International News

ဓာတ်မြေဩဇာတင်ဆောင်လာသောရုရှသင်္ဘော ၂၇ စင်း ဘရာဇီးလ်နိုင်ငံဆိပ်ကမ်းသို့ မကြာမီ ရောက်ရှိမည်

Last Updated:

ဘရာဇီးလ်နိုင်ငံသည် ကမ္ဘာ့ဈေးကွက်သို့ လယ်ယာထွက်ကုန်ပစ္စည်းများ အမြောက်များတင်ပို့လျက်ရှိသည့် နိုင်ငံဖြစ်ပြီး ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံ ရေးနှင့် အခြားနိုင်ငံများ၏ လယ်ယာထွက်ကုန်စားနပ်ရိက္ခာများ ဖူလုံမှုရှိစေရေးတို့အတွက် ဘရာဇီးလ်နိုင်ငံ၏ စိုက်ပျိုးရေးသည် အလွန်အရေးပါသည့် အခန်းကဏ္ဍတွင် ရှိနေကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးသွင်းအားစုဖြစ်သည့် ဓာတ်မြေဩဇာများ လုံလောက်စွာဝယ်ယူရရှိနိုင်ရေးအတွက် ပြည်ပနိုင်ငံ များရှိအစိုးရနှင့် လုပ်ငန်းရှင်များအား ချိတ်ဆက်ဆွေးနွေး ဝယ်ယူတင်သွင်းလျက်ရှိကြောင်း ဘရာဇီးလ်သမ္မတ Jair Bolsonaro က ဧပြီလ ၂၆ ရက် နေ့တွင် ပြောကြားခဲ့သည်။
ဘရာဇီးလ်နိုင်ငံသည် စိုက်ပျိုးရေးအတွက် ဓာတ်မြေဩဇာများကို ရုရှနိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့မှ အဓိကတင်သွင်းခဲ့သော်လည်း လတ်တလော ရုရှ-ယူကရိန်း ပဋိပက္ခများဖြစ်ပွားနေချိန်တွင် အခြားဓာတ်မြေဩဇာထုတ်လုပ်သည့် နိုင်ငံများသို့လည်း ချိတ်ဆက်ဝယ်ယူခဲ့ကြောင်း၊ သို့ရာတွင် ဘရာဇီးလ် နိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍအတွက် လိုအပ်သည့်ဓာတ်မြေဩဇာများ လုံလောက်စွာရရှိရန်နှင့် တောင်သူများလက်ဝယ်သို့ အချိန်မီရောက်ရှိရန်အတွက် ပုံမှန်အခြေအနေသို့ မရောက်ရှိသေးကြောင်း၊ ဘရာဇီးလ်နိုင်ငံ၏ စိုက်ပျိုးထုတ်လုပ်မှုများ ကျဆင်းမှုမရှိစေရန်နှင့် ဘရာဇီးလ်နိုင်ငံသားများ၏ အကျိုး စီးပွားအတွက် ဓာတ်မြေဩဇာ လုံလောက်စွာဝယ်ယူရရှိနိုင်ရေး ရုရှနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ကြောင်း သမ္မတ Bolsonaro က  ပြော ကြားခဲ့သည်။
လက်ရှိအချိန်တွင် ဘရာဇီးလ်နိုင်ငံအတွက် ဓာတ်မြေဩဇာများ သယ်ဆောင်လာသည့် သင်္ဘော ၂၇ စင်းသည် ရုရှနိုင်ငံမှ စတင်ထွက်ခွာလာပြီဖြစ် ကြောင်း၊ ကမ္ဘာ့ဈေးကွက်တွင် ဓာတ်မြေဩဇာများဝယ်ယူရရှိရန် ပြတ်လပ်နေချိန်တွင် ဘရာဇီးလ်နိုင်ငံရှိ စိုက်ပျိုးရေးလုပ်ငန်းရှင်များအတွက် ဓာတ်မြေ ဩဇာများအား လုံလောက်စွာ ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း သမ္မတ Bolsonaro က ပြောကြားခဲ့သည်။
ထို့အပြင် ကမ္ဘာ့နိုင်ငံများ၏ စားနပ်ရိက္ခာဖူလုံမှုရှိစေရန်အတွက် လယ်ယာထွက်ကုန်သီးနှံများ ပိုမိုတိုးမြှင့်တင်ပို့ရန် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (World Trade Organization- WHO) က ဘရာဇီးလ်နိုင်ငံသို့ မေတ္တာရပ်ခံထားကြောင်း၊ ဘရာဇီးလ်နိုင်ငံသည် ကမ္ဘာ့စားနပ်ရိက္ခာဖူလုံမှုအတွက် အလွန်အရေး ပါလျက်ရှိနေသဖြင့် လယ်ယာထွက်ကုန်သီးနှံများ ပိုမိုတိုးတက်တင်ပို့နိုင်ရန် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေးလုပ်ကိုင်သူများနှင့် စီးပွားဖြစ်စိုက်ပျိုးထုတ် လုပ်သည့် လုပ်ငန်းရှင်များ ပိုမိုပူးပေါင်းလုပ်ဆောင်ကြရန် လိုအပ်ကြောင်း Bolsonaro က ပြောကြားခဲ့သည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘရာဇီးလျားမြို့)

သတင်းရင်းမြစ် - canalrural.com.br

Category: International News