International News

သီရိလင်္ကာနိုင်ငံရှိ အုန်းသီးနှင့် အုန်းသီးအခြေခံပစ္စည်းထုတ်လုပ်မှုကဏ္ဍ၏ စွမ်းဆောင်ရည်

Last Updated:

သီရိလင်္ကာနိုင်ငံသည် ကမ္ဘာပေါ်တွင် အုန်းသီးမှထွက်ရှိသည့် ထုတ်ကုန်များကို စတုတ္ထမြောက် အများဆုံးတင်ပို့သည့်နိုင်ငံဖြစ်ပြီး ကမ္ဘာ့ဈေးကွက်သို့ အုန်းသီးအခြေခံ တန်ဖိုးမြှင့်ထုတ်ကုန်များကို ထုတ်လုပ်တင်ပို့ပါသည်။

အုန်းသီးသည် သီရိလင်္ကာနိုင်ငံ၏ နေ့စဉ်စားသောက်သည့် စားသောက်ကုန်များတွင် အဓိကပါဝင် ပစ္စည်းဖြစ်သောကြောင့် ထွက်ရှိမှု၏ ၃ ပုံ ၂ ပုံ နီးပါးခန့်ကို ပြည်တွင်း၌ စားသုံးကြပြီး ကျန်ရှိသည်များကို တန်ဖိုးမြှင့်ပါဝင်ပစ္စည်းများ၊ အစားအစာနှင့် အဖျော်ယမကာများ၊ အိမ်သုံးနှင့် စက်မှု လုပ်ငန်းသုံးကုန်ပစ္စည်းများအဖြစ် တင်ပို့ပါသည်။ သီရိလင်္ကာနိုင်ငံ၏ လက်ရှိ အုန်းသီးလိုအပ်ချက်အရ၊ အုန်းသီးအခြေခံကုန်ပစ္စည်း ထုတ်လုပ်သည့် စက်ရုံများသည် အုန်းသီးအလုံးရေ ၄ ဘီလီယံခန့် လိုအပ်သော်လည်း ၂.၈ ဘီလီယံ မှ ၃ ဘီလီယံအတွင်းသာ ထုတ်လုပ်နိုင်ပါသည်။

သီရိလင်္ကာနိုင်ငံ အုန်းသီးသုသေတနဌာန (Coconut Research Institute) ၏အဆိုအရ အဆိုပါကဏ္ဍသည် လူဦးရေ ၇၀၀,၀၀၀ ခန့်အတွက် အလုပ် အကိုင်များပံ့ပိုးပေးနိုင်ပြီး အခြားသော လူဦးရေ ၁၃၅,၀၀၀ ခန့်ကိုလည်း သွယ်ဝိုက်သောအားဖြင့် အလုပ်အကိုင်များ ပံ့ပိုးပေးလျက်ရှိသည်။

၂၀၂၀ ခုနှစ်တွင် သီရိလင်္ကာနိုင်ငံ၌ အုန်းစိုက်ပျိုးမြေ ၄၄၄,၀၀၀ ဟက်တာခန့်ရှိခဲ့ပြီး ၎င်းတို့အနက် ၇၂,၀၀၀ ဟက်တာခန့်ကို ကုမ္ပဏီကြီးများမှ ဆောင်ရွက်ပြီး ကျန်ရှိသော စိုက်ပျိုးမြေများကို အသေးစားနှင့် အလတ်စားလုပ်ငန်းရှင်ငယ်လေးများမှ ဆောင်ရွက်ပါသည်။

သီရိလင်္ကာနိုင်ငံ၏ အုန်းစိုက်ပျိုးခြင်း

သီရိလင်္ကာနိုင်ငံရှိ စုစုပေါင်း အုန်းစိုက်ပျိုးသည့်မြေ၏ ၇၅% ခန့်ကို လုပ်ငန်းရှင်ငယ်လေးများမှ လုပ်ကိုင်ကြပြီး ကျန်ရှိသည့် စိုက်ပျိုးမြေများကို ပုဂ္ဂလိကနှင့် အစိုးရကုမ္ပဏီများက စိုက်ပျိုးလုပ်ကိုင်ကြသည်။ လုပ်ငန်းရှင်ငယ်လေးများသည် နှစ်စဉ် စုစုပေါင်းအုန်းသီးထုတ်လုပ်မှု၏ ၇၀% ကို စိုက်ပျိုးထုတ်လုပ်နေကြသော်လည်း အဆိုပါလုပ်ငန်းရှင်ငယ်များကို ကောင်းမွန်စွာ ဖွဲ့စည်းဆောင်ရွက်နိုင်မှုမရှိသောကြောင့် ထိရောက်စွာဆောင် ရွက်နိုင်ခြင်းမရှိသည်ကို တွေ့ရပါသည်။

