International News

စိုက်ပျိုးရေးအခြေခံ စားသောက်ကုန်လုပ်ငန်းများ၏ အလားအလာ (၂၀၂၂)

Last Updated:

သစ်သီးဖျော်ရည်၊ နို့၊ အချိုရည်၊ ဖြည့်စွက်စာ (အရည်)၊ ဘီယာ၊ ဝိုင်နှင့် အဖျော်ယမကာများကဲ့သို့ စိုက်ပျိုးရေးအခြေခံ စားသောက်ကုန်များကို အဓိက လယ်ယာထွက်ကုန်များ စတင်ထုတ်လုပ်သည်မှ ဈေးကွက်အတွင်း အသင့်စားသုံးနိုင်သော အစားအစာများ ဖြန့်ဖြူးရောင်းချသည်အထိ အဆင့်တိုင်းတွင် မူဝါဒ၊ ဈေးကွက်ယှဉ်ပြိုင်မှု၊ ထုတ်ကုန်အရည်အသွေး၊ စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ စားသုံးသူအခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုတို့ကိုပါ ထည့်သွင်းစဉ်းစား၍ ထုတ်လုပ်ရောင်းချရန် လိုအပ်ပါသည်။

စိုက်ပျိုးရေးအခြေခံစားသောက်ကုန်များ ထုတ်လုပ်ရောင်းချမှုသည် ကမ္ဘာ့လူဦးရေတိုးမြင့်လာသည်နှင့်အမျှ ရေရှည်တွင်အလားအလာကောင်းသော ကဏ္ဍတစ်ခုဖြစ်လာမည်ဖြစ်ပြီး တစ်ဦးချင်းသုံးစွဲနိုင်သည့်ဝင်ငွေ တိုးမြင့်လာသည့် အာရှလူလတ်တန်းစားတစ်ရပ်နှင့်အတူ လယ်ယာထွက်စားသောက်ကုန်စည်များ ဝယ်လိုအားလည်း မြင့်တက်လာသည်ကို တွေ့ရှိရပါသည်။

ဝယ်လိုအားတည်ငြိမ်သော စားသောက်ကုန်ဈေးကွက်သည် မူဝါဒ အပြောင်းအလဲများ၊ နိုင်ငံရေး မတည်ငြိမ်မှုများ၊ နိုင်ငံခြားငွေလဲလှယ်မှုနှင့် ငွေကြေးဈေးကွက် မတည်ငြိမ်မှုများကြောင့် ဆိုးရွားစွာ ထိခိုက်ခြင်းမျိုး မရှိခဲ့ပါ။ စားသုံးသူများ၏ သုံးစွဲမှုနှုန်း (Consumers Spending) မြင့်မားလေ့ရှိသော ဖွံ့ဖြိုးပြီးနိုင်ငံများ၏ စိုက်ပျိုးရေးကဏ္ဍသည် ကပ်ရောဂါကာလများတွင် ထုတ်လုပ်မှုကျဆင်းခဲ့သော်လည်း အချိန်တိုအတွင်း ပြန်လည်နလန်ထူနိုင်သည်ကို တွေ့ရှိရပါသည်။

ဘေးကင်းပြီး အာဟာရပြည့်ဝသည့် အစားအစာများအတွက် စိုက်ပျိုးရေးအခြေခံမူများ လိုက်နာသည့် ထုတ်လုပ်မှုကွင်းဆက်ကို တောင်းဆိုလာကြပြီး အော်ဂဲနစ်အစားအစာများ၏ ဝယ်လိုအားသည် မြင့်တက်လာလျက်ရှိသည်ကို တွေ့ရှိရပါသည်။ လယ်ယာထွက်စားသောက်ကုန်များအနက် အဖျော်ယမကာထုတ်လုပ်သည့်ကုမ္ပဏီများ၏ အမြတ်ရရှိမှုမှာလည်း သိသိသာသာ မြင့်မားလျက်ရှိသည်ကို တွေ့ရှိရပါသည်။

အဓိက စိန်ခေါ်မှုများအနေဖြင့် ကမ္ဘာ့ဈေးကွက် လိုအပ်ချက်အလိုက် ထုတ်လုပ်နိုင်ရန်လိုအပ်ပြီး ဈေးကွက်အတွင်း ယှဉ်ပြိုင်သူ၊ ထုတ်ကုန်အမျိုးအစား၊ စားသုံးသူ၏ အကြိုက်၊ ရွေးချယ်မှုနှင့် မျှော်မှန်းချက်များအလိုက် အရသာနှင့် အနံ့များ၊ ထုပ်ပိုးမှုပုံစံများမှ ကြော်ငြာမိတ်ဆက်ပုံအထိ အရေးပါသော အချက်များကို ဖြည့်ဆည်းပေးနိုင်ရန် လိုအပ်ပါသည်။ အဓိက ထည့်သွင်းစဉ်းစားရမည့် အချက်များမှာ-

