ဧရာဝတီတိုင်းဒေသကြီး၏ မတ်ပဲဈေးနှုန်းများမှာ လွန်ခဲ့သော သီတင်းပတ်အတွင်း ဈေးနှုန်း အတက်အကျအနည်းငယ်ရှိခဲ့ပြီး ဈေးတန်းတစ်ခုအတွင်းဈေးငြိမ်နေဆဲဖြစ်ကြောင်း သိရှိရပါသည်။ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့သော မတ်ပဲဈေးနှုန်းများမှာ ဇွန်လ ၂၄ ရက်နေ့တွင် မတ်ပဲ ၁ တင်းဈေးနှုန်းသည် ကျပ်၁၀၁၅၀၀၊ ဇွန်လ ၂၅ ရက်နေ့တွင် ကျပ် ၁၀၂၅၀၀၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျပ် ၁၀၃၃၀၀၊ ဇွန်လ ၂၉ ရက်နေ့တွင် ကျပ် ၁၀၂၅၀၀၊ ဇွန်လ ၃၀ ရက်နေ့တွင် ကျပ် ၁၀၂၀၀၀ အသီးသီးဖြစ်ပါသည်။
မြန်မာမတ်ပဲကိုအဓိကဝယ်ယူလျှက်ရှိသည့် အိန္ဒိယနိုင်ငံတွင် မိုးနည်းခြင်း၊ မတ်ပဲစိုက်ဧက ကျဆင်းခြင်းပဲခွဲစက်များက ဝယ်လိုအားကောင်းနေခြင်း နှင့် မြန်မာမတ်ပဲတင်သွင်းခွင့် ကုန်ကျ စရိတ်တို့အပေါ်မူတည်၍ မြန်မာမတ်ပဲပြည်တွင်းဈေးနှုန်းဆက်လက်ခိုင်မာလျှက်ရှိပါသည်။
သို့သော်လည်း အိန္ဒိယနိုင်ငံဆိပ်ကမ်းတွင် ပဲအမျိုးမျိုး စတော့ရှိမှုများပြားနေခြင်း၊ နွေမတ်ပဲ များဈေးကွက်အတွင်းဝင်လာနေခြင်း၊ ဘရာဇီးလ်မတ်ပဲကိုလည်းဝယ်ယူတင်သွင်းနေခြင်းတို့ကြောင့် လာမည့်သီတင်းပတ်အတွင်း မြန်မာမတ်ပဲဈေးနှုန်း သိသိသာသာမြင့်တက်လာရန် အလားအလာ နည်းပါးပါသည်။ မြန်မာမတ်ပဲဈေးနှုန်းခိုင်မာနေသော်လည်း အဓိကဝယ်ယူတင်သွင်းသည့်နိုင်ငံ၏ တက်ဈေးထိန်းချုပ်မှု၊ လက်လီဈေးကွက်တွင် ဝယ်လိုအားကျဆင်းနေခြင်း၊ ကုလားပဲကဲ့သို့ အစားထိုးကုန်စည်ရှိနေခြင်းတို့ကြောင့် မြန်မာမတ်ပဲဈေးနှုန်းသည် အတက်အကျရှိသော ဈေးတန်း တစ်ခုတွင် ဆက်လက်တည်ရှိနေနိုင်ကြောင်း သုံးသပ်ရရှိပါသည်။