ့များအလိုက် လုပ်ငန်းစီမံချက် (Plan of Actions – PoAs) ပါ လုပ်ငန်းစဉ်များ အပေါ်တွင် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးခဲ့ကြပါသည်။ ထို့အပြင် အရည်အသွေးစီမံခန့်ခွဲမှုကဏ္ဍ ကော်မတီဥက္ကဌဖြစ်သည့် သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က ဦးဆောင်၍ အစည်းအဝေးခေါ်ယူပြီး ကော်မတီအဖွဲ့ဝင်များနှင့် လုပ်ငန်းစီမံချက်ကို Update  ပြုလုပ်နိုင်ရေးဆွေးနွေးရန်၊ PoA ပါ လုပ်ငန်းစဉ်များကို ဦးဆောင်အကောင်အထည်ဖော်မည့်ဌာနအဖြစ် အဆိုပါလုပ်ငန်းစဉ်ကို လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်နေသည့်/ဆောင်ရွက်နိုင်မည့် ဌာနများကို ဆွေးနွေးရွေးချယ်ကြရန်၊ နိုင်ငံတကာဈေးကွက် သို့တင်ပို့ရာတွင် လိုအပ်သည့် GMP ၊ GHP နှင့် HACCP ကဲ့သို့သော အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးနိုင်သည့် အာမခံချက်ရှိသော အဖွဲ့အစည်းများပေါ်ပေါက်လာစေရန်နှင့် စစ်ဆေးပေးနိုင်သော အဖွဲ့အစည်း Network တစ်ခုကို ထူထောင်ရန်၊ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအတွက် အရည အသွေးဆိုင်ရာလိုအပ်ချက်များကို သီးခြားအစည်းအဝေးကျင်းပပြီး ရှင်းလင်းဆွေးနွေးပေးရန်၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် PoA ပါ လုပ်ငန်းစဉ်များကို နိုင်ငံတော်ဘတ်ဂျက်ဖြင့် အကောင်အထည်ဖော်ရန်အတွက် အစိုးရဌာနများအနေဖြင့် ဘဏ္ဍာငွေကြိုတင် တင်ပြတောင်းခံနိုင်ရေးဆောင်ရွက်ရန်၊ ကဏ္ဍ၏ လုပ်ငန်းဆောင်ရွက်မှုများ အဆင်ပြေချောမွေ့စေရေး အစိုးရ-ပုဂ္ဂလိက ညှိနှိုင်းပူးပေါင်း၍ ဆောင်ရွက်သွားရန်စသည်တို့ကို ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို နေ့လည် (၁၂:၂၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။