International News

ဂျပန်အစိုးရအနေဖြင့် နိုင်ငံခြားသား ခရီးသွားဧည့်သည်များမှ ဝယ်ယူသည့် လူသုံးကုန် ပစ္စည်းများအတွက် အများဆုံးအခွန်ကင်းလွတ်ခွင့်ပြုမည့် ပမာဏသတ်မှတ်ချက်အား ဖယ်ရှားသွားရန် ဆောင်ရွက်လျက်ရှိ

Last Updated:

နိုင်ငံခြားသား ခရီးသွားဧည့်သည်များ၏ ဝယ်ယူသုံးစွဲမှုကို မြှင့်တင်နိုင်ရေးအတွက် မိတ်ကပ်၊ အရက်၊ စားသောက်ကုန်၊ ဆေးဝါးစသည့် လူသုံးကုန်ပစ္စည်းများဝယ်ယူမှုအတွက် အများဆုံး အခွန်ကင်းလွတ်ခွင့်ပြုမည့် ပမာဏကို ယန်း ၅ သိန်းအထိသာ သတ်မှတ်ခွင့်ပြုထားခြင်းအား ဖယ်ရှားသွားရန် ဂျပန်ခရီးသွားအေဂျင်စီမှ ဆောင်ရွက်လျက်ရှိပါသည်။

အဆိုပါ သတင်းတွင် အခွန်ကင်းလွတ်ခွင့်ပြုမည့် ကုန်စည်များအား လုံခြုံစွာ ထုတ်ပိုး ခြင်းဖြင့် ဂျပန်နိုင်ငံအတွင်း သုံးစွဲခြင်းနှင့် ဝယ်ယူပြီး ကုန်စည်များကို ပြန်လည်ရောင်းချခြင်းတို့အား ကာကွယ်နိုင်မည့် စည်းမျဉ်းများကို ၂၀၂၅ ဘဏ္ဍာနှစ် အခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွင် ထည့်သွင်းရေးဆွဲသွားမည် ဖြစ်ကြောင်း၊ နိုင်ငံခြားသား ခရီးသွားