International News

ဂျပန်ကုမ္ပဏီ Tokyo Electric Power Co. Holdings အနေဖြင့် လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းရေးစီမံကိန်းတွင် အမေရိကန်ဒေါ်လာ ၃.၂ ဘီလီယံရင်းနှီးမြှုပ်နှံသွားမည်

Last Updated:

တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်သည့် စက်ရုံများနှင့် Data Centers များ လည်ပတ်နိုင်ရေးအတွက် လျှပ်စစ်ဓာတ်အားလိုအပ်လျက်ရှိသည့်  အတွက် Tokyo Electric Power Co. Holdings (TEPCO) အနေဖြင့် လာမည့် ၅ နှစ်အတွင်း ယန်း ၄၇၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃.၂၄ ဘီလီယံ) ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ပါသည်။

အဆိုပါ သတင်း၌ ဂျပန်ကုမ္ပဏီများအနေဖြင့် အကြီးစားဓာတ်အားခွဲရုံ အသစ် ၁၈ ခုကို နိုင်ငံတစ်ဝန်း၌ ၂၀၃၀ ပြည့်နှစ်တွင် တည်ဆောက်ပြီးနိုင်ရေး ရည်မှန်းဆောင်ရွက်လျက် ရှိ ကြောင်း၊ အဆိုပါ ဓာတ်အားခွဲရုံ အသစ်များ၏ စုစုပေါင်းဓာတ်အားထုတ်လုပ်မှု၏ ၄၀ ရာခိုင်နှုန်း ကို ကိုယ်စားပြုသည့် ဓာတ်အားခွဲရုံအသစ် ၈ ခုကို တိုကျိုမြို့တော်အနီးတွင် တည်ဆောက်သွား မည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။

