International News

ထိုင်းနိုင်ငံ၏ ရော်ဘာအထွက်နှုန်း မြင့်တက်လာ

Last Updated:

ကမ္ဘာ့ရော်ဘာ အများဆုံးထုတ်လုပ်သည့် ထိုင်းနိုင်ငံ၏ ယခုနှစ် သဘာဝရော်ဘာ (NR) ထုတ်လုပ်နိုင်မှုသည် ၁၁ ဒသမ ၇ ရာခိုင်နှုန်း သိသိသာသာမြင့်တက်ခဲ့သည်ကို တွေ့ရှိရပြီး တန်ချိန်အားဖြင့် ၅ ဒသမ ၄ သန်း ပိုမိုထုတ်လုပ်နိုင်ခဲ့ခြင်းဖြစ်ပါသည်။

၂၀၂၁ ခုနှစ်အတွင်း ကမ္ဘာ့သဘာဝရော်ဘာထုတ်လုပ်မှုအားလုံး၏ ၃၄ ဒသမ ၂ ရာခိုင်နှုန်းခန့်အထိ ထုတ်လုပ်နိုင်သော ထိုင်းနိုင်ငံသည် ဇန်နဝါရီလမှ ဩဂုတ်လအတွင်း သဘာဝရော်ဘာတန်ချိန် ၃ ဒသမ ၀၃၄ သန်း တင်ပို့နိုင်ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၁၀ ဒသမ ၃ ရာခိုင်နှုန်း တိုးမြင့်တင်ပို့လာနိုင်ခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။

ယခုနှစ် ဩဂုတ်လအထိ တင်ပို့ရောင်းချမှုများ၏ ၃၈ ရာခိုင်နှုန်းသည် Block Rubber၊ ၃၃ ရာခိုင်နှုန်းသည် Mixture Rubber၊ ၁၅ ရာခိုင်နှုန်းသည် Latex နှင့် ၁၀ ရာခိုင်နှုန်းမှာ RSS တို့ ဖြစ်ပါသည်။

စက်တင်ဘာလမှ ဒီဇင်ဘာလသည် သဘာဝရော်ဘာအများဆုံးထုတ်လုပ်ရရှိနိုင်သည့် ရာသီချိန်ဖြစ်သောကြောင့် ၂၀၂၂ ခုနှစ် အဆိုပါလေးလအတွင်း ထိုင်းနိုင်ငံသည် သဘာဝရော်ဘာတန်ချိန် ၁ ဒသမ ၅၆၆ သန်း အနည်းဆုံးတင်ပို့နိုင်မည်ဟု မျှော်မှန်းထားပြီး အဆိုပါပမာဏသည်ယခင်နှစ် ကာလတူနှိုင်းယှဉ်ချက်အရ ၅ ဒသမ ၄ ရာခိုင်နှုန်းသာ ပိုမိုသည့်ပမာဏဖြစ်ပါသည်။ တစ်နှစ်ပတ်လုံးတင်ပို့မှုကို ကြိုတင်ခန့်မှန်းတွက်ချက်လျှင် ထိုင်းနိုင်ငံသည် ၂၀၂၂ ခုနှစ်တွင် သဘာဝရော်ဘာ တန်ချိန် ၄ ဒသမ ၆ သန်းခန့် တင်ပို့နိုင်မည်ဖြစ်ပြီး ယခင်နှစ်တင်ပို့မှုထက် ရာခိုင်နှုန်းအားဖြင့် ၈ ဒသမ ၆ ရာခိုင်နှုန်း တိုးမြှင့်တင်ပို့နိုင်မည်ဖြစ်ပါသည်။

၂၀၂၂ ခုနှစ်တွင် ရော်ဘာလက်အိတ်နှင့် အခြားရော်ဘာအသုံးပြုထုတ်လုပ်သည့် ဆေးရုံသုံးပစ္စည်းများ ပိုမိုထုတ်လုပ်နိုင်ရန် ပြည်တွင်းသဘာဝရော်ဘာ သုံးစွဲမှုမြင့်တက်လာခဲ့ပြီး ရော်ဘာခြံများမှ ရော်ဘာစေးထွက်ရှိမှုကို တစ်နှစ်လျှင် ရော်ဘာစေးတန်ချိန် တစ်သိန်းကျော်ခန့် ပိုမိုထုတ်လုပ်နိုင်ရန် လိုအပ်လာပါသည်။ ရော်ဘာစေးထုတ်လုပ်သည့် စက်ရုံများတွင် စွမ်းဆောင်ရည်မြင့် လုပ်သားများလိုအပ်မှုသည်လည်း အရေးပါသည့် အချက်အဖြစ် တွေ့ရှိရပါသည်။ ထိုင်းနိုင်ငံအနေဖြင့် ယခုနှစ်တွင် သဘာဝရော်ဘာ အသုံးပြုမှု တန်ချိန် ၈ သိန်းကျော်ခန့် တိုးမြင့်လာမည်ဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် ၁၉ ဒသမ ၈ ခန့် တိုးတက်လာခြင်းဖြစ်ပါသည်။

ထိုင်းနိုင်ငံသည် ရော်ဘာတင်သွင်းမှု အလွန်နည်းပါးပြီး တန်ချိန် ၂,၀၀၀ အောက်သာ တင်သွင်းကြောင်းနှင့် သဘာဝရော်ဘာ ထုတ်လုပ်မှုနှုန်းသည် ပြည်တွင်းသုံးစွဲမှုနှင့် ပြည်ပတင်ပို့ရန်လုံလောက်ကြောင်း ထိုင်းနိုင်ငံ၊ဘဏ္ဍာရေးဝန်ကြီးဌာန၏ အချက်အလက်များအရတွေ့ရှိရပါသည်။ ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ထုတ်လုပ်နိုင်မှုပမာဏမှာ တန်ချိန် ၄ ဒသမ ၈၂၅ သန်းဖြစ်ပြီး ပြည်တွင်းသုံးစွဲမှုနှင့် ပြည်ပတင်ပို့မှုစုစုပေါင်းမှာ တန်ချိန် ၄ ဒသမ ၇၉၂ သန်းဖြစ်ပါသည်။

Average of X+C for 2019 to 2021:  4.792 million tons (Rounded as 4.8 million)

Average of P for 2019 to 2021:      4.825 million tons (Rounded as 4.8 million)

၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း ထုတ်လုပ်မှုကိန်းဂဏန်းများသည် ထိုင်းနိုင်ငံ၊ စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာနမှ တရားဝင်ထုတ်ပြန်ထားသော ကိန်းဂဏန်းများဖြစ်ပါသည်။ သို့ဖြစ်ရာ ၂၀၂၂ ခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ သဘာဝရော်ဘာ ထုတ်လုပ်မှုသည် တန်ချိန် ၅ ဒသမ ၄ သန်းရှိမည်ဖြစ်ပြီး ၁၁ ဒသမ ၇ ရာခိုင်နှုန်းတိုးတက်လာမည်ဖြစ်ပြီး ယခင်နှစ်ထက် တန်ချိန် ငါးသိန်းကျော် ပိုမိုထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း ခန့်မှန်းထားပါသည်။

 

 

 

 

လဲ့လဲ့နှင်း (MYANTRADE)

 

 

Category: International News