International News

ဗီယက်နမ်က မြန်မာအပါအဝင် အာဆီယံ ၅ နိုင်ငံမှတင်သွင်းသည့် သကြားထွက်ကုန်တင်ပို့မှုများအပေါ် အခွန်စည်းကြပ်ကောက်ခံခြင်းဖြင့် ကုန်သွယ်ရေးရှောင်လွှဲမှုအား ကုစားသွားမည်

Last Updated:

ဗီယက်နမ်နိုင်ငံအနေဖြင့် ပြည်တွင်းသကြားထုတ်လုပ်မှုလုပ်ငန်းကဏ္ဍကို အကာအကွယ်ပေးနိုင်ရန်အတွက် ထိုင်းနိုင်ငံမှ တင်သွင်းသည့် သကြား ထုတ်ကုန်များအား ၂၀၂၁ ခုနှစ်၊ ဇွန်လတွင် အခွန်တိုးမြှင့်ကောက်ခံခဲ့ပြီး ယခုအခါ ကုန်သွယ်ရေးရှောင်လွှဲမှုများကို ကုစားနိုင်ရန်အတွက် ထပ်မံ၍ မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံ ၅ နိုင်ငံမှ ဖြတ်သန်းတင်သွင်းလာသည့် ထိုင်းနိုင်ငံထွက် ကြံကုန်ကြမ်းများဖြင့် ထုတ်လုပ်ထားသော သကြား ထွက်ကုန်များကိုလည်း အဆိုပါ အခွန်နှုန်းထားဖြင့် စည်းကြပ်ကောက်ခံသွားမည်ဟု သတင်းထုတ်ပြန်ကြေညာခဲ့သည်။

ဗီယက်နမ်နိုင်ငံ၊ စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (Ministry of Industry and Trade-MoIT) သည် မြန်မာနိုင်ငံအပါအဝင် အာဆီယံ နိုင်ငံ ၅ နိုင်ငံမှ တင်သွင်းလာသည့် ထိုင်းနိုင်ငံမှ ကြံနှင့် သကြားထွက်ကုန်ကြမ်းများဖြင့် ပြုလုပ်ထားသော သကြားထွက်ကုန်များနှင့်စပ်လျဉ်း၍ ကုန်သွယ်မှုဆိုင်ရာရှောင်လွှဲမှုများအား ကာကွယ်တားဆီးရန် တုံ့ပြန်ဆောင်ရွက်မှုများကို ပြုလုပ်သွားမည်ဖြစ်သည်။

လာအိုနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ တင်သွင်းလာသော သကြားထွက်ကုန်များအပေါ် Anti-Dumping Duty အဖြစ် ၄၂.၉၉ ရာခိုင်နှုန်းနှင့် Anti-Subsidy Duty အဖြစ် ၄.၆၅ ရာခိုင်နှုန်း စုစုပေါင်းအခွန်နှုန်းထား ၄၇.၆၄ ရာခိုင်နှုန်းဖြင့် အခွန်စည်းကြပ်ကောက်ခံသွားမည်ဖြစ်သည်။

သို့သော် အဆိုပါနိုင်ငံများအနေဖြင့် ၎င်းတို့နိုင်ငံအတွင်း စိုက်ပျိုးရိတ်သိမ်းသည့်ကြံပင်မှ ထုတ်လုပ်ရရှိသည့် သကြားထွက်ကုန်များအဖြစ် သက်သေ ပြနိုင်ပါက အထက်ဖော်ပြပါအခွန်နှုန်းထားဖြင့် စည်းကြပ်ကောက်ခံသွားမည်မဟုတ်ကြောင်း သိရှိရပါသည်။

အဆိုပါ အခွန်စည်းကြပ်ကောက်ခံမှုသည် ထုတ်ပြန်ပြဋ္ဌာန်းပြီးသည့် (ဩဂုတ်လ ၂ ရက်နေ့မှ) ၇ ရက်အတွင်း စတင်အကျိုးသက်ရောက်မည်ဖြစ်ပြီး အချိန်ကာလအားဖြင့် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂ ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့အထိဖြစ်ပြီး ဝန်ကြီးဌာနမှ အမိန့်တစ်စုံတစ်ရာ ထပ်မံ ပြုလုပ်ခြင်းမရှိသည်အထိ အကျိုးသက်ရောက်နေမည်ဖြစ်ပါသည်။