သီရိလင်္ကာနိုင်ငံတွင် နှစ်စဉ်အုန်းစိုက်ပျိုးထွက်ရှိမှု

ယနေ့အချိန်တွင် သီရိလင်္ကာနိုင်ငံ၌ နှစ်စဉ် အုန်းသီးစိုက်ပျိုးထွက်ရှိမှုမှာ အလုံးရေသန်း ၂,၈၀၀ မှ ၃၀၀၀ ကြားရှိသည်။ ပြည်တွင်းစားသုံးမှုနှင့် ပြုပြင်ထုတ်လုပ်သည့် စက်ရုံများ၏ လိုအပ်ချက်နှစ်ခုလုံးကို ဖြည့်ဆည်းနိုင်ရန် သီရိလင်္ကာနိုင်ငံသည် နှစ်စဉ် အုန်းသီးအလုံးရေ သန်း ၄,၀၀၀ ထုတ်လုပ်ရမည်ဖြစ်ပါသည်။

သီရိလင်္ကာနိုင်ငံ၏ အုန်းသီးစိုက်ပျိုးထုတ်လုပ်မှုတိုးမြှင့်ရေး မဟာဗျူဟာများ

နိုင်ငံ၏ အုန်းသီးစိုက်ပျိုးထုတ်လုပ်မှုကို အဆင့်မြှင့်တင်ရန်အတွက် သီရိလင်္ကာနိုင်ငံ အုန်းသီးသုသေတနဌာန (Coconut Research Institute) က ၂၀၁၆ - ၂၀၂၀ မဟာဗျူဟာစီမံချက်တွင် အောက်ပါအချက်များကို ဆောင်ရွက်ရန် အကြံပြုထားပါသည်-
(၁)    အုန်းသီး၏ မျိုးဗီဇတိုးတက်အောင် ဆောင်ရွက်ရန်။
(၂)    ဝတ်ဆံကူး (In-vitro) နည်းစနစ်ဖြင့် မျိုးပွားခြင်းလုပ်ငန်းစဉ်များ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်။
(၃)    မြေဆီလွှာအရည်အသွေး မြှင့်တင်ရန်။
(၄)    အုန်းဆံခွံမှုန့်မြေဆွေး (coconut soils) ရရှိလာအောင် ဆောင်ရွက်ရန်။
(၅)    မြေဆီလွှာစိုစွတ်အောင် (soil water) ပြုပြင်ဆောင်ရွက်ရန်။
(၆)    ပိုမိုကောင်းမွန်သော လယ်ယာစိုက်ပျိုးရေးနည်းစနစ်များ ကျင့်သုံးရန်။  
(၇)    သမာရိုးကျနည်းစနစ်ဖြင့်မဟုတ်ဘဲ နည်းစနစ်မျိုးစုံဖြင့် စိုက်ပျိုးသည့်ဒေသများ (non-traditional areas) တွင် သင့်လျော်သော                            စိုက်ပျိုးမှုအလေ့အထများ ကျင့်သုံးစေရန်။
(၈)    ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သက်ရောက်မှုများကို လျော့ပါးစေပြီး လိုက်လျောညီထွေဖြစ် အောင် လုပ်ဆောင်ရန်။
(၉)    ပိုးမွှားနှင့် ရောဂါစီမံခန့်ခွဲမှုစနစ်များကို စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်အောင်လုပ်ဆောင်ရန်။
(၁၀)    တန်ဖိုးထပ်ဆောင်းခြင်းနှင့် လုပ်ငန်းစဉ်တိုးတက်မှုများအတွက် နည်းပညာများ ဖော်ထုတ် ရန်။
(၁၁)    လယ်ယာစိုက်ပျိုးခြင်းနှင့် လုပ်ငန်းဆောင်ရွက်မှုများကို စက်ကိရိယာဖြင့် ဆောင်ရွက်ရန်။
(၁၂)    အထွက်နှုန်းနှင့် စျေးကွက် မသေချာမရေရာမှုများကို စီမံဆောင်ရွက်ရန်။
(၁၃)    အဆိုပြု နည်းစနစ်များ၏ လူမှုစီးပွားအခြေအနေကို စီစစ်လေ့လာရန်။
(၁၄)    ထုတ်လုပ်မှုကုန်ကျစရိတ်ကို လျှော့ချနိုင်မည့် နည်းစနစ်များ ဖော်ထုတ်ရန်။
(၁၅)    ဆီအုန်းစိုက်ပျိုးခြင်းတွင် မျိုးပွားခြင်းနည်းစံနစ်များ၊ အာဟာရဓာတ်နှင့် ပိုးမွှားစီမံခန့်ခွဲမှုစနစ်များကို ဖော်ထုတ်ဆောင်ရွက်ရန်/                              တိုးတက်စေရန်။
(၁၆)    ကဏ္ဍအတွင်းရှိ သက်ဆိုင်သူများအားလုံးသို့ နည်းပညာများ လွှဲပြောင်းပေးသွားရန်။
(၁၇)    ကဏ္ဍအတွင်းရှိ သက်ဆိုင်သူများအားလုံးသို့ အထူးဝန်ဆောင်မှုများ ပံ့ပိုးပေးရန်။
(၁၈)    သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို အထောက်အကူပေးနိုင်ရန် လူ့စွမ်းအားအရင်းအမြစ်၊ အခြေခံအဆောက်အအုံနှင့်                                   စာကြည့်တိုက်စသည့်တို့ တိုးတက်လာစေရန်။

