International News

ဗီယက်နမ်ဒူးရင်းသီး တရုတ်နိုင်ငံသို့ တရားဝင်လမ်းကြောင်းများမှ တဆင့် တင်ပို့တော့မည်

Last Updated:

 

တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံမှ ဒူးရင်းသီးအား တရားဝင်လမ်းကြောင်းများမှ တဆင့် တင်သွင်းရန် ခွင့်ပြုပေးလိုက်ပြီဖြစ်ပါသည်။ ဗီယက်နမ်ဒူးရင်းသီးတင်ပို့မှုအား ခွင့်ပြုပေးပြီးနောက် ဗီယက်နမ်နိုင်ငံမှ တရုတ်နိုင်ငံသို့ တရားဝင်တင်သွင်းခွင့်ရရှိထားပြီးဖြစ်သည့် သီးနှံထွက်ကုန် (၁၁) မျိုးရှိလာပြီဖြစ်ပါသည်။

ဗီယက်နမ်ဒူးရင်းသီးသည် တရုတ်နိုင်ငံဈေးကွက်သို့တင်ပို့ခွင့်ရရှိခဲ့သည့် (၁၁) ခုမြောက် ဗီယက်နမ်နိုင်ငံ၏ သီးနှံထွက်ကုန်တစ်ခုဖြစ်လာပြီဟု ဗီယက်နမ်နိုင်ငံ၊ စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်‌ရေးဝန်ကြီးဌာန (Ministry of Agriculture and Rural Development) ဝန်ကြီး Le Minh Hoan က နှစ်နိုင်ငံ သ‌ဘောတူညီချက်အား လက်မှတ်ရေးထိုးပြီးနောက် ပြောကြားခဲ့ပါသည်။

ဗီယက်နမ်နိုင်ငံမှ တရုတ်နိုင်ငံသို့ ဒူးရင်းသီးတင်ပို့မှုအတွက် ပို့ကုန်ပစ္စည်းဆိုင်ရာတရားဝင်လိုအပ်ချက်(Phytosanitary Requirement)ဖြစ်သည့် အပင်နှင့် တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ ပိုးမွှားကင်းစင်‌ရေးကိစ္စရပ်များအတွက် သဘောတူညီချက်သည် သုံးနှစ်အတွင်း စတင်အကျိုးသက်ရောက် စေရမည်ဖြစ်ပါသည်။ ၎င်းအား တရုတ်နိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (General Administration of Customs of the Customs-GACC) သို့ ဗီယက်နမ်နိုင်ငံ၏ အရည်အသွေးပြည့်မီသည့် ဒူးရင်းသီး စိုက်ပျိုးရှင်သန်ကြီးထွားသည့် နေရာဒေသများနှင့် ထုတ်ပိုးမှုပစ္စည်းများအား အတူတကွ ဆက်လက်ပေးပို့ရမည်ဖြစ်ပြီး ၎င်း၏ Web Portal ပေါ်တွင် အသိပေးကြေညာရမည် ဖြစ်ပါသည်။

အဆိုပါသဘောတူညီချက်အား လူသိရှင်ကြားအသိပေးကြေညာပြီးနောက်တွင် တရုတ်နိုင်ငံသို့ ဗီယက်နမ်ဒူးရင်းသီးတင်ပို့မှုကို တရားဝင်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။  အစောပိုင်းကာလများတွင် ဗီယက်နမ်နိုင်ငံမှထွက်ရှိသော နဂါးမောက်သီး (Dragon Fruit)၊ ဖရဲသီး (Watermelon)၊ လိုင်ချီးသီး (Lychee)၊ လုံငန်သီး (သို့မဟုတ်) တရုတ်လိုင်ချီးသီး (Logan)၊ ငှက်ပျောသီး (Banana)၊ သရက်သီး (Mango)၊ ပိန်းနှဲသီး (Jackfruit)၊ တောကြက်မောက်သီး (Rambutan)၊ မင်းဂွတ်သီး (Mangosteen) နှင့် စူကာသီး (Passion Fruit) တို့ကိုလည်း တရုတ်နိုင်ငံ ဈေးကွက်သို့ တရားဝင်လမ်း ကြောင်းများမှတဆင့် တင်သွင်းရန် ခွင့်ပြုပေးခဲ့ပြီးဖြစ်ပါသည်။

