International News

ဗီယက်နမ်နိုင်ငံသို့ ဩစတြေးလျ ကျွဲ၊နွားအရှင် တင်ပို့မှုနှေးကွေးနိုင်ကြောင်းခန့်မှန်းထားခြင်း

Last Updated:

ယခုသီတင်းပတ်အတွင်း ဩစတြေးလျနိုင်ငံ၊ ဒါဝင်မြို့မှ ဗီယက်နမ်နိုင်ငံသို့ နွားအရှင်များ ပထမဆုံးတင်ပို့မှုသည် အရှေ့တောင်အာရှနိုင်ငံများသို့ ကုန်သွယ်မှုအတွက် နောက်ထပ်နှေးကွေးသော နှစ်တစ်နှစ်ဖြစ်မည်ဟု ခန့်မှန်းထားကြောင်း သိရှိရသည်။

သြစတြေးလျမှ ဗီယက်နမ်သို့ တင်ပို့သည့် နွားအရေအတွက်သည် ၂၀၂၁ ခုနှစ်တွင် ၁၆၀,၀၀၀ သို့ ထက်ဝက်နီးပါးကျဆင်းသွားခဲ့ပြီး၊ ၂၀၂၀ ပြည့်နှစ် တွင် ကောင်ရေ ၃၀၀,၀၀၀ နီးပါးမှ ကျဆင်းသွားခဲ့ခြင်း ဖြစ်သည်။ ဗီယက်နမ်နိုင်ငံသို့ ကျွဲ၊ နွားအရှင်တင်ပို့မှုသည် ယခင်နှစ်များထက် သိသိသာသာ ကျဆင်းသွားဖွယ်ရှိကြောင်း ကျွဲ၊ နွားအရှင် တင်ပို့သူများနှင့် လုပ်ငန်းကဏ္ဍ ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။

ဇန်နဝါရီလမှ စတင်၍ ဗီယက်နမ်နိုင်ငံသို့ နွားကောင်ရေ ၅,၅၀၀ သာ ဩစတြေးလျဆိပ်ကမ်းများမှထွက်ခွာခဲ့ပြီး၊  ၂၀၂၁ ခုနှစ် အလားတူကာလတွင် ကောင်ရေ ၄၅,၀၀၀ ဝန်းကျင်မှ ကျဆင်းသွားခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံက နယ်စပ်များကို ပိတ်လိုက်သည့်အချိန်တွင် ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့မှ ကျွဲ၊ နွားများ ဗီယက်နမ်နိုင်ငံတွင် အလျှံပယ်ရှိနေပြီး၊ ဘရာဇီးလ်နိုင်ငံမှလည်း ဝင်ရောက်မှုများရှိခဲ့ကြောင်း သိရှိရသည်။ ထို့အပြင် သြစတြေးလျနိုင်ငံတွင် နွားဈေးနှုန်းများ ဆက်လက်မြင့်မားနေပါက ယခု နှစ်အတွင်း ဗီယက်နမ်မှ တင်သွင်းသည့် နွားအရေအတွက်ကို ထိခိုက်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

ယခုသီတင်းပတ်အတွင်း အသားနှင့် မွေးမြူရေးထုတ်ကုန်အသင်းက ကျွဲ၊ နွားအရှင် တင်ပို့ကုန်သွယ်မှုအတွက် ပထမဦးဆုံး ကျွဲ၊ နွားအရှင်တင်ပို့မှု ဈေး နှုန်းညွှန်းကိန်း (The Live Export Price Indicator- LEPI) ကို စတင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ LEPI သည် ဒါဝင်မှ အင်ဒိုနီးရှားနိုင်ငံ သို့ တင်ပို့သော ကျွဲ၊ နွားအရှင် ပျမ်းမျှဈေးနှုန်းများကို ခြေရာခံနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ကင်ဘာရာမြို့)

www.abc.net.au

Category: International News