TEPCO အနေဖြင့် ချိဘပြည်နယ်၊ Inzai တွင် အကြီးစားဓာတ်အားခွဲရုံ ၁ ရုံကို ၂၄ နှစ် အတွင်း ပထမဆုံးအကြိမ်အဖြစ် ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် ဖွင့်လှစ်ခဲ့ကြောင်း၊ ထိုသို့ဓာတ်အားခွဲရုံ အသစ် ဖွင့်လှစ်နိုင်ခဲ့ခြင်းကြောင့် လက်ရှိဓာတ်အားထုတ်လွှတ်မှု၏ ၁.၅ ဆ ပိုမိုဖြန့်ဝေနိုင်မည် ဖြစ်ကြောင်း၊ Inzai တွင် ဂျပန်နိုင်ငံမှ ကုမ္ပဏီများနှင့် ပြည်ပကုမ္ပဏီများအနေဖြင့် ၂၀၁၈ ခုနှစ်မှ စတင်၍ Data Centers အများအပြားတည်ဆောက်ခဲ့ကြောင်းနှင့် TEPCO ၏ ဓာတ်အားဖြန့်ဝေ ပေးနိုင်မှုမှာ လက်ရှိတွင် လုံလောက်မှု မရှိသေးသည့်အတွက် ဓာတ်အားခွဲရုံအသစ် ၁ ခု ထပ်မံ တည်ဆောက်သွားရန်လည်း ဆောင်ရွက်လျက် ရှိကြောင်း၊ TEPCO မှ ဓာတ်အားဖြန့်ဖြူးပေး လျက် ရှိသည့် ဒေသအတွင်း Data Centers အသစ် ၅ ခု (သို့မဟုတ်) ၆ ခု ထပ်မံတည်ဆောက် သွားရန် ရှိသည့်အတွက် ၂၀၃၃ ဘဏ္ဍာနှစ်တွင် ဓာတ်အားလိုအပ်မှုမှာ ကီလိုဝပ် ၇ သန်းအထိ ရှိလာနိုင်မည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ကျူရှူးနှင့်ဟော့ကိုင်းဒိုးတွင်လည်း တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်သည့် စက်ရုံများ တည်ဆောက်သွားရန်ရှိပြီး လျှပ်စစ်ဓာတ်အား လိုအပ်လာမည်ဖြစ်ရာ ဓာတ်အားခွဲရုံအသစ်များ တည်ဆောက်သွားရန် လိုအပ်လျက် ရှိကြောင်း၊ Kyushu Electric Power ကုမ္ပဏီအနေဖြင့် ကျူရှူးတွင် တည်ဆောက်ထားသည့် Taiwan Semiconductor Manufacturing Co.(TMSC) ၏ တစ်ပိုင်းလျှပ်ကူးပစ္စည်း စက်ရုံအသစ်အတွက် Kumamoto တွင် ဓာတ်အားခွဲရုံ ၂ ရုံတည်ဆောက် သွားမည် ဖြစ်ကြောင်း၊ Hokkaido Electric Power ကုမ္ပဏီအနေဖြင့် ဂျပန်ကုမ္ပဏီ Rapidus ၏ တစ်ပိုင်းလျှပ်ကူးပစ္စည်း စက်ရုံအသစ်အတွက် Minami-Chitose ဒေသတွင် ၂၀၂၇ ခုနှစ်၌ ဓာတ်အားခွဲရုံအသစ် တည်ဆောက်သွားမည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံတွင် လူဦးရေကျဆင်းလာမှုနှင့်စွမ်းအင်ချွေတာနိုင်သည့် စက်ပစ္စည်းများပိုမိုသုံးစွဲလာမှုကြောင့် လျှပ်စစ်ဓာတ်အားလိုအပ်မှုမှာ လွန်ခဲ့ သော ၃ နှစ်အတွင်း တဖြည်းဖြည်း ကျဆင်းခဲ့ကြောင်း၊ သို့သော် ၂၀၂၃ ဘဏ္ဍာနှစ်အကုန်တွင် စွမ်းအင်သုံးစွဲမှုမှာ ပြန်လည်တိုးတက်လာခဲ့ကြောင်း၊ ဂျပန်နိုင်ငံ၏ စွမ်းအင်သုံးစွဲမှုပမာဏမှာ ၂၀၃၃ ဘဏ္ဍာနှစ်အထိ ၁၀ နှစ်တာ ကာလအတွင်း ၄ ရာခိုင်နှုန်း တိုးတက်လာနိုင်ကြောင်း Organization for Cross-regional Coordination of Transmission Operators က ခန့်မှန်းထားကြောင်း ဖော်ပြထားပါသည်။

ဂျပန်အစိုးရအနေဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အသုံးပြု၍ Data Centers များ တည်ဆောက်သည့် ကုမ္ပဏီများအား ပံ့ပိုးမှုအကူအညီ (Subsidy) များ ပေးအပ်လျက် ရှိကြောင်း၊ ဂျပန် အစိုးရအနေဖြင့် နိုင်ငံ၏ ဓာတ်အားလိုင်းစနစ် မြှင့်တင်နိုင်ရေးအတွက် ၂၀၅၀ ပြည့်နှစ်အထိ ယန်း ၆ ထရီလီယံမှ ၇ ထရီလီယံအထိ ရင်းနှီးမြှုပ်နှံသွားရန် ဆောင်ရွက်လျက် ရှိကြောင်း၊ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်နှင့် အခြားသော စွမ်းအင်အရင်းအမြစ်များမှ ရရှိလာသည့် လျှပ်စစ်စွမ်းအင်ကို ဂျပန်နိုင်ငံရှိပြည်နယ်များအကြား ဖလှယ်သုံးစွဲနိုင်ရန် ရည်ရွယ်၍ ဂျပန်အစိုးရအနေဖြင့် ရင်းနှီး မြှုပ်နှံရခြင်း ဖြစ်ကြောင်း ဖော်ပြထားပါသည်။

 

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့)   

Source: The Nikkei Asia (၃၀-၈-၂၀၂၄) 

Category: International News