အုန်းသီး ပြုပြင်ထုတ်လုပ်ခြင်းလုပ်ငန်း

အုန်းသီးပြုပြင်ထုတ်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်ကြသည့် ကုမ္ပဏီများသည် အောက်ဖော်ပြပါ ထုတ်ကုန်များကို အဓိကထားထုတ်လုပ်ကြပါသည်-
-    အုန်းဆံမှုန့်ခြောက် (Desiccated Coconut)
-    အုန်းဆံကြော် (Coconut Chips)
-    အုန်းဆီ (Coconut Oil)
-    အုန်းစိမ်းဆီ (Virgin Coconut Oil)
-    အုန်းနို့ (Coconut Milk)
-    အုန်းနှစ် (Coconut Cream)
-    အုန်းထောပတ် (Coconut Butter)
-    အုန်းမှုန့် (Coconut Flour)

အုန်းဆံမှုန့်အခြောက် ထုတ်လုပ်သည့်လုပ်ငန်းသည် လက်ရှိတွင် သီရိလင်္ကာနိုင်ငံရှိ စားသောက်ကုန် ပြုပြင်ထုတ်လုပ်သည့်လုပ်ငန်းများတွင် အရေး အကြီးဆုံး လုပ်ငန်းတစ်ခုဖြစ်သည်။  ၂၀၀၀ ခုနှစ်များ အစောပိုင်းကာလများ၌ပင် သီရိလင်္ကာနိုင်ငံ၏ အုန်းသီးအများဆုံးထုတ်လုပ်သည့် ဒေသဖြစ် သည့် (coconut triangle ) အတွင်းတွင် အုန်းဆံမှုန့်အခြောက် ထုတ်လုပ်သည့် စက်ရုံပေါင်း ၆၆ ရုံကျော်ရှိခဲ့ပါသည်။

စက်ရုံတစ်ရုံ၏ ပျမ်းမျှထုတ်လုပ်နိုင်စွမ်းမှာ တစ်ရက်လျှင် အုန်းသီးအလုံးရေ ၃၀,၀၀၀ မှ ၄၀,၀၀၀ အထိ ရှိနိုင်ပြီးနှင့် တစ်နှစ်လျှင် တန်ချိန် ၆၀,၀၀၀ ဝန်းကျင်ခန့်ထွက်ရှိသည်။ လက်ရှိတွင် သီရိလင်္ကာနိုင်ငံသည် အီးယူ၏ အုန်းဆံမှုန့်အခြောက် ဝယ်လိုအား၏ ၈% နှင့် အုန်းစိမ်းနှင့် အုန်းသီးခြောက် ကမ္ဘာ့ဝယ်လိုအား၏ ၅ % ကို တင်ပို့လျက်ရှိပါသည်။