  • စိုက်ပျိုးရေးအခြေခံ ဒေသစားသောက်ကုန်များကို ဦးစားပေး ဝယ်ယူလာကြသည်ကို တွေ့ရှိရသည့်အတွက် ထုတ်ကုန်အသစ်များ တိုးမြှင့်ထုတ်လုပ်ရန် လိုအပ်လာပြီး တစ်ဖက်တွင်လည်း လုပ်သားအင်အား ရှားပါးမှုပြဿနာသည် ကိုင်တွယ်ဖြေရှင်းရန် လိုအပ်လာသည့် အချက်တစ်ခုဖြစ်ပါသည်။
  • ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ဈေးကွက်တည်ငြိမ်၍ ယှဉ်ပြိုင်မှုပြင်းထန်သောကြောင့် ထုပ်ပိုးပြီး အစားအစာများ လက်လီဖြန့်ဖြူးရောင်းချသူ ကုမ္ပဏီများအနေဖြင့် ဈေးကွက်နှင့် လိုက်လျောညီထွေရှင်သန်နိုင်ရန် ကုန်စည်ဈေးနှုန်းများလျှော့ချရခြင်း၊ ကုန်စည်မိတ်ဆက်ရောင်းချရခြင်း အဆင့်မဟုတ်တော့သည့်အတွက် မတူကွဲပြားသည့် ထုပ်ပိုးမှုဒီဇိုင်းများ၊ ထုတ်ကုန်များ ဖန်တီးထုတ်လုပ်ရခြင်း၊ မဟာဗျူဟာကျသည့် ထိရောက်သော နည်းလမ်းများဖြင့် ဖြန့်ဖြူးရခြင်းတို့ကို ဆောင်ရွက်ရပြီး ဈေးနှုန်းလျှော့ချရသော်လည်း သယ်ယူပို့ဆောင်မှုစရိတ်များ ကြီးမြင့်လာသည့်အခါ အခက်အခဲများ ကြုံတွေ့ရတတ်ပါသည်။
  • အစားအသောက်ထုတ်လုပ်သည့်ကုမ္ပဏီများသည် ဈေးကွက်တွင်း ကုန်စည်ဖြန့်ဖြူးရောင်းချနိုင်ရန်နှင့် စားသုံးသူထံအရောက် ဖြည့်ဆည်းရာတွင် Department Stores၊ Supermarket၊ Malls တို့ကဲ့သို့ လက်လီအရောင်းဆိုင်များကိုသာ အားထားလျက်ရှိသဖြင့် ထိရောက်ကျယ်ပြန့်စွာ ဖြန့်ဖြူးနိုင်ခြင်း မရှိသည်ကို တွေ့ရှိရပါသည်။
  • ကိုဗစ်ကပ်ရောဂါဖြစ်ပွားမှုကြောင့် ကာကွယ်ထိန်းချုပ်ရေးအစီအမံများ ချမှတ်ခဲ့သည့်အတွက် ဆိုင်ထိုင်စနစ်နှင့် စားသောက်ခွင့်များ ပိတ်ပင်ခဲ့ရာ အွန်လိုင်းမှ အစားအသောက် မှာယူသည့် ဝန်ဆောင်မှုကဏ္ဍများ အဆမတန် ဈေးမြင့်လာသည့်အတွက် ရောဂါထိန်းချုပ် ကာကွယ်ရေးအစီအမံများသည်လည်း စိန်ခေါ်မှုတစ်ခုအဖြစ် ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်။ 
  • လက်လီအရောင်းအော့ဖ်လိုင်း (Offline Retail) ကိုသာမက အင်တာနက်ပေါ်တွင် ပေါ်ထွက်လာသော စီးပွားရေးပုံစံသစ်များမှတစ်ဆင့်လည်း ဖြန့်ဖြူးရောင်းချနိုင်ပြီး Facebook၊ Twitter၊ YouTube တို့ကဲ့သို့ ဆိုရှယ်မီဒီယာနှင့် ကွန်ရက်များ၊ အပလီကေးရှင်းနှင့် ဘလော့ဂ်များ အသုံးပြု၍ ထုတ်ကုန် မိတ်ဆက်ဖြန့်ဖြူးခြင်းသည် ယနေ့ခေတ် အသုံးများဆုံးနှင့် အထိရောက်ဆုံး နည်းလမ်းဖြစ်ပါသည်။ 
  • စိုက်ပျိုးရေးအခြေခံ စားသောက်ကုန်များ ထုတ်လုပ်ရာတွင် ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေးများ သုံးစွဲစိုက်ပျိုးခြင်းကြောင့် ကင်ဆာဖြစ်စေနိုင်သော မျိုးဗီဇပြောင်းလဲမှုအထိ သက်ရောက်မှုရှိခြင်းနှင့် ဖန်လုံအိမ်ဓာတ်ငွေ့ (GHG) ထုတ်လွှတ်မှုကဲ့သို့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်ပူပန်မှုများသည်လည်း ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်။
  • ပြည်တွင်းနှင့် နိုင်ငံတကာ ဈေးကွက်သို့ဖြန့်ဖြူးရောင်းချရာတွင် အမြဲပြောင်းလဲ ဖြစ်ပေါ်နေသောဝယ်လိုအားနှင့် ရောင်းလိုအားအလိုက် အစားအသောက်များ ပြုပြင်ထုတ်လုပ်ခြင်းနှင့် ပြင်ဆင်ထုပ်ပိုးခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း အဆင့်တိုင်းတွင် အစားအစာဘေးကင်းရေးအတွက် သန့်ရှင်းမှုရှိစေရန် ဂရုပြုခြင်း၊ သက်ဆိုင်ရာ နိုင်ငံအလိုက် FDA ခွင့်ပြုချက် ရယူလျှောက်ထားခြင်းကဲ့သို့ မူဝါဒ၊ စံချိန်စံညွှန်းနှင့် သတ်မှတ်ထားပြီး လုပ်ငန်းစဉ်များ၊ လုပ်ထုံးလုပ်နည်းများကို လိုက်နာခြင်း၊ ဓာတုပစ္စည်းများ မှန်ကန်စွာအသုံးပြုခြင်း၊ မှန်ကန်သော သိုလှောင်နည်းစနစ်များကို အသုံးပြုခြင်း တို့ကိုပါ ဦးစားပေး အလေးထားဆောင်ရွက်ရန် လိုအပ်ပါသည်။ 
  • ရာသီဥတုပြောင်းလဲမှုသည်လည်း မြေဆီလွှာနှင့် ရေချိုပြုန်းတီးမှုကို ဖြစ်ပေါ်စေသည့်အတွက် သီးနှံအထွက်နှုန်းအပေါ် သက်ရောက်မှုရှိပြီး ထည့်သွင်းစဉ်းစားရမည့် အချက်ဖြစ်ပါသည်။ 

