International News

သြဂုတ်လတွင် ဂျာမန်ငွေကြေးဖောင်းပွမှု ၁.၉ ရာခိုင်နှုန်းသို့ ကျဆင်း

Last Updated:

The Federal Statistical Office မှ ၂၉-၈-၂၀၂၄ ရက်တွင် ထုတ်ပြန်ခဲ့သော ပဏာမကိန်းဂဏန်းများအရ  ဂျာမန်ငွေကြေးဖောင်းပွမှုသည် ယမန်နှစ် အလားတူလနှင့် နှိုင်းယှဉ်ပါက ၁.၉ ရာခိုင်နှုန်းခန့် ကျဆင်းသွားသည့်အတွက် ဂျာမန်စားသုံးသူများအနေဖြင့် ၎င်းတို့ ကြုံတွေ့ ခံစားနေခဲ့ရသော နေထိုင်စားသောက်မှု အသုံးစရိတ်များအတွက် ဖိအားအချို့မှ သက်သာရာရခဲ့ ကြောင်း ဖော်ပြထားပါသည်။ ၎င်းကို ဇူလိုင်လတွင်ရှိခဲ့သော နှစ်အလိုက်ငွေကြေးဖောင်းပွမှု ၂.၃ ရာခိုင်နှုန်းနှင့်ပါ နှိုင်းယှဉ်ဖော်ပြထားရာ အစားအစာနှင့် စွမ်းအင်စျေးနှုန်းများ မပါဝင်သည့် အဓိက ငွေကြေးဖောင်းပွမှုသည်  (ဇူလိုင်လ) နှင့် နှိုင်းယှဉ်ပါက ၀.၁ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း သိရှိရပါသည်။

သြဂုတ်လ၏ ကိန်းဂဏန်းများမှာ ၃ နှစ်ကျော်ကာလအတွင်း နိုင်ငံ၏ အနိမ့်ဆုံးအဆင့် ငွေကြေး ဖောင်းပွမှုဖြစ်သည့်အပြင် ယူရိုဇုန်အတွက် ဥရောပဗဟိုဘဏ် (ECB) က သတ်မှတ်ထားသော inflation target ၂ ရာခိုင်နှုန်းအောက်တွင်ပင် ရောက်ရှိနေပေသည်။ လာမည့်လ စက်တင်ဘာ လတွင် ECB မှ အတိုးနှုန်း ဖြတ်တောက်မည့်ကိစ္စအပေါ် ယင်းကိန်းဂဏန်း အချက်အလက်များက ပံ့ပိုးပေးနိုင်ခဲ့ကြောင်းလည်း ဖော်ပြထားပါသည်။

နိုင်ငံသားများအနေဖြင့် ငွေကြေးဖောင်းပွမှု ကျဆင်းသွားသည့်အပြင် အမှန်တကယ်ရရှိမည့် လုပ်ခလစာ မြင့်တက်လာနိုင်သည့်အတွက်  ငွေကြေးများ ပိုမိုစုမိဆောင်းမိဖြစ်လာနိုင်ကြောင်း ဝန်ကြီးချုပ် Mr. Olaf Scholz က ၎င်း၏ X (ယခင် Twitter) တွင်ပြောကြားခဲ့သည်။

ယခုကဲ့သို့ ငွေကြေးဖောင်းပွမှု ကျဆင်းရခြင်းမှာ စွမ်းအင်ဈေးနှုန်းများ သိသာစွာ ကျဆင်းလာခြင်းကြောင့်ဖြစ်ကြောင်း Statistical Office မှ ပြောကြားခဲ့သည်။

အစားအသောက်စျေးနှုန်းများမှာ ယခင်နှစ် သြဂုတ်လထက် ၁.၅ ရာခိုင်နှုန်း ပိုမိုမြင့်မားခဲ့ ကာ ယခင်လ (ဇူလိုင်လ) ကထက် နှစ်အလိုက် ၁.၃ ရာခိုင်နှုန်းခန့် တိုးလာသော်လည်း အဆိုပါမြင့်တက်လာမှုမှာ ပျမ်းမျှမြင့်တက်မှုနှုန်းအောက်တွင် ရှိနေဆဲဖြစ်ပါသည်။ သို့သော်လည်း ဝန်ဆောင်မှုကဏ္ဍများ၏ စျေးနှုန်းများမှာ နှစ်အလိုက် နှိုင်းယှဉ်ပါက ၃.၉ ရာခိုင်နှုန်းအထိ လွန်ကဲစွာ မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

ရုရှားက ယူကရိန်းကို ကျူးကျော်ဝင်ရောက်ခဲ့မှုကြောင့် စွမ်းအင်စျေးနှုန်းများ မြင့်တက်လာခဲ့ပြီးသည့်နောက် ယူရိုဇုန်၏ငွေကြေးဖောင်းပွမှုသည် ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် ၁၀ ရာခိုင် နှုန်းထက်ပင် ကျော်လွန်သွားခဲ့ကြောင်း ဖော်ပြထားပါသည်။

 

 

Source:         https://www.dw.com/en/german-inflation-sinks-to-19-in-august/a-70081684

စီးပွားရေးသံမှူး၊ ဘာလင်

Category: International News