နှစ်စဉ် အုန်းသီးထုတ်လုပ်မှု မြင့်တက်လာခြင်းသည် အုန်းသီးပြုပြင်ထုတ်လုပ်သည့်လုပ်ငန်းများ အထူးသဖြင့် ကြုံတွေ့နေရသော အဓိကပြဿနာ တစ်ရပ်ဖြစ်သည့် ကာလကြာရှည်မိုးခေါင်မှုကြောင့် အုန်းသီးကုန်ကြမ်းပြတ်လပ်မှုအတွက် အထောက်အကူပေးနိုင်မည်ဖြစ်သည်။ အုန်းသီးများ ရှား ပါးလာသည့်အချိန်တွင် စျေးနှုန်းသည် တဟုန်ထိုးတက်လာသဖြင့် ထုတ်လုပ်မှုကုန်ကျစရိတ်ကို တိုးမြင့်လာစေသည်။ ကဏ္ဍအတွင်းရှိ ကုမ္ပဏီများသို့ အုန်းသီးကုန်ကြမ်း ထောက်ပံ့ပေးနိုင်မှုတည်ငြိမ်ပြီး ဈေးနှုန်းသင့်လျော်စွာ ထားရှိပေးနိုင်ပါက ထုတ်လုပ်မှုနှင့် တင်ပို့မှုပမာဏကို တိုးမြှင့်နိုင်မည်ဖြစ် ပါသည်။

အခြားအုန်းသီးအခြေခံပစ္စည်း ထုတ်လုပ်မှုလုပ်ငန်းများ

အခြားအုန်းသီးအခြေခံ ထုတ်ကုန်ထုတ်လုပ်သည့် လုပ်ငန်းများဖြစ်သည့် အုန်းခွံနှင့် အုန်းဆံမျှင် အခြေခံကုန်ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းများ သည် အုန်းသီးအထွက်နှုန်း နည်းပါးခြင်းကြောင့် အုန်းသီးပြုပြင်ထုတ်လုပ်သည့် လုပ်ငန်းများကဲ့သို့ ထိခိုက်မှုများစွာမရှိခြင်းသည် ၎င်းတို့၏ ထုတ် ကုန်များအတွက် အသုံးပြုမည့်ကုန်ကြမ်းများကို ပြည်တွင်းစားသုံးမှုအတွက် အသုံးပြုသည့် အုန်းသီးများမှ ရယူနိုင်သောကြောင့်ဖြစ်သည်။ ထိုလုပ် ငန်းများအတွက်ပင်လျှင် အုန်းသီးအထွက်နှုန်း မြင့်တက်လာခြင်းသည် ကုန်ကြမ်းဝယ်ယူမှုစရိတ်နှင့် ထုတ်လုပ်မှုကုန်ကျစရိတ်ကို လျှော့ချရန် အခွင့် အလမ်းတစ်ခုဖြစ်သည်။ ထို့အပြင် ၎င်းတို့၏ ထုတ်လုပ်မှုနှင့် လုပ်ငန်းဆောင်ရွက်မှုများကိုလည်း အဆင့်မြှင့်တင်နိုင်မည်ဖြစ်ပါသည်။

အုန်းဆံမျှင် (Coco-Fiber) အခြေခံလုပ်ငန်းများ

နှစ်စဉ် အုန်းသီးအလုံးရေ သန်း ၂,၈၀၀ မှ ၃,၀၀၀ အတွင်းထွက်ရှိ၍ သီရိလင်္ကာနိုင်ငံ၏ အုန်းသီးအများဆုံးထုတ်လုပ်သည့် ဒေသဖြစ်သည့် (coconut triangle) ပြင်ပ၌ပင် အုန်းဆံခွံများကို ကောင်းစွာရရှိနိုင်သည်။ သို့သော်အုန်းဆံခွံများကို စုဆောင်းရာတွင် သယ်ယူပို့ဆောင်ခြင်းနှင့် သိုလှောင်ခြင်း ဆိုင်ရာ စိန်ခေါ်မှုများရှိသဖြင့် အုန်းဆံမျှင်နှင့် အုန်းဆံမှုန့်အခြေခံ စက်မှုလုပ်ငန်းများ တိုးတက်လာမှုကို အဟန့်အတားဖြစ်စေသည်။ အုန်းဆံခွံများ ကို ဒေသတွင်းတွင် ချက်ပြုတ်ရန်လောင်စာအဖြစ် အသုံးပြုခြင်းများကြောင့် ကုန်စည်နှင့် တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းအမျိုးမျိုး ထုတ်လုပ်ရန် အတွက် အုန်းဆံခွံရရှိနိုင်မှုကို အကန့်အသတ်ဖြစ်စေပါသည်။

