Local News

မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ တင်ပို့သည့်နှမ်းများတွင် ပိုးသတ်ဆေးဓာတ်ကြွင်းများ ပိုမိုများပြားသည့် ကိစ္စနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

Last Updated:

နေပြည်တော်၊ ဩဂုတ်၂၅ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါ်နော်မူတာကပေါသည် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက် နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် Zoom Meeting စနစ်ဖြင့်ကျင်းပပြုလုပ်သော မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ တင်ပို့သည့်နှမ်းများတွင် ပိုးသတ်ဆေးဓာတ်ကြွင်းများ ပိုမိုများပြားသည့် ကိစ္စနှင့် စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ တင်ပို့သည့်နှမ်းများတွင် ဂျပန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ပိုးသတ်ဆေးဓာတ်ကြွင်း ပမာဏထက်များစွာ  ကျော်လွန်လာသည့် ဖြစ်ရပ်များကြောင့် သတ်မှတ်ထားသည့် ပိုးသတ်ဆေးဓာတ်ကြွင်း ပမာဏအတွင်း တိုးမြှင့်တင်ပို့နိုင်ရေးအတွက် ရည်ရွယ်ပြီး ကျင်းပရခြင်းဖြစ်သည်။

ဂျပန်နိုင်ငံသို့ တင်ပို့မည့်စားသောက်ကုန်များတွင် အများဆုံးရှိရမည့် ပိုးသတ်ဆေးဓာတ်ကြွင်းပမာဏများအား ဂျပန်နိုင်ငံ၊ ကျန်းမာရေး၊ အလုပ်သမားနှင့်လူမှုဖူလုံရေးဝန်ကြီးဌာန၊ စားသောက်ကုန်လုံခြုံရေးစံသတ်မှတ်ချက်နှင့် အကဲဖြတ်ဌာနမှ ဂျပန်နိုင်ငံသို့ တင်ပို့မည့်စားသောက်ကုန်များနှင့် ပတ်သက်၍ ပြင်ဆင်သတ်မှတ်ထားသည့် ပိုးသတ်ဆေးဓာတ်ကြွင်းပမာဏ သတ်မှတ်ချက်များ၊ နောက်ဆုံးအခြေအနေများကို သက်ဆိုင်ရာဌာန၊ အသင်းအဖွဲ့၊ ကုမ္ပဏီများက ဆွေးနွေးကြပြီး စိုက်ပျိုးထုတ်လုပ်သူ တောင်သူများအနေဖြင့် ပိုးသတ်ဆေးသုံးစွဲမှုနှင့်ပတ်သက်ပြီး သတ်မှတ်ချက်နှင့်အညီ စိုက်ပျိုးနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြသည်။

ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များအနေဖြင့် အဆိုပါပိုးသတ်ဆေးဓာတ်ကြွင်းကိစ္စနှင့် ပတ်သက်၍ ဖြစ်ပေါ်ခဲ့ရသည့် အကြောင်းရင်းနှင့် နောင်အလားတူကိစ္စများ ထပ်မံမဖြစ်ပွားစေရေးအတွက် လိုအပ်သောအကြံပြုချက်၊ ဆောင်ရွက်ရန်ကိစ္စများ၊  မည်သို့ဆောင်ရွက်ရန် လိုအပ်မှုအခြေအနေများနှင့် ချမှတ်လုပ်ဆောင်သင့်သည့် လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးပြောကြားသည်။

အစည်းအဝေးသို့ သက်ဆိုင်ရာဌာနများမှ အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက်မှ အုပ်ချုပ်မှုဒါရိုက်တာ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းမှ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ စုစုပေါင်း(၂၅)ဦး တက်ရောက်ဆွေးနွေးခဲ့ကြပြီး အခမ်းအနားကို နေ့လယ်(၁၂:၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

 

Category: Local News