International News

Brexit နောက်ပိုင်း ဗြိတိန်စီးပွားရေး

Last Updated:

Brexit နောက်ပိုင်း ဗြိတိန်နိုင်ငံ၏ စီးပွားရေးသည်တိုးတက်နိုင်မည်မဟုတ်ကြောင်း OECD အဖွဲ့မှခန့်မှန်းချက်ထုတ်ပြန်ခဲ့ပါသည်။လက်ရှိတွင်ဗြိတိန် နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် OECD အဖွဲ့ဝင်နိုင်ငံများတွင် အဆိုးရွားဆုံးအခြေအနေတွင်ရှိပြီး ၂၀၂၃ ခုနှစ်တွင် G-7 နိုင်ငံများအနက် စီးပွားရေးတိုးတက်မှုနှုန်းအနိမ့်ဆုံးသို့ ရောက်ရှိသွားနိုင်ပါသည်။

Covid-19 ကူးစက်ရောဂါကြောင့် နိုင်ငံအားလုံးနီးပါး စီးပွားရေးဆိုင်ရာရိုက်ခတ်မှုများ ကြုံတွေ့ရသော်လည်း ဗြိတိန်နှင့်နှိုင်းယှဉ်ပါက အခြားတိုးတက်ပြီးနိုင်ငံများ၏ စီးပွားရေးပြန်လည်နာလန်ထူမှုသည် မြန်ဆန်သော်လည်း ဗြိတိန်တွင်၂၀၀၈ခုနှစ် ငွေကြေးအကျပ်အတည်း၏ သက်ရောက်မှု များကို လက်ရှိအချိန်အထိတွေ့မြင်နေရဆဲဖြစ်ပါသည်။

ထို့ကြောင့် ဂျီဒီပီတိုးတက်မှုနှုန်း၊ထုတ်ကုန်ဖွံ့ဖြိုးမှုနှုန်းစသည်တို့နိမ့်ဆင်းသွားပြီး၊ အသေးစား အလတ်စားစက်မှုလုပ်ငန်းများ(SMEs)အနေဖြင့်လည်း ဈေးကွက်ဆုံးရှုံးမှုကို ကြုံတွေ့နေရပါသည်။

မြောက်အိုင်ယာလန် ပရိုတိုကောလ်နှင့်စပ်လျဉ်း၍ ဥရောပသမဂ္ဂနှင့်ဗြိတိန်အကြားတင်းမာမှုများမှာယခုအတိုင်းဆက်လက်သွားပါက ကုန်သွယ်ရေးစစ်ပွဲနှင့် ရင်ဆိုင်သွားရနိုင်သည့်အပြင် မြောက်အိုင်ယာလန်ပြည်နယ်၏ ငြိမ်းချမ်းရေးကို ထိခိုက်လာနိုင်ပါသည်။

Brexit နောက်ပိုင်း စတာလင်ပေါင် ဈေးနှုန်းကျဆင်းမှုကြောင့် သွင်းကုန်တန်ဖိုးမြင့်တက်လာကာ နေထိုင်မှုစရိတ်ကြီးမြင့်မှုအကျပ်အတည်းကို ရင်ဆိုင်နေရပြီး ဗြိတိန်-ဥရောပသမဂ္ဂအကြား ဆက်ဆံရေးတင်းမာနေပါက ဒေါ်လာ၊ ယူရိုတို့နှင့် နှိုင်းယှဉ်လျှင် စတာလင်ပေါင်တန်ဖိုး ဆက်လက် ကျဆင်းသွားမည်ဖြစ်ပါသည်။

အစိုးရအနေဖြင့်လည်း လက်ရှိအကျပ်အတည်းကို ဖြေရှင်းပေးနိုင်မည်ဆိုသည့် အာမခံချက်မရှိဘဲ ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်လာမှုကြောင့်လည်း လုပ်သားများအနေဖြင့် လစာဖြတ်တောက်ခံရမှုများ ကြုံတွေ့နိုင်ဖွယ်ရှိပါသည်။

စစ်တမ်းတစ်ခုတွင်ဖော်ပြချက်အရ ဗြိတိန်နိုင်ငံအနေဖြင့် ဥရောပသမဂ္ဂ၏ ဘုံဈေးကွက်တွင် ဆက်လက်ရှိနေမည်ဆိုပါက ယခုကဲ့သို့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း ကျဆင်းသွားမည်မဟုတ်ဘဲ Brexit ကိုထောက်ခံခဲ့သည် မီဒီယာများမှပင်လျှင် Brexit ကြောင့် ကြုံတွေ့နေရသည့်ပြဿနာများကို မီးမောင်းထိုးပြမှုများ ရှိလာပါသည်။

 

 

လဲ့လဲ့နှင်း (MYANTRADE)

Source:         The Guardian သတင်းစာ (UK)

                   https://www.theguardian.com/politics/commentisfree/2022/jun/12/observer-view-on-uk-dire-economic-outlook

Category: International News