International News

အာဆီယံ- ဩစတြေးလျ - နယူးဇီလန် လွတ်လပ်သောကုန်သွယ်မှုဒေသ (AANZFTA) တိုးချဲ့ ဆောင်ရွက်မှု

Last Updated:

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်၊ ဖနွမ်းပင်မြို့၊ ၂၀၂၂ ခုနှစ်၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌ အဖြစ်တာဝန်ယူထားသည့် ကမ္ဘောဒီးယားနိုင်ငံ၊ အာဆီယံ- ဩစတြေးလျ - နယူးဇီလန် လွတ်လပ်သော ကုန်သွယ်မှုဒေသ (AANZFTA) ၏ နိုင်ငံဆိုင်ရာညှိနှိုင်းရေးမှူးတာဝန်ယူထားသည့် ဘရူနိုင်းနိုင်ငံ၊ ဩစတြေးလျနှင့် နယူးဇီလန်နိုင်ငံများမှ ခေါင်းဆောင်များက AANZFTA စာချုပ်အဆင့်မြှင့်တင်ခြင်းအတွက် ဆွေးနွေးမှုအပြီးသတ်ပြီဖြစ်ကြောင်း အကြိမ် (၄၀) နှင့် (၄၁) ကြိမ်မြောက် အဆီယံထိပ်သီးအစည်းအဝေးတွင် ကြေငြာခဲ့ကြသည်။ အဆိုပါဆွေးနွေးမှုသည် အာဆီယံ အလှည့်ကျဥက္ကဋ္ဌတာဝန်ယူထားသည့် ကမ္ဘောဒီးယားနိုင်ငံက ၎င်းတာဝန်ယူစဉ်အတွင်း ပြီးမြောက်အောင်ဆောင်ရွက်သွားမည့် စီးပွားရေးရာ ဦးတည်ချက်တစ်ခုလည်းဖြစ်ပါသည်။ ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ဒေသတွင်းပထဝီနိုင်ငံရေးအရ တင်းမာမှုများရှိခဲ့သော်လည်း အာဆီယံ၊ ဩစတြေးလျနှင့် နယူးဇီလန်တို့အကြား ကုန်သွယ်မှု တိုးတက်လျက်ရှိခဲ့ပါသည်။ ၂၀၂၁ ခုနှစ်တွင် အာဆီယံနိုင်ငံများနှင့် ဩစတြေးလျနိုင်ငံတို့အကြား စုစုပေါင်းကုန်သွယ်မှုပမာဏမှာ အမေရိကန် ဒေါ်လာ ၈၁.၆ ဘီလီယံ ရှိခဲ့ပြီး နှစ်အလိုက်တိုးတက်မှုမှာ ၄၉% အထိရှိခဲ့သဖြင့် ကိုဗစ်-၁၉ မတိုင်မီ ကာလထက်ပိုများခဲ့ပါသည်။ အာဆီယံနိုင်ငံများနှင့် နယူးဇီလန်နိုင်ငံတို့အကြား ကုန်သွယ်မှုမှာ ၂၀၂၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံရှိခဲ့ပြီး နှစ်အလိုက်တိုးတက်မှု ၂၂.၅% ရှိခဲ့ကာ ဩစတြေးလျနှင့် နယူးဇီလန်နိုင်ငံများမှ အာဆီယံနိုင်ငံများသို့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) စီးဝင်မှုမှာ အမေရိကန်ဒေါ်လာ ၅၈၉ မီလီယံ ရှိခဲ့ပါသည်။

