International News

အမေရိကန်နိုင်ငံ၏ အာလူးအစိမ်းအား ဂျပန်နိုင်ငံမှ တင်သွင်းခွင့်ပြုပေးရန် တောင်းဆိုလျက်ရှိ

Last Updated:

အမေရိကန်နိုင်ငံမှ သန့်စင်ပြုပြင်ပြီး အေးခဲအာလူးများနှင့် အသင့်စား အာလူးများ အများဆုံးဝယ်ယူလျက်ရှိသည့် ဂျပန်နိုင်ငံအနေဖြင့် အာလူးအစိမ်းများပါ တင်သွင်းခွင့်ပြုပေးမည် ဆိုပါက အမေရိကန်နိုင်ငံ၏ အာလူးအစိမ်း တင်ပို့မှုမှာ ၁၀ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင် ကြောင်းနှင့် အမေရိကန်နိုင်ငံ၏ ပို့ကုန်ဝင်ငွေမှာ နှစ်စဉ်အမေရိကန်ဒေါ်လာ သန်း ၁၅၀ ပိုမိုရရှိနိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် အမေရိကန်နိုင်ငံ၏ အာလူးအစိမ်းကို ဂျပန်နိုင်ငံသို့ တင်ပို့ခွင့်ပြုပေး ရန် ဂျပန်နိုင်ငံအား ဆက်လက်၍ ဖိအားပေးတောင်းဆိုပေးရန် လိုအပ်လျက်ရှိကြောင်းဖော်ပြခဲ့ပါသည်။

အဆိုပါ သတင်းတွင် Idaho ပြည်နယ်သည် အမေရိကန်နိုင်ငံတွင် အာလူးအများဆုံး ထွက်ရှိသည့် ပြည်နယ် ဖြစ်ကြောင်း၊ အာလူးသည် Idaho ပြည်နယ်အတွက် အရေးပါသည့် စိုက်ပျိုးရေးထုတ်ကုန် ဖြစ်သကဲ့သို့ ဝင်ငွေအမြောက်အများ ရရှိစေလျက် ရှိသည့် ကုန်စည်လည်း ဖြစ်ကြောင်း၊ Idaho ပြည်နယ်တွင် နှစ်စဉ် အာလူးပေါင်ချိန် ၁၄ ဘီလီယံနီးပါး ထွက်ရှိပြီး နိုင်ငံ့ အာလူးထွက်ရှိမှု၏ ၃ ပုံ ၁ ပုံနီးပါးကို ကိုယ်စားပြုလျက် ရှိကြောင်း၊ ၂၀၂၁ ခုနှစ်တွင်၊ အမေရိကန် နိုင်ငံ၏ စီးပွားရေးကို အာလူးထုတ်လုပ် မှုကဏ္ဍမှ အမေရိကန်ဒေါ်လာ ၁၀၁ ဘီလီယံ ရရှိစေခဲ့ ကြောင်း၊ အထူးသဖြင့် ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၄.၈ ဘီလီယံ ရရှိစေခဲ့ကြောင်း၊ အမေရိကန်နိုင်ငံတွင် ထွက်ရှိသည့် အာလူး၏ ၂၀ ရာခိုင်နှုန်းကို ပြည်ပနိုင်ငံများသို့ တင်ပို့လျက် ရှိကြောင်းနှင့် အာလူးထုတ်လုပ်မှုကဏ္ဍမှ အလုပ်အကိုင် ၃၄,၀၀၀ ရရှိစေလျက် ရှိကြောင်း ဖော်ပြ ထားပါသည်။

အမေရိကန်နိုင်ငံ၏ အာလူးအစိမ်းအား  ဂျပန်နိုင်ငံမှ တင်သွင်းခွင့်ပြုပေးရန်အတွက် ကြိုးပမ်းဆောင်ရွက်ပေးရန် Idaho ပြည်နယ်လွှတ်တော်အမတ်များအပါအဝင် အမေရိကန်လွှတ်တော်အမတ် ၁၀ ဦးအဖွဲ့က အမေရိကန်သမ္မတထံ စာရေးသားပေးပို့ တောင်းဆိုခဲ့ကြောင်း၊ အဆိုပါ တောင်းဆိုစာတွင် အမေရိကန်နိုင်ငံ၏ အာလူးအစိမ်းအား ဂျပန်နိုင်ငံမှ တင်သွင်းခွင့် ပြုပေးရန် တောင်းဆိုခဲ့သည်မှာ နှစ်ပေါင်း ၃၀ နီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်ကြောင်း၊  အမေရိကန် စိုက်ပျိုးရေးဝန်ကြီးဌာနအောက်ရှိ Animal and Plant Health Inspection Service (APHIS) နှင့် ဂျပန်နိုင်ငံ စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်းဝန်ကြီးဌာနအနေဖြင့် ပညာရပ်ဆိုင်ရာ ဆွေးနွေး မှုများ ပြုလုပ်လျက် ရှိမှုမှာလည်း ကြန့်ကြာလျက် ရှိကြောင်းနှင့် တိုးတက်မှုတစ်စုံတစ်ရာ တွေ့ရှိ ရခြင်း မရှိကြောင်း၊ အမေရိကန်နိုင်ငံမှ အာလူးအစိမ်းအား အခြားနိုင်ငံများသို့ အောင် မြင်စွာ တင်ပို့လျက် ရှိသော်လည်း အမေရိကန်၏ အာလူးအစိမ်းများအား ဂျပန်နိုင်ငံသို့ တင်ပို့ရာတွင် ပိုးမွှားကင်းရှင်းစေရေးအတွက် လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်လျက် ရှိသည်ဟုဆိုကာ ဂျပန်အစိုးရအနေဖြင့် အချိန်ဆွဲ၍ ဆောင်ရွက်လျက်ရှိကြောင်း လွှတ်တော်အမတ်များ၏ စာတွင်    ထည့်သွင်းပေးပို့ခဲ့ကြောင်း      ဖော်ပြထားပါ သည်။ ဂျပန်နိုင်ငံအနေဖြင့် ပြည်တွင်းအာလူးထုတ် လုပ်သည့် တောင်သူများကို ကာကွယ်နိုင်ရန်အတွက် ယခုကဲ့သို့ အမေရိကန်မှ တင်သွင်းလာမည့် အာလူးများအား တင်သွင်းခွင့်ပိတ်ပင်ထားခြင်းဖြစ်ကြောင်းနှင့် ဂျပန်အစိုးရအနေဖြင့် နိုင်ငံတကာ စည်းမျဉ်းများကို လိုက်နာရန် လိုအပ်ကြောင်း၊ ဂျပန်နိုင်ငံအနေဖြင့်  အမေရိကန်နိုင်ငံ၏ အာလူးအစိမ်းအား တင်သွင်းခွင့်ပြုပေးရန်အတွက် ဂျပန်အစိုးရအား ဖိအားပေးတောင်းဆိုရန် လိုအပ်လျက် ရှိကြောင်း၊ အမေရိကန်နိုင်ငံ National Potato Council က ပြောကြားထားကြောင်း ဖော်ပြထားပါသည်။

 

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့)

Source: ၂၇-၈-၂၀၂၄ (Japan Potato Council) 

Category: International News