Local News

မတ်ပဲဈေးအပြောင်းအလဲ

Last Updated:

ပြည်တွင်းမတ်ပဲဈေးနှုန်းသည် ယခင်သီတင်းပတ် တပတ်လုံး တစ်တင်းဈေးနှုန်း ကျပ် ၆၀၀၀၀ အထက်တွင်ရပ်တည်နေခဲ့ပြီး နောက်ရက်များတွင် တဖြည်းဖြည်းဈေးထပ် တက်လာ ကြောင်းတွေ့ရသည်။

သီတင်းပတ်တပတ်အတွင်းဖြစ်ပေါ်ခဲ့သောမတ်ပဲဈေးနှုန်းများမှာ ဩဂုတ်လ ၂၅ ရက်နေ့တွင် တစ်တင်းလျှင်ကျပ် ၆၁၈၀၀၊ ၂၆ ရက်နေ့တွင် ကျပ် ၆၂၀၀၀၊ ၂၇ ရက်နေ့တွင် ကျပ် ၆၃၂၀၀၊ ၂၈ ရက်နှင့် ၂၉ ရက်နေ့တွင်ကျပ် ၆၄၂၀၀၊ ၃၀ ရက်နေ့တွင် ကျပ် ၆၄၈၀၀၊ ၃၁ ရက်နေ့တွင် ကျပ် ၆၆၇၀၀၊ စက်တင်ဘာလ ၁ ရက်နေ့တွင် ကျပ် ၆၇၃၀၀၊ ၂ ရက်နေ့တွင် ကျပ် ၆၅၅၀၀ အသီးသီး ဖြစ်ခဲ့ပါသည်။

သုံးသပ်ချက်အရ လက်ရှိဈေးနှုန်းများသည် ပြည်တွင်းငွေကြေးဈေးနှုန်းပေါ် မူတည်နေ ကြောင်းတွေ့ရသည်။ စက်တင်ဘာလ ၁ ရက်နေ့ ဒေါ်လာဈေးအနည်းငယ်ကျဆင်းပြီးနောက် ၂ ရက်နေ့တွင် မတ်ပဲဈေးနှုန်းသည် တစ်တင်းလျှင် ကျပ် ၂၀၀၀ ဝန်းကျင်ပြန်လည်ကျဆင်းသွားသည်။

ယခင်သီတင်းအတွင်း ချနိုင်းနှင့်မွမ်ဘိုင်းဈေးကွက်တွင်လည်း မတ်ပဲဈေးတက်လာကြောင်းတွေ့ရပြီး မြန်မာနိုင်ငံမှမတ်ပဲတင်သွင်းမှုနှေးသွားခြင်းကြောင့် ဈေးမာလာခြင်းဖြစ်ကြောင်းလည်းတွေ့ရသည်။ NAFED ၏အဆိုအရ အိန္ဒိယနိုင်ငံတွင် မတ်ပဲလက်ကျန်နည်းနေကာ ၎င်းတို့အနေဖြင့် မတ်ပဲတန်ချိန် ၅၀၀၀၀ ဝယ်ယူရန်ရှိပြီး ယခုကာလတွင်လည်း တစ်ရက်လျှင် တန်ချိန် ၂၀၀၀ ခန့်ပုံမှန် ဝယ်ယူလျှက် ရှိကြောင်းပြောကြားသည်။

ပြည်နယ်အချို့တွင် မတ်ပဲသစ်အဝင်ရှိနေသော်လည်း ရိတ်သိမ်းရာသီတွင်းမိုး ကောင်းနေသ ဖြင့် မတ်ပဲအပျက်အစီးရှိကြောင်းလည်း Agri World ကတင်ပြထားသည်။

အိမ်နီးချင်းနိုင်ငံ၏ပဲလိုအပ်ချက်အရလည်းကောင်း၊ ပြည်တွင်းငွေကြေးတန်ဖိုးကို လိုက်၍ လည်းကောင်း ပြည်တွင်းမတ်ပဲဈေးနှုန်းများအတက်ဖက်သို့ဆက်လက်ဦးတည်နေသည်။ ဈေးနှုန်း ဆက်တက်နေဦးမည်ဖြစ်သော်လည်း ပြည်တွင်းငွေကြေးဈေးနှုန်းပေါ်မူတည်၍လည်း ဈေးအတက် အကျဖြစ်ပေါ်နေမည်ဖြစ်သည်။

မတ်ပဲဈေးတက်လာနေသော်လည်း စက်သုံးဆီဈေးနှုန်းနှင့် မျိုး၊ သွင်းအားစု စရိတ်များ မြင့်တက်လာမှုကြောင့် နောက်နှစ်ပဲစိုက်ရာသီတွင် ပဲစိုက်ဧရိယာလျော့ကျခြင်းနှင့် အထွက်နှုန်း လျော့ကျခြင်းတို့ဖြစ်ပေါ်လာနိုင်ကြောင်းခန့်မှန်းရပါသည်။

Category: Local News