လန်ချန်း - မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၁) ဖြင့် ရော်ဘာအရည်အသွေးမြှင့်တင်ခြင်းနှင့် ရော်ဘာလုပ်ငန်းများ အတွက် ဈေးကွက်သုတေသနပြုလုပ်ခြင်းစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရေးအတွက် ရော်ဘာစိုက်တောင်သူများနှင့် တွေ့ဆုံ ဆွေးနွေးပွဲကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် မွန်ပြည်နယ်၊ စီးပွားရေးရာဝန်ကြီး ဦးနိုင်လယိတမနှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာ ထိန်လင်းတို့က အဖွင့်အမှာစကားပြောကြားခဲ့ကြပြီး၊ မွန်ပြည်နယ်အစိုးရအဖွဲ့၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဌာန ဆိုင်ရာများမှ ကိုယ်စားလှယ်များ၊ ရော်ဘာစိုက်ပျိုးထုတ်လုပ်သည့်အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ ရော်ဘာစိုက်တောင်သူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ စုစုပေါင်း (၅၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
ဆွေးနွေးပွဲတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ တာဝန်ရှိသူများက စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကိုလည်းကောင်း၊ မွန်ပြည်နယ်အတွင်းရှိ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများ၏ လက်ရှိ ရင်ဆိုင်နေရသည့်အခက်အခဲများ၊ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် အရည်အသွေးမြှင့်တင်ခြင်းဆိုင်ရာ လိုအပ်ချက်များ၊ ရော်ဘာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် လိုအပ်ချက်များနှင့် စပ်လျဉ်း၍ လေ့လာစစ်တမ်းကောက်ယူပြုစုထားသည့် သုတေသနစစ်တမ်း ရလဒ် ဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသူများက စီမံကိန်းနှင့် စပ်လျဉ်း၍ သိရှိလို သည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြပါသည်။ စီမံကိန်းသုတေသန ရလဒ်နှင့် ဆွေးနွေးပွဲရလဒ်များအပေါ်အခြေခံပြီး မွန်ပြည်နယ် အတွင်း အရည်အသွေးမီရော်ဘာများ ထုတ်လုပ်တင်ပို့နိုင်ရေးအတွက် ပြည်ပကျွမ်းကျင် ပညာရှင်များကိုခေါ်ယူ၍ သင်တန်း ပေးရန်နှင့် ပြည်ပနိုင်ငံများရှိ ရော်ဘာအဖွဲ့အစည်းများထံသို့ လေ့လာရေးခရီးသွားရောက်ရန် ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး၊ ဆွေးနွေးပွဲကို နေ့လည် (၁၃:၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။