International News

အိန္ဒိယနိုင်ငံရှိ ပို့ကုန်လုပ်ငန်းရှင်များနှင့် နိုင်ငံခြားဝယ်လက်များကို ချိတ်ဆက်ပေးမည့် B2B ဒီဂျစ်တယ်ဈေးကွက် (သို့မဟုတ်) The Indian Business Portal

Last Updated:

အိန္ဒိယနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအောက်ရှိ အိန္ဒိယပို့ကုန်အဖွဲ့အစည်း (FIEO) သည် ၂၀၂၂ ခုနှစ်၊ မေလ ၂၇ ရက်နေ့တွင် The Indian Business Portal (https://www.indian businessportal.in/) ကို လွှင့်တင်ခဲ့ပါသည်။ အဆိုပါPortal သည် အိန္ဒိယပို့ကုန်လုပ်ငန်းရှင်များကို နိုင်ငံခြားဝယ်လက်များနှင့်ချိတ်ဆက်ပေးသည့် B2Bစီးပွားရေးပလက်ဖောင်းတစ်ခုဖြစ်ပြီး အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ၊ လက်မှုပညာရှင်များနှင့် လယ်သမားများအနေဖြင့် ၎င်းတို့၏ ထုတ်ကုန်များအတွက် ဈေးကွက်အသစ်များကို ရှာဖွေဖော်ထုတ်နိုင်ပြီး ကမ္ဘာတစ်ဝန်းရောင်းအားကို တိုးတက်စေရန်ရည်ရွယ်၍ လွှင့်တင်ထားခြင်းဖြစ်ပါသည်။ အဆိုပါ Portal ကို အိန္ဒိယပို့ကုန်အဖွဲ့အစည်းနှင့် GlobalLinker တို့ ပူးပေါင်းကာ ဒီဇိုင်းထုတ်ထားခြင်းဖြစ်ပြီး၊ နိုင်ငံအတွင်းရှိ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာလုပ်ငန်းများကို မြှင့်တင်ပေးရန်နှင့် “အိန္ဒိယနိုင်ငံတွင် ထုတ်လုပ်သည်” ဟူသော ပို့ကုန်ဦးစားပေး ထုတ်လုပ်မှုများ အရှိန်မြှင့်ဆောင်ရွက်ရန်အတွက် အိန္ဒိယအစိုးရ၏ ကြိုးစားအားထုတ်မှု အစိတ်အပိုင်းတစ်ခုဖြစ်ပါ သည်။ ထို့ပြင် ကုန်သွယ်မှုဆောင်ရွက်သူများအတွက် လုပ်ငန်းစဉ်များ ရိုးရှင်းလွယ်ကူစေရန်၊ သက်ဆိုင်ရာအစိုးရဌာနများအကြား အွန်လိုင်းမှတစ်ဆင့်သတင်းအချက်အလက်ဖလှယ်မှုများ လွယ်ကူချောမွေ့စေရန်၊ အချက်အလက်များထုတ်ပေးရန်နှင့် ဒီဂျစ်တယ်ငွေပေးချေမှုများ ပြုလုပ်နိုင်ရန်တို့အတွက် အိန္ဒိယအစိုးရအနေဖြင့် အာရုံစိုက်ဆောင်ရွက်နေသည့် Paperless and automated processing systems အတွက် ရလဒ်တစ်ခုလည်း ဖြစ်ပါသည်။
အိန္ဒိယပို့ကုန်အဖွဲ့အစည်း (FIEO)
အိန္ဒိယပို့ကုန်အဖွဲ့အစည်းသည် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအောက်တွင်ရှိပြီး နိုင်ငံခြားဈေးကွက်ကို ထိုးဖောက်တင်ပို့နေကြသောအိန္ဒိယစီးပွားရေးလုပ်ငန်းရှင်များနှင့် ကုန်သည်များကို ကိုယ်စားပြုပါသည်။ ထို့ပြင်အိန္ဒိယပို့ကုန်အဖွဲ့အစည်းသည် အစိုးရအသိအမှတ်ပြု ပို့ကုန်မြှင့်တင်ရေးကောင်စီ (EPCs) ၏ အဆင့်အမြင့်ဆုံးအဖွဲ့ဖြစ်ပြီး အိန္ဒိယကုန်သည်များနှင့် ဗဟို/ပြည်နယ် အစိုးရများအကြား ချိတ်ဆက်ဆောင်ရွက်ပေးခြင်း၊ ဘဏ္ဍာရေးဆိုင်ရာအဖွဲ့အစည်းများ၊ ဆိပ်ကမ်းများ၊ ရထားလမ်းများနှင့် ပို့ကုန်တင်ပို့မှုလွယ်ကူချောမွေ့စေရေးနှင့် ဆက်စပ်သည့်လုပ်ငန်းများကို ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိပြီးအိန္ဒိယနိုင်ငံရှိ အဖွဲ့အစည်းများနှင့် ဝန်ဆောင်မှုကဏ္ဍများမှ ပို့ကုန်လုပ်ငန်းရှင်ပေါင်း ၂၀၀,၀၀၀ ကျော်၏ အကျိုးစီးပွားကို ဆောင်ရွက်ပေးလျက်ရှိသည်။ 
