International News

အာရှနှင့် ပစိဖိတ်ဒေသ၏ စားနပ်ရိက္ခာဖူလုံရေး

Last Updated:

အာရှနှင့်ပစိဖိတ်ဒေသတွင် စားနပ်ရိက္ခာဖူလုံရေးသည် စိန်ခေါ်မှုများရှိလာပြီး ရာသီဥတုပြောင်းလဲမှုနှင့်ဇီဝမျိုးစုံမျိုးကွဲများဆုံးရှုံးလာရခြင်းတို့ကြောင့် ဖြစ်ပေါ်လာသည့် သက်ရောက်မှုများကိုလျော့ပါးစေရန် ၂၀၂၂-၂၀၂၅ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံခန့် အထောက်အပံ့ ပေးအပ်သွားမည်ဟု အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က ကြေညာထားပါသည်။

ယခုနှစ်တွင် သိသိသာသာ မြင့်တက်ခဲ့သော စားသောက်ကုန်ဈေးနှုန်းများနှင့် ဆင်းရဲမွဲတေမှုတို့ကြောင့် ဒေသတွင်းအစားအစာကူညီထောက်ပံ့သည့် တုံ့ပြန်ဆောင်ရွက်မှုများအတွက် အမေရိကန်ဒေါ်လာ တစ်ဘီလီယံခန့် သုံးစွဲခဲ့ပြီး၊ ယခုပမာဏသည်  ပိုမိုများပြားသည့် အထောက်အပံ့ဖြစ်လာမည် ဖြစ်ပါသည်။ ADB သည် ဒေသတွင်းရှိလယ်ယာသွင်းအားစုများ၊ အစားအစာထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေး၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး စသည့်ကဏ္ဍများတွင် ဆောင်ရွက်လျက်ရှိသော စီမံကိန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် စီမံကိန်း အသစ်များမှတစ်ဆင့် အကူအညီများပေးအပ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး ဒေသတွင်းစွမ်းအင်အကူးအပြောင်း၊  လမ်းပန်းဆက်သွယ်ရေး၊ ကျေးလက်ဒေသစီးပွားရေး၊ ထိရောက်သောပတ်ဝန်းကျင်စီမံခန့်ခွဲမှု၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများကဲ့သို့ စားနပ်ရိက္ခာဖူလုံရေးကို အထောက်အကူပြုသည့် ကဏ္ဍများတွင်လည်း အကူအညီများပေးအပ်သွားမည် ဖြစ်ပါသည်။

ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများသည် ပိုမိုဆိုးရွားလာသဖြင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုများကို မပျက်စီးစေရေးအတွက် ဆောင်ရွက်ရန် လိုအပ်လာပြီး ဒေသတွင်းရှိ ဝင်ငွေနည်းသော မိသားစုများအတွက် အရေးတကြီးလိုအပ်နေသည့် အထောက်အပံ့ဟု ADB က လက်ခံထားပါသည်။

ရာသီဥတုဖောက်ပြန်မှု၏ အကျိုးဆက်များ၊ ကူးစက်ရောဂါဖြစ်ပွားမှုနှင့် လယ်ယာလုပ်ငန်း ဆောင်ရွက်မှုအလေ့အကျင့်ကောင်းများ လျော့နည်းခြင်းတို့ကြောင့် ကမ္ဘာ့ဈေးကွက်တွင် အစားအစာ ဈေးနှုန်းများကြီးမြင့်လာခြင်း၊ ထောက်ပံ့မှုပြတ်လပ်ခြင်းများဖြစ်ပေါ်ခဲ့ပြီး ရုရှား-ယူကရိန်း တင်းမာမှု ကြောင့် ပိုမိုဆိုးရွားသည့် အခြေအနေများ ဖြစ်ပေါ်လျက်ရှိပါသည်။

ရာသီဥတုပြောင်းလဲမှုနှင့် မြေဆီလွှာ၊ ရေချိုနှင့် အဏ္ဏဝါဂေဟစနစ်များ ပျက်စီးယိုယွင်းမှုဖြစ်ပေါ် လာစေမည့် ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးတို့ခြင်းမှ ကာကွယ်ရန်နှင့် ဒေသတွင်းသဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်ရေးသည် ရေရှည်မျှော်မှန်းချက်တစ်ခုဖြစ်ပြီး လယ်သမားများနှင့် လယ်ယာစီးပွားရေးလုပ်ငန်းများကို ပံ့ပိုးသွားရန် ဖြစ်ပါသည်။ ADB ၏ အကူအညီပေးရေးအစီအစဉ်ကို ယခုနှစ် ၂၀၂၂ ခုနှစ်တွင် စတင်သွားမည်ဖြစ်ပြီး ၂၀၂၅ ခုနှစ်အထိ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပါသည်။

 

 

 

လဲ့လဲ့နှင်း (MYANTRADE)

 

Source: https://www.adb.org/news/adb-plans-14-billion-ease-food-crisis-promote-long-term-food-security-asia-and-pacific

Category: International News