International News

တရုတ်နိုင်ငံ၏ အဓိကဆိပ်ကမ်းမြို့ကြီးများ၌ ကိုဗစ် Lockdowns များ ပြန်လည်ချမှတ်

Last Updated:

တရုတ်နိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများကြောင့် အသွားအလာကန့်သတ်ချက်များ ပြန်လည်ချမှတ်ထားကြောင်း သိရပါသည်။ တရုတ်နိုင်ငံ၏ ရှန်ကျန်း (Shenzhen) နှင့် ဒါလျန်း  (Dalian) စသည့် အဓိကဆိပ်ကမ်းမြို့ကြီးများရှိ လူနေရပ်ကွက်များတွင် ယခုသီတင်းပတ်အတွင်း Lockdowns များပြန်လည်ချမှတ်ခဲ့ပြီး၊ တီယန်ကျင်း (Tianjin) အပါအဝင် အခြားအရေးပါသော ပင်လယ်ရေကြောင်းဝင်/ ထွက်ပေါက်များတွင်လည်း ကိုဗစ် စစ်ဆေးမှု အများအပြား ဆောင်ရွက်နေကြောင်း သိရပါသည်။

တရုတ်နိုင်ငံအစိုးရအနေဖြင့် zero-covid policy ဖြင့် ကိုဗစ်ရောဂါထိန်းချုပ်ရေး ဆောင်ရွက်လျက်ရှိပါသည်။ သို့သော် လွန်ခဲ့သည့် သီတင်းနှစ်ပတ် အတွင်း ကိုဗစ်ကူးစက်မှုများ ပိုမိုကျယ်ပြန့်လာရာတွင် တစ်မြို့လုံး အသွားအလာကန့်သတ်ချက် (City-wide Lockdowns) ချမှတ်ခြင်းထက် ရောဂါ ကူးစက်မှုဖြစ်ပွားသည့် ရပ်ကွက်အလိုက် အသွားအလာကန့်သတ်၍ မတူညီသည့်ပုံစံဖြင့် ဆောင်ရွက်နေကြောင်း၊ quarantine times ကိုလည်း ပြီးခဲ့ သည့်ဇွန်လလယ်ကတည်းက လျှော့ချထားကြောင်း သိရပါသည်။  

တရုတ်နိုင်ငံ၌ လက်ရှိဖြစ်ပွားလျက်ရှိသည့် ကိုဗစ်ကူးစက်မှုများသည် အိုမီခရွန်မျိုးကွဲသစ် BF.15 ကြောင့် အဓိကဖြစ်ကြောင်း၊ အဆိုပါ ဗိုင်းရပ်စ်မျိုးကွဲ သည် ကူးစက်မှု ပို၍မြန်ဆန်ပြီး၊ ခြေရာခံရန် ပိုမိုခက်ခဲကြောင်း ရှန်ကျန်းမြို့၏ သက်ဆိုင်ရာအရာရှိများက ပြောကြားခဲ့ပါသည်။

တရုတ်နိုင်ငံ၌ ကိုဗစ် Lockdowns များ ပြန်လည်ချမှတ်ခဲ့ပြီး ကိုဗစ်ဆိုင်ရာ တင်းကျပ်သည့်မူဝါဒများကြောင့် တရုတ်နိုင်ငံရှိ ဥရောပကုမ္ပဏီများ၏ သုံးပုံတစ်ပုံနီးပါးသည် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို တရုတ်နိုင်ငံပြင်ပသို့ ပြောင်းရွှေ့ရန် စဉ်းစားနေကြသည်ဟု တရုတ်နိုင်ငံရှိ အီးယူကုန် သည်အသင်းမှ ဇွန်လတွင် ထုတ်ပြန်သည့် စစ်တမ်းတစ်ရပ်က ဆိုပါသည်။ အမေရိကန်နိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံသူများကလည်း တရုတ် နိုင်ငံ၏ တင်းကျပ်သော ကိုဗစ်-၁၉ မူဝါဒများကြောင့် ၎င်းတို့၏လုပ်ငန်းများကို အလားတူရွှေ့ပြောင်းလိုသည့် သဘောထားရှိနေကြကြောင်း တရုတ် နိုင်ငံရှိ အမေရိကန်ကုန်သည်အသင်းနှင့် ဗြိတိန်ကုန်သည်အသင်းတို့၏ အစီရင်ခံစာများအရ သိရပါသည်။

 

(ကျော်စိန်ဝင်း၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ (STP))

Source: splash247.com 

Category: International News