အဆိုပါဆုံးဖြတ်ချက်သည် Anti-Dumping နှင့် Anti-Subsidy အခွန်များကျသင့်စေသည့် ထိုင်းနိုင်ငံမှ ကြံနှင့် သကြားထွက်ကုန်များအား အာဆီယံ နိုင်ငံများမှတဆင့် ဗီယက်နမ်ဈေးကွက်သို့ ဝင်ရောက်လျက်ရှိသည်ဟူသည့် ဗီယက်နမ်နိုင်ငံ၊ စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ Trade Remedies Authority ၏ စုံစမ်းစစ်ဆေးမှုများအပေါ် မူတည်၍ ချမှတ်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။

ဗီယက်နမ်နိုင်ငံ၊ စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဇွန်လအတွင်း ထိုင်းနိုင်ငံမှထွက်ရှိသည့် ကြံနှင့် သကြားထွက်ကုန်များကို အခွန်တိုးမြှင့်၍ စည်းကြပ်ကောက်ခံခဲ့ခြင်းဖြစ်ပါသည်။

ဗီယက်နမ်နိုင်ငံရှိ ပြည်တွင်းဥပဒေများပါပြဋ္ဌာန်းချက်များ၊ နိုင်ငံတကာကတိကဝတ်များနှင့်အညီ ဓမ္မဓိဋ္ဌာန်ကျကျ ပွင့်လင်းမြင်သာစွာဆောင်ရွက်ခဲ့ သည့် စုံစမ်းစစ်ဆေးမှုများအပေါ် အခြေခံ၍ အဆိုပါကုန်သွယ်မှုရှောင်လွှဲခြင်းအား တားဆီးကာကွယ်ရေးအစီအမံများကို လိုက်နာကျင့်သုံးခြင်း ဆိုင်ရာဆုံးဖြတ်ချက်ကို ထုတ်ပြန်ပြဋ္ဌာန်းခြင်းဖြစ်သည်ဟု ဝန်ကြီးဌာနမှ အတည်ပြုပြောကြားခဲ့ပါသည်။

ဗီယက်နမ်နိုင်ငံ၊ အကောက်ခွန်ဦးစီးဌာနမှ အချက်အလက်များအရ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလတွင် ထိုင်းနိုင်ငံမှ ဗီယက်နမ်နိုင်ငံသို့ သကြား တင်ပို့မှုအား စုံစမ်းစိစစ်ချက်များပြုလုပ်ပြီးနောက် မကြာမီကာလအတွင်း အဆိုပါနိုင်ငံ ၅ နိုင်ငံမှ ဗီယက်နမ်နိုင်ငံသို့ သကြားတင်ပို့မှုပမာဏသည် ၅၂၇,၀၀၀ တန်မှ ၁၀၇,၆၀၀ တန်အထိ တိုးမြင့်လာသည်ကို တွေ့ရှိရကြောင်း၊ ထိုအချိန်အတောအတွင်း ထိုင်းနိုင်ငံမှ ဗီယက်နမ်နိုင်ငံသို့ သကြား တင်ပို့မှုပမာဏသည် ၅၉၅,၀၀၀ တန်ခန့်၊ ၃၈ ရာခိုင်နှုန်းနီးပါးကျဆင်းသွားသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ပါသည်။

ဝန်ကြီးဌာနအနေဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန (Ministry of Agriculture and Rural Development)၊ အကောက်ခွန်ဦးစီးဌာန (General Department of Customs) နှင့် အခြားသက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကုန်သွယ် မှုကုစားရေး၏ အကျိုးသက်ရောက်မှုများကို ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ဗီယက်နမ်နိုင်ငံ၏ ပြည်တွင်းသကြားထုတ်လုပ်မှုလုပ်ငန်းကဏ္ဍသည် နိုင်ငံရပ်ခြားမှ သကြားထွက်ကုန်များ ပေါများစွာတင်သွင်းနေမှုများကြောင့် အားနည်းလျက်ရှိပြီး သကြားဈေးကွက်အတွင်း ဈေးကွက်ဝေစု ၂၀ ရာခိုင်နှုန်းသာရှိကြောင်း သိရှိရပါသည်။