အိန္ဒိယနိုင်ငံ၏ ပို့ကုန်တင်ပို့မှုတိုးတက်စေရေး အရှိန်အဟုန်မြှင့်တင်ရန် ရည်မှန်းချက်
The Indian Business Portal တည်ထောင်ခြင်းသည် ပို့ကုန်တင်ပို့မှု ကျယ်ပြန့်လာစေရန်အတွက် တွန်းအားပေးဆောင်ရွက်နေသော အိန္ဒိယအစိုးရ၏ ဆောင်ရွက်ချက်များနှင့်လည်း ကိုက်ညီမှုရှိပါသည်။ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း အိန္ဒိယနိုင်ငံသည် ကုန်စည်နှင့်ဝန်ဆောင်မှုများကို စံချိန်တင်တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၆၇၆.၂ ဘီလီယံရရှိခဲ့ပါသည်။ အိန္ဒိယနိုင်ငံ၏ စုစုပေါင်း ပို့ကုန်သည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၅၂၆.၆ ဘီလီယံနှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ၄၉၇.၉ ဘီလီယံ ရှိခဲ့ပါသည်။ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း ကုန်စည်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၄၂၁.၈ ဘီလီယံ ရောက်ရှိခဲ့ပြီး ဘဏ္ဍာနှစ်အလိုက် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ထက် ၃၄.၆ % နှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ထက် ၄၄.၆ % တိုးတက်လာခဲ့ပါသည်။ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း အဓိကကုန်စည်တင်ပို့မှုများကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်နှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ရေနံထုတ်ကုန် (၁၅၂.၁ %) ၊ ချည်ခင်၊ ရက်ကန်း ထည်များအစရှိသဖြင့် (၅၅.၁ %) ၊ အစေ့အဆံ (၅၂.၂ %) ၊ ကျောက်မျက်နှင့်လက်ဝတ်ရတနာ (၄၉.၆ %) ၊ လက်လုပ် ချည်ခင်၊ အထည် အစရှိသဖြင့် (၄၆.၉ %)၊ အင်ဂျင်နီယာသုံးပစ္စည်းများ (၄၅. ၅%) ၊ ကော်ဖီ (၄၉ %) ၊ အီလက်ထရောနစ်ပစ္စည်း (၄၀.၅ %)၊ ဂုန်လျှော်နှင့် ဂုန်လျှော်ကော်ဇော (၃၆.၂ %)၊ သားရေနှင့် သားရေထုတ်လုပ်ခြင်း (၃၂.၂ %) ၊ အော်ဂဲနစ်နှင့် အင်အော်ဂဲနစ်ဓာတု ပစ္စည်းများ (၃၂ %) ၊ ပလတ် စတစ်နှင့် ဖယောင်းပုဆိုး (၃၁.၁ %) ၊ ရေထွက်ကုန် (၃၀ %) ၊ အသင့်သုံးအထည်အလိပ်များ (၂၉.၉ %) ၊ လက်မှုပညာပစ္စည်းများ (လက်လုပ်ကော်ဇောမပါ) (၂၂%)၊ အစေ့အဆံဖြင့် ပြုလုပ်ထားသော အစားအသောက်များနှင့် ပြုပြင်ထုတ်လုပ်ထားသော စားသောက်ကုန် အမျိုးမျိုး (၂၁.၉ %) တိုးတက်လာပါသည်။ 