အုန်းမှုတ်ခွံအခြေခံလုပ်ငန်းများ

သီရိလင်္ကာနိုင်ငံတွင် အုန်းဆံခွံကဲ့သို့ပင် အုန်းမှုတ်ခွံကို အုန်းမှုတ်ခွံမီးသွေး (Coconut Shell Charcoal) နှင့် သောက်သုံးရေနှင့် သဘာဝပတ်ဝန်း ကျင်ညစ်ညမ်းမှုများကို သန့်စင်ရာတွင် အသုံးပြုသည့် ကာဗွန် (Activated Carbon) များထုတ်လုပ်ရာတွင် အသုံးပြုသည့်အပြင် လက်မှုအနုပညာ ပစ္စည်း ထုတ်လုပ်လုပ်ငန်းသည့် လုပ်ငန်းများအတွက်လည်း အနည်းငယ်အသုံးပြုသည်။ ကမ္ဘာပေါ်တွင် Activated Carbon စျေးကွက်သည် ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂,၈၅၆.၇ သန်းရှိပြီး ၂၀၂၇ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄,၀၆၄.၇ သန်းရောက်ရှိရန် စီမံကိန်းချမှတ်ထားပြီး ခန့်မှန်း ထားသည့်ကာလအတွင်း နှစ်စဉ်စုစုပေါင်း တိုးတက်မှုရာခိုင်နှုန်း (Compound Annual Growth Rate - CAGR) သည် ၄.၈% ဖြစ်သည်။ ရေသန့်စင် ခြင်း (Water Treatment) နှင့် ရေဆိုးသန့်စင်ခြင်း (Sewage Treatment) များအတွက် အသုံးပြုမှုတိုးလာခြင်းသည် Activated Carbon ထုတ်လုပ် မှုတိုးတက်စေရန်အတွက် အဓိကအချက်တစ်ခုဖြစ်သည်။ Activated Carbon ဝယ်လိုအား မြင့်တက်လာခြင်းသည် သီရိလင်္ကာနိုင်ငံ၏ အုန်းမှုတ်ခွံ မီးသွေး နှင့် Activated Carbon ထုတ်လုပ်သူများနှင့် ကုန်သည်များအတွက် ကြီးမားသော တိုးတက်မှုအခွင့်အလမ်း တစ်ခုပင်ဖြစ်ပါသည်။

သီရိလင်္ကာနိုင်ငံရှိ အုန်းသီးနှင့် အုန်းသီးအခြေခံထုတ်ကုန်များအတွက် လုပ်ငန်းအလားအလာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နည်း

-    ကုန်ကြမ်းများ တည်ငြိမ်စွာရရှိစေရန် ထောက်ပံ့ရေးကွင်းဆက်တစ်လျှောက်ရှိ အခက်အခဲများ (Supply Chain Bottlenecks) ကို ဖယ်ရှားခြင်း။
-    ထုတ်ကုန်အသစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် တီထွင်ဆန်းသစ် ထုတ်လုပ်နိုင်ရန်အတွက် သုတေသနနှင့် နည်းပညာများ ဖွံ့ဖြိုးတိုးတက်           စေရန် မဟာဗျူဟာကျ ရင်းနှီးမြှုပ်နှံခြင်း။
-    စဉ်ဆက်မပြတ် လုပ်ငန်းစဉ်ဆောင်ရွက်မှုများ တိုးတက်စေခြင်း။
-    ထုတ်ကုန်အရည်အသွေးမြှင့်တင်ခြင်း။
-    စက်ရုံ၊ စက်ပစ္စည်းနှင့် သိုလှောင်ရုံများ အဆင့်မြှင့်တင်ခြင်း။
-    လုပ်ငန်းကျွမ်းကျင်မှု တိုးတက်စေခြင်း။

 

(ခက်ခက်နွယ်ဖူး၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့)

Source: Srilanka Export Development Board
 

 

Category: International News