ဗီယက်နမ်နိုင်ငံ သကြားလုပ်ငန်းရှင်များအသင်း၏ ပြောကြားချက်များအရ ယခုနှစ်အတွင်း မှောင်ခိုတင်သွင်းမှုသည် ကုန်ကျစရိတ် ၁ ကီလိုဂရမ် လျှင် ဗီယက်နမ်ဒေါင် ၁၆,၄၀၀ ရှိပြီး ပြင်ပဈေးကွက်တွင် သန့်စင်ပြီးသကြားဈေးနှုန်း ၁ ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင် ၁၈,၀၀၀ နှင့် မသန့်စင် ရသေးသည့် သကြားဈေးနှုန်းမှာ ၁ ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင် ၁၇,၂၀၀ သို့ ကျဆင်းသွားခဲ့ကြောင်း သိရှိရပါသည်။

ဗီယက်နမ်နိုင်ငံတွင် ပြီးခဲ့သည့် ကြံရိတ်သိမ်းချိန်ရာသီ၌ သကြားစက်ရုံများမှ သကြားထုတ်လုပ်မှုသည် ၇၅၀,၀၀၀ တန်ရှိခဲ့ရာ ၅၀ ရာခိုင်နှုန်းသာ လျှင် ပြည်တွင်း၌ စားသုံးနိုင်ခဲ့ပြီး သကြားစက်ရုံ ၄၁ ခုရှိသည့်အနက် ၂၅ ခုသာ လုပ်ငန်းလည်ပတ်ဆောင်ရွက်လျက်ရှိပါသည်။ စက်ရုံအချို့ ပိတ် လိုက်ရသည့်အတွက် လုပ်သားပေါင်း ၃,၃၀၀ ခန့် အလုပ်လက်မဲ့ဖြစ်ခဲ့ရပြီး ကြံစိုက်ပျိုးတောင်သူပေါင်း ၁၀၀,၀၀၀ ခန့်အား ထိခိုက်နစ်နာခဲ့ပါသည်။

ဗီယက်နမ်နိုင်ငံ၏ နှစ်စဉ်သကြားလိုအပ်ချက်ပမာဏသည် တန် ၂.၂ သန်းရှိပြီး တရားဝင်လမ်းကြောင်းများမှ တင်သွင်းမှုနှင့် မှောင်ခိုတင်သွင်းမှု စုစုပေါင်း တန် ၂ သန်းခန့်ရှိ ပါသည်။

ထိုင်းသကြားအား ဗီယက်နမ်နိုင်ငံမှ အခွန်စည်းကြပ်ကောက်ခံခြင်းကို ရှောင်လွှဲနိုင်ရန်အတွက် အိမ်နီးချင်းနိုင်ငံများသို့ အရင်တင်ပို့ပြီးမှ ဗီယက်နမ် နိုင်ငံဈေးကွက်သို့ မူရင်းမူလနိုင်ငံ (Country of Origin) အဖြစ် ကြေညာကာ တင်သွင်းလျက်ရှိပါသည်။

၂၀၂၁ ခုနှစ်တွင် အထက်ဖော်ပြပါနိုင်ငံ ၅ နိုင်ငံမှ ဗီယက်နမ်နိုင်ငံသို့ သကြားတင်ပို့မှုသည် တန် ၁.၄ သန်းပတ်ဝန်းကျင်ရှိခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ပထမ ၅ လတာကာလအတွင်း တန် ၆၀၀,၀၀၀ ခန့်ရှိခဲ့ကြောင်း အချက်အလက်များအရ သိရှိရပါသည်။

    
(ပြည့်ဖြိုးအောင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန)

 

Category: International News