International News

အီးယူကောင်စီဥက္ကဋ္ဌ တရုတ်နိုင်ငံသို့ သွားရောက်မည့်အစီအစဉ်

Last Updated:

အီးယူကောင်စီဥက္ကဋ္ဌ Mr.Charles Michel သည် လာမည့်အပတ်အတွင်း ဒီဇင်ဘာလ(၁)ရက်နေ့တွင် တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်၍ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်နှင့် တာဝန်ရှိသူများနှင့် တွေ့ဆုံသွားမည်ဖြစ်ပြီး အီးယူခေါင်းဆောင်တစ်ဦး အနေဖြင့် ၂၀၁၈ ခုနှစ် နောက်ပိုင်း တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ်သွားရောက်ခြင်းဖြစ်ကြောင်း၊အောက်တိုဘာလအတွင်း အီးယူခေါင်းဆောင်များအကြားအီးယူဒေသနှင့် တရုတ်နိုင်ငံအကြားဆက်ဆံရေးကို ညှိနှိုင်းဆောင်ရွက်နိုင်မည့်နည်းလမ်းများအတွက် မဟာဗျူဟာကျသော ဆွေးနွေးမှုများရှိခဲ့ပြီးနောက်ပိုင်း ဆက်လက်ဆောင်ရွက်သည့် အစီအစဉ်ဖြစ်ကြောင်း၊ လူ့အခွင့်အရေး၊ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု၊ စီးပွားရေးဆက်သွယ်ဆောင်ရွက်မှုနှင့် ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးအခက်အခဲပြဿနာများ၊ ကမ္ဘာတစ်ဝှမ်း တွေ့ကြုံနေရသည့် စိန်ခေါ်မှုများသည် ဆွေးနွေးမှုများတွင်ပါဝင်မည့် အကြောင်းအရာများဖြစ်နိုင်ကြောင်း သိရှိရပါသည်။

အီးယူအနေဖြင့် ရုရှားနိုင်ငံနှင့်ဆက်ဆံရေးတင်းမာပြတ်တောက်နေချိန်နှင့် တရုတ်နိုင်ငံနှင့် အနောက်အုပ်စုနိုင်ငံများအကြား ဆက်ဆံရေးတင်းမာနေချိန်တွင် တရုတ်နိုင်ငံသည် အီးယူ၊ အမေရိကန်နှင့် အခြားမိတ်ဘက်နိုင်ငံများအတွက် အင်အားခိုင်မာ တောင့်တင်းသော ပြိုင်ဘက်တစ်ဦး ဖြစ်လာပြီး လက်ရှိနှင့်တွေ့ကြုံလာရနိုင်သည့် စိန်ခေါ်မှုများအတွက် အကောင်းဆုံးတုန့်ပြန် ဆောင်ရွက်နိုင်မည့်နည်းလမ်းများကို လေ့လာ ဆောင်ရွက်ရန် အရေးကြီးကြောင်း ရှုမြင်သုံးသပ်လာပါသည်။ Mr.Charles Michel သည် ယခုနှစ် ဧပြီလအတွင်းက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်နှင့် ဗီဒီယိုဖုန်း ပြောဆိုမှုရှိထားပြီး နိုဝင်ဘာလအတွင်း အင်ဒိုနီးရှားနိုင်ငံ ဘာလီတွင်ပြုလုပ်ခဲ့သည့် G-20 အစည်းအဝေးတွင် အီးယူအနေဖြင့် တရုတ်နိုင်ငံနှင့်ဆက်ဆံရေးကို ဟန်ချက်ညီအောင် ပြန်လည်တည်ဆောက်ရန်လိုအပ်ကြောင်း၊ သို့သော်တစ်ဦးနှင့် တစ်ဦးအကြား နားလည်မှုများ ကောင်းစွာတိုးတက်ရရှိကြရန်အတွက် ဆွေးနွေးလက်ခံမှုများပြုလုပ်ကြရန်အရေးကြီးကြောင်း၊ ပြောကြားခဲ့ပါ သည်။

ယူရိုဇုန်ဒေသတွင် ငွေကြေးဖောင်းပွမှုနှုန်းမှာ အောက်တိုဘာလတွင် (၁၀.၆)ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့ပြီး အတိုးနှုန်းမှာ ဇူလိုင်လမှ အောက်တိုဘာလအတွင်း သုံးကြိမ်တိုးမြှင့်ပေးခဲ့ပြီးဖြစ်ကာ လာမည့်ဒီဇင်ဘာလအစည်းအဝေးတွင် ထပ်မံတိုးမြှင့်ဘွယ်ရှိကြောင်း European Central Bank (ECB) ၏ Governing council အဖွဲ့ဝင်နှင့် ဩစတြီးယားနိုင်ငံ အမျိုးသားဘဏ်အကြီးအကဲဖြစ်သူ Mr.Robert Holzmann က ပြောကြားပါသည်။ ယူရိုဇုန်ဒေသအတိုးနှုန်းနှင့်ပတ်သက်၍ နိုင်ငံရေးလေ့လာသူများ၊ ဘဏ်လုပ်ငန်းနှင့် စီးပွားရေးကျွမ်းကျင်ပညာရှင်များက ဆက်လက်တိုးမြှင့် သင့်၊ မသင့်အပေါ် ဝေဖန်ထောက်ပြမှုများလည်း ပြုလုပ်လျက်ရှိကြပါသည်။

 

 

( မြန်မာစီးပွားရေးသံမှူး၊ ဘာလင်မြို့)

Source: https://www.ft.com/content/ec6c4fc7-5fe8-4ec1-8a6c-b923c432c2ae

https://www.ft.com/content/2f43d51f-2863-40b0-bf6d-05fa0cf161a2

Category: International News