အာဆီယံ-ဩစတြေးလျ-နယူးဇီလန် လွတ်လပ်သောကုန်သွယ်မှုဒေသသဘောတူစာချုပ်ကို ၂၀၀၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ထိုင်းနိုင်ငံ၌ လက်မှတ်ရေးထိုးခဲ့ကြပြီး ကြုံတွေ့ လာနိုင်သည့် စိန်ခေါ်မှုများ၊ စာချုပ်၏ရည်ရွယ်ချက်များနှင့်ကိုက်ညီစေရန် စာချုပ်အဆင့်မြှင့်တင်နိုင်ရေး ဆွေးနွေးလျက်ရှိပါသည်။ ယခုကဲ့သို့ စာချုပ်အဆင့်မြှင့်တင်မှု ဆွေးနွေးချက်များသည် ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသတွင်းစိန်ခေါ်မှုများကို တုံ့ပြန်နိုင်ရေးနှင့် ကပ်ရောဂါပြီးနောက်ပိုင်း စီးပွားရေးပြန်လည်ထူတောင်နိုင်ရေးကို အထောက်အကူပြုနိုင်ရန် ရည်ရွယ်လျက် စီးပွားရေးလုပ်ငန်းများအတွက်လည်း လိုက်လျောညီထွေရှိပြီး စာချုပ်၏ အဆင့်အတန်းမြင့်မားမှုကို ထိန်းသိမ်းရန်ရည်ရွယ်ပါသည်။ AANZFTA စာချုပ်၏ အဆင့်မြှင့်တင်သည့် နယ်ပယ်များဖြစ်သော ပွင့်လင်းမြင်သာမှုရှိသော အစီအမံများ၊ ပို့ကုန်သွင်းကုန်များအတွက် အချိန်နှင့် စရိတ်လျော့ချခြင်း၊ ကုန်သွယ်မှုအတွက် နည်းပညာများအသုံးပြုခြင်း၊ ပညာရေးဝန်ဆောင်မှု၊ ရေရှည်ဖွံ့ဖြိုးတိုးတက် ရေးနှင့် ဒီဂျစ်တယ်နည်းပညာကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်ခြင်း၊ အစိုးရဝယ်ယူရေး လုပ်ငန်းစဉ်များအပါအဝင် အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများတွင် ပါဝင်မှု မြှင့်တင်ခြင်းနှင့် အကျပ်အတည်းကာလအတွင်း အဓိကကုန်စည်များ ပို၍လွယ်ကူမြန်ဆန်စွာ စီးဆင်းစေခြင်း စသည့်နယ်ပယ်တို့မှတစ်ဆင့် စီးပွားရေးလုပ်ငန်းများအတွက် အကျိုးရှိစေမည် ဖြစ်ပါသည်။

အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် Datto Lim Jock Hoi ကလည်း AANZFTA ၏ အဓိက အရေးကြီးသည့် အချက်တစ်ခုဖြစ်သည့် AANZFTA စာချုပ်အဆင့်မြင့်တင်ခြင်းတွက် ဆွေးနွေးမှု အဆုံးသတ်နိုင်ခြင်းကို ကြိုဆိုပါကြောင်း၊ AANZFTA သည် အာဆီယံ-ဩစတြေးလျ မဟာဗျူဟာ ကျသော ဘက်စုံပူးပေါင်းဆောင်ရွက်မှုနှင့် အာဆီယံ-နယူးဇီလန် မဟာဗျူဟာကျသော ဘက်စုံ ပူးပေါင်းဆောင်ရွက်မှုတို့အတွက်သာမက ဒေသတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ဆောင်ရွက်ရန်ဖြစ်ပါကြောင်း အလေးထားပြောကြားခဲ့ပြီး ဤဆွေးနွေးမှုသည် ဒေသတွင်း စီးပွားရေးတွင် အာဆီယံဦးဆောင်မှုဖြင့် ခိုင်မာသော၊ ပူးပေါင်းဆောင်ရွက်မှု ကြာရှည်ပြီး  တိုးတက်မှုရှိသော ပူးပေါင်းဆောင်ရွက်မှု တစ်ခုဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့ပါသည်။

 

 

ခင်ဆွေဦး (ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန)

Source: https://asean.org/asean-australia-new-zealand-free-trade-area-upgraded/

Category: International News