International News

ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက် ပြတ်တောaက်မှုမရှိစေရေး အတွက် ဂျပန်နိုင်ငံ၏ အရေးပါသည့် စီးပွားရေးလုပ်ငန်းကဏ္ဍစာရင်းတွင် လုပ်ငန်းအသစ်များ ထပ်မံဖြည့်စွက်ခဲ့

Last Updated:

ဂျပန်နိုင်ငံ၏ Foreign Exchange and Foreign Trade Act (FEFTA) အရ ရင်းနှီးမြှုပ်နှံမှု များကို လွတ်လပ်စွာ ဆောင်ရွက်ခွင့်ရှိသော်လည်း နိုင်ငံတော်လုံခြုံရေးရှုထောင့်အရ ရင်းနှီးမြှုပ်နှံမှုမပြုလုပ်မီ ဂျပန်အစိုးရထံသို့ ကြိုတင်တင်ပြ၍ခွင့်ပြုချက်ရရှိမှသာ ဆောင်ရွက်ခွင့် ရှိသည့် လုပ်ငန်းများကိုသတ်မှတ်ထားကြောင်း၊ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်ပြတ်တောက်မှု မရှိစေရေး၊ နည်းပညာများ ပေါက်ကြားမှုမရှိစေရေးနှင့် စီးပွားရေးဆိုင်ရာ နည်းပညာများကို စစ်ဘက်လုပ်ငန်းများတွင် သုံးစွဲမှုမရှိစေရေးအတွက် FEFTA အရ အရေးပါသည့် စီးပွားရေး လုပ်ငန်းကဏ္ဍ (Core Business Sectors) စာရင်းကို ၁၆-၈-၂၀၂၄ ရက်နေ့တွင် ထပ်မံဖြည်စွက်ခဲ့ကြောင်း  ဂျပန်ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် နိုင်ငံတော်လုံခြုံရေးအတွက် Foreign Exchange and Foreign Trade Act (FEFTA) အရ ဂျပန်အစိုးရက သတ်မှတ်ထားသည့် အရေးပါသည့် စီးပွားရေးလုပ်ငန်းကဏ္ဍတွင် အစုရှယ်ယာ ၁ ရာခိုင်နှုန်းအထက် ရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြားသား ရင်းနှီး မြှုပ်နှံသူအနေဖြင့် ဂျပန်အစိုးရထံသို့ ကြိုတင်တင်ပြ၍ ခွင့်ပြုချက်ရရှိပြီးမှသာ ရင်းနှီးမြှုပ်နှံခွင့်ရှိကြောင်း၊ ဂျပန်အစိုးရအနေဖြင့် ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်  ပြတ်တောက်မှုမရှိစေရေး အတွက် Economic Security Promotion Act အရလည်း Specified Critical Products များကို သတ်မှတ်ထားကြောင်း၊ အဆိုပါ  Economic Security Promotion Act အရ Specified Critical Products များအဖြစ် သတ်မှတ်ထားသည့် ကုန်စည်များအားလုံးသည်  Foreign Exchange and Foreign Trade Act (FEFTA) အရအရေးပါသည့် စီးပွားရေးလုပ်ငန်းကဏ္ဍ (Core Business Sectors) တွင်လည်း အကျုံးဝင်မည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။

Specified Critical Products များအဖြစ် သတ်မှတ်ထားသည့် ကုန်စည်များနှင့် ဆက်စပ်သည့် လုပ်ငန်းကဏ္ဍများအား FEFTA အရ အရေးပါသည့် စီးပွားရေးလုပ်ငန်းကဏ္ဍ (Core Business Sectors) တွင် ထပ်မံဖြည့်စွက်ခဲ့သည့် ကဏ္ဍ (၄) ခုမှာ (၁) တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်သည့် စက်ပစ္စည်းများ၊ အစိတ်အပိုင်းများ၊ ကိရိယာတန်ဆာပလာများ ထုတ်လုပ်ခြင်း၊ (၂) အဆင့်မြင့် လျှပ်စစ်ပစ္စည်း အစိတ်အပိုင်းများ ထုတ်လုပ်ခြင်း (Multi-layer Ceramic Capacitors နှင့်  Multi-layer Ceramic Capacitors ၏ အစိတ်အပိုင်းများကဲ့သို့သော လျှပ်စစ် ပစ္စည်းများ) (၃) စက်ပစ္စည်းကိရိယာ အစိတ်အပိုင်းများ ထုတ်လုပ်ခြင်း (Ball Screws, Linear Guides, Linear Scales) (၄) ရေယာဉ်သုံး အင်ဂျင်များ ထုတ်လုပ်ခြင်း (အရပ်ဘက်ရေယာဉ်များ အတွက် 735 KW အထက်ရှိသည့် Four-stroke Diesel Engine) တို့ ဖြစ်ကြောင်း ဖော်ပြထား ပါသည်။

နိုင်ငံတော်လုံခြုံရေးအတွက် ထပ်မံဖြည့်စွက်ခဲ့သည့် ကဏ္ဍ (၂) ခုမှာ (၁) Fiber Optic Cables များ ထုတ်လုပ်ခြင်း (Quartz-based Optical Fibres and Fibre Optic Strands) (၂) ဘက်စုံသုံး စက်ပစ္စည်းများ ထုတ်လုပ်ခြင်း (သတင်းအချက်အလက်များ ပေးပို့လက်ခံနိုင်စွမ်း ရှိသော စက်ပစ္စည်းများနှင့် မိတ္တူကူးယူခြင်းနှင့် Scan ဖတ်ခြင်းကဲ့သို့သော ဘက်စုံလုပ်ဆောင်နိုင်စွမ်းရှိသည့်စက်ကိရိယာများ ထုတ်လုပ်ခြင်း) တို့ဖြစ်ကြောင်း ဖော်ပြထားပါသည်။

                                                                                                                       

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့)

Source: ဂျပန်ဘဏ္ဍာရေးဝန်ကြီးဌာန

Category: International News