စိုက်ပျိုးရေးအခြေခံ စားသောက်ကုန်လုပ်ငန်းများ၏ အလားအလာအနေဖြင့် စားသောက်ကုန် ဈေးနှုန်းများ ပြန်လည်မြင့်တက်လာသည့်အတွက် စိုက်ပျိုးရေးကဏ္ဍမှ တောင်သူများအနေဖြင့် အခွင့်အလမ်းများ ပြန်လည်ရရှိလာမည် ဖြစ်ပါသည်။

ဈေးကွက်အတွင်း အသင့်စားသုံးနိုင်သော အစားအစာများ ဖြန့်ဖြူးရောင်းချရာတွင်မူ အစားအသောက် ဘေးကင်းရေးဆိုင်ရာ တင်းကျပ်သော စည်းမျဉ်းများကို လိုက်နာရန် လိုအပ်လာသည့်အတွက် ထုတ်လုပ်သူကုမ္ပဏီများအနေဖြင့် လိုက်ပါဆောင်ရွက်နိုင်ရန် လိုအပ်ပါသည်။ ကပ်ရောဂါကာလအတွင်း အချိုရည်များ၊ အဖျော်ယမကာများ အဓိကရောင်းချခဲ့ရပြီး ရောဂါထိန်းချုပ်ရန်နှင့် တားဆီးကာကွယ်ရန် ပိတ်ပင်ထားသော စီးပွားရေးလုပ်ငန်းများတွင် လက်လီကုန်စုံဆိုင်များ မပါဝင်သည့်အတွက် အဖျော်ယမကာ ထုတ်ကုန်များရောင်းအားသည် သိသိသာသာ မြင့်တက်ခဲ့ပါသည်။ ခွင့်ပြုထားသော အဖျော်ယမကာထုတ်ကုန်များအတွက် အစားအသောက်ပြုပြင်ထုတ်လုပ်ခြင်းလုပ်ငန်းများကို မဟာဗျူဟာကျကျ ဆောင်ရွက်နိုင်မည်ဆိုပါက ဈေးကွက်တည်မြဲရေးအတွက် အထောက်အကူပြုမည် ဖြစ်ပါသည်။ အစားအသောက်ကုန်စည်များထက် ဝိုင်ကဲ့သို့ ခံစားမှုအခြေခံပြီး လူနေမှုအဆင့်အတန်းကို ဖော်ပြပေးနိုင်သော အဖျော်ယမကာထုတ်ကုန်များကို ပိုမိုဝယ်ယူလာကြသည့်အတွက် အကျိုးအမြတ် ရရှိရန် အလားအလာကောင်းသည့် ဈေးကွက်တစ်ခုအဖြစ် တွေ့မြင်ရပါသည်။

 

လဲ့လဲ့နှင်း (MYANTRADE)

Source:   https://www.allianz-trade.com/zh_HK/resources/sectors-in-focus/agrifood. html

Category: International News