အိန္ဒိယနိုင်ငံ၏ ပို့ကုန်တင်ပို့မှုကို လေ့လာပါက ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ဈေးကွက်အသစ်များသို့ ကုန်စည်တင်ပို့မှု တိုးတက်လာသည်ကို တွေ့ရှိရပါသည်။ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း နိုင်ငံအလိုက်တင်ပို့မှုများကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်နှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက အမေရိကန် (၄၆.၄ %) ၊ ယူအေအီး (၆၆.၉ %)၊ ဘင်္ဂလားဒေ့ရှ် (၆၄.၅ %)၊ နယ်သာလန် (၉၀.၅ %)၊ စင်ကာပူ (၂၆.၈ %)၊ ဟောင်ကောင် (၇.၈ %)၊ ယူကေ (၂၈ %)၊ ဘယ်ဂျီယံ (၉၀.၄ %) နှင့် ဂျာမနီ (၂၁.၁%) တိုးတက်လာပါသည်။ အမေရိကန်နိုင်ငံသည် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် အိန္ဒိယနိုင်ငံ၏ ထိပ်တန်းကုန်သွယ်ဖက်နိုင်ငံဖြစ်လာပြီး အိန္ဒိယနိုင်ငံ၏ ပို့ကုန်ပမာဏသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၅၁.၆၂ ဘီလီယံရှိရာမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၇၆.၁၁ ဘီလီယံ တိုးတက်ရရှိခဲ့ပါသည်။ အိန္ဒိယနိုင်ငံသည် အမေရိကန်နိုင်ငံနှင့် ကုန်သွယ်မှုတိုးတက်လာသည့်အတွက် ဖြစ်တောင့်ဖြစ်ခဲ ကုန်သွယ်မှုပိုငွေများ ရရှိလျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၃၂.၈ ဘီလီယံရရှိခဲ့ပါသည်။The Indian Business Portal ၏ အဓိကရည်ရွယ်ချက်များမှာ အိန္ဒိယနိုင်ငံ၏ ပို့ကုန်လုပ်ငန်းရှင်များကို ဒီဂျစ်တယ်ပုံစံဖြင့် အွန်လိုင်းတွင် ရှာဖွေတွေ့ရှိနိုင်ရန် ကူညီဆောင်ရွက်ပေးခြင်း၊ အိန္ဒိယနိုင်ငံရှိ  ပြည်နယ်အားလုံး၏ ပို့ကုန်မြှင့်တင်ပေးခြင်း၊ ထုတ်ကုန်နှင့်ဝန်ဆောင်မှုအမျိုးမျိုးကို ပြသခြင်း၊ ဝယ်သူများနှင့်ရောင်းသူများအကြား Virtual အစည်းအဝေးများ ပြုလုပ်နိုင်ရန် အားပေးခြင်း နှင့်အိန္ဒိယပို့ကုန်လုပ်ငန်းရှင်များ၏ ယုံကြည်စိတ်ချရသော ကွန်ရက်တစ်ခုကို နိုင်ငံခြားဝယ်လက်များထံသို့ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ပေးရန်ဖြစ်သည်။
The Indian Business Portal ၏ အဓိက လုပ်ငန်းတာဝန်များ
အိန္ဒိယပို့ကုန်အဖွဲ့အစည်းသည် အိန္ဒိယပို့ကုန်လုပ်ငန်းရှင်များ၊ အသေးစား၊အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် လက်မှုပညာရှင်များ၏ ထုတ်ကုန်နှင့်ဝန်ဆောင်မှုများကို ကမ္ဘာတစ်ဝန်းအရောင်းမြှင့်တင်ရန်အတွက် အကူအညီပေးနိုင်ရန် ဈေးကွက်မြှင့်တင်ခြင်းကို ဆောင်ရွက်ပေးမည် ဖြစ်သည်။ ရောင်းသူနှင့်ဝယ်သူအကြား အစည်းအဝေးများ ကျင်းပနိုင်ရန် ဆောင်ရွက်ပေးခြင်းနှင့် နိုင်ငံရပ်ခြားမှ စားသုံးသူများအနေဖြင့် ပမာဏအနည်းငယ်သာ ရောင်းချရန် ကမ်းလှမ်းထားသော လက်မှုပညာရှင်များနှင့် ပို့ကုန်လုပ်ငန်းရှင်များထံတွင် တိုက်ရိုက်ဝယ်ယူနိုင်ရန်အတွက် ပံ့ပိုးကူညီပေးခြင်းတို့ကို