သ‌ဘောတူညီချက်ပါပြဋ္ဌာန်းချက်များအရ ဗီယက်နမ်နိုင်ငံမှတရုတ်နိုင်ငံသို့ တင်ပို့နိုင်ရန်အတွက် မှတ်ပုံတင်စာရင်းသွင်းထားသည့် ဒူးရင်းသီးစိုက်ပျိုးနေရာဒေသများတွင် Quality Management and Traceability Systemကိုထည့်သွင်း တည်ဆောက်ထားရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးဆိုင်ရာ လုပ်ဆောင်ရမည့် Good Agricultural Practices-GAP စနစ်ကိုကျင့်သုံးရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးထွန်ယက်ခြင်းဆိုင်ရာသန့်ရှင်းစင်ကြယ်ခြင်း၊ စိုက်ပျိုးနေရာသည် လေထုညစ်ညမ်းမှုမရှိသည့်နေရာဒေသဖြစ်ခြင်း၊ ကြွေကျ၊ ပုပ်ပွသောအသီးများအား ချက်ချင်းဖယ်ရှားထားပြီးဖြစ်ခြင်း    စသောအခြေအနေများတွင် စနစ်တကျထားရှိထားပြီးဖြစ်ရပါမည်။

ထို့အပြင် ဒူးရင်းသီးအပင်များနှင့်စပ်လျဉ်း၍ ပိုးမွှားများအား စောင့်ကြပ်ကြည့်ရှုခြင်း၊ ဓာတု သို့မဟုတ် ဇီဝဆိုင်ရာထိန်းချုပ်မှုနှင့် အခြားစိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်များပါဝင်သည့် ပိုးမွှားကင်းစင်‌ရေးဆိုင်ရာအစီအစဉ်တစ်ခုဖြစ်သည့် Integrated Pest Management-IPM ကိုလည်း ကျင့်သုံးရမည်ဖြစ်ပါသည်။

တရုတ်နိုင်ငံသည် ဗီယက်နမ်ဒူးရင်းသီးတင်ပို့မှုအတွက် အကြီးမားဆုံးဈေးကွက် တစ်ခုအဖြစ် ရှိနေသေးသော်လည်း နယ်စပ်ဂိတ်များမှ တဆင့် အဓိကတင်ပို့ကြရပါသည်။  တရုတ်နိုင်ငံ၏ ဒူးရင်းသီးတင်သွင်းမှုသည် နှစ်စဉ် အမေရိကန်ဒေါ်လာ ၄.၂ ဘီလီယံ ခန့်ရှိပြီး ၎င်းတို့အနက် ၆၀ ရာခိုင်နှုန်းသည် ထိုင်းနိုင်ငံမှ အဓိကတင်သွင်းခြင်း ဖြစ်ပါသည်။

ဗီယက်နမ်နိုင်ငံ၊ စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဝန်ကြီး ဌာန၏ စာရင်းများအရ ဗီယက်နမ်နိုင်ငံ၏ ၂၀၂၁ ခုနှစ်အတွင်း ဒူးရင်းသီးတင်ပို့မှုသည် ၆၀၀,၀၀၀ တန်ရှိခဲ့ပြီး တစ်နှစ် ထက်တစ်နှစ် ၁၅ ရာခိုင်နှုန်းမြင့် တက်လာခဲ့ပါသည်။

ဗီယက်နမ်နိုင်ငံအနေဖြင့် နိုင်ငံရပ်ခြားသို့ တင်ပို့နိုင်ရန်အတွက် ဒူးရင်းသီးစိုက်ပျိုးရှင် သန်ကြီးထွားသည့်ဧရိယာ ၅၀,၀၀၀-၆၀,၀၀၀  ခန့်ရှိပြီး အဓိကစိုက်ပျိုးသည့် နေရာဒေသများမှာ Tay Ninh၊ Binh Duong၊ Dong Nai၊ Binh Phuoc၊ Tien Giang နှင့် Dak Lak စသည့် ပြည်နယ်များဖြစ်ပါသည်။

 

 

 

( ပြည့်ဖြိုးအောင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန)

Source: Viet Nam News

Category: International News