ဆောင်ရွက်ပေးပါသည်။ အိန္ဒိယလက်မှုပညာရှင်များ၊ လယ်သမားများ၊ ထုတ်လုပ်သူများသည် အိန္ဒိယပထဝီဒေသဆိုင်ရာအညွှန်း အမျိုးအစားပေါင်း ၃၇၀ ကျော်ကို ရောင်းဝယ်ဖောက် ကားလျက်ရှိရာ Portal တွင် ၎င်းတို့၏ ကုန်ပစ္စည်းကတ်တလော့များကို ဒီဂျစ်တယ်ပုံစံပြောင်းပေးခြင်းနှင့် ထူးခြားသောကမ်းလှမ်းချက်များကို ပြသပေးထားပါသည်။ ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့အစည်း (WIPO) ၏ အဆိုအရ ပထဝီဒေသဆိုင်ရာအညွှန်းသင်္ကေတများ သည် ထုတ်ကုန်များတွင် တိကျသော ပထဝီဆိုင်ရာဇာစ်မြစ်ဒေသရှိခြင်းနှင့် ထိုဇာစ်မြစ်ဒေသကို အစွဲပြု၍ နာမည်ကြီးခြင်း သို့မဟုတ် အရည်အသွေးများရှိခြင်းကို ရည်ညွှန်းပါသည်။
The Indian Business Portal ၏ စွမ်းဆောင်နိုင်မှု
The Indian Business Portal သည် အိန္ဒိယနိုင်ငံတွင် တရားဝင်မှတ်ပုံတင်ထားပြီး ပို့ကုန်လုပ်ငန်းရှင်များတွက် ကုန်ပစ္စည်းများကို ရောင်းဝယ်ဖောက်ကားနိုင်သည့် ပလက်ဖောင်းတစ်ခုဖြစ်သည်။ ထို့ကြောင့်သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များနှင့် ကုန်သွယ်မှု ကွင်းဆက်တစ်ခုလုံးရှိ သက်ဆိုင်သူများအားလုံးကို အဆိုပါ Portal ၏ ဒီဂျစ်တယ်ဂေဟစနစ်အောက်တွင် ပေါင်းစုဖွဲ့ထားပါသည်။ Portal ကို အသုံးပြုသူများအနေဖြင့် ထုတ်ကုန်များ၏ ပေါက်ဈေးကို သိရှိနိုင်မည်ဖြစ်ပြီး ထုတ်ကုန်ပစ္စည်းစာရင်းများကိုလည်း အလွယ်တကူရှာ ဖွေနိုင်မည်ဖြစ်သည်။ Portal ရှိ Search Function တွင် ထုတ်ကုန်များ၊ ဖြန့်ဖြူးသူအမည်များနှင့် ITC-HSN များကို ရှာဖွေနိုင်မည်ဖြစ်သည်။ Portal တွင် ထုတ်ကုန်များ၏ ဈေးနှုန်းများကို ဖော်ပြရာ၌ အိန္ဒိယနိုင်ငံတွင် ရောင်းချသော ထုတ်ကုန် ၏ဈေးနှုန်းနှင့် ကိုက်ညီသည့် နိုင်ငံခြားငွေကြေးဈေးနှုန်းများကို ဖော်ပြထားပါသည်။ ထုတ်ကုန်၏ အမှန်တကယ်ဈေးနှုန်းသည် ဝယ်ယူစဉ်တွင် ဖြစ်ပေါ်နေသော ငွေလဲလှယ်နှုန်း၊ ဝယ်ယူသူအသုံးပြုသည့်ဘဏ်၏ ငွေကြေးဆိုင်ရာစည်းမျဉ်းစည်းကမ်းများအပေါ်တွင် မူတည်၍ Portal တွင် ဖော်ပြထားသော ဈေးနှုန်းနှင့် ကွာခြားမှုရှိနိုင်ပါသည်။ The Indian Business Portal မိတ်ဆက် လွှင့်တင်ချိန်တွင် အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်း ၂၀၀၀ ကျော် ပူးပေါင်းပါဝင်ခဲ့ကြပြီး ၎င်းတို့၏ထုတ်ကုန်နှင့်ဝန်ဆောင်မှုပေါင်း ၄၀၀၀၀ ကျော်ပါဝင်ခဲ့ပါသည်။ လက်ရှိအချိန်တွင် The Indian Business Portal ၌ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းပေါင်း ၁၄၀၀၀ ကျော် မှတ်ပုံတင်ထားပြီးဖြစ်ပါသည်။ 

Ref: www.india-briefing.com
မေအောင်လိန်း (MYANTRADE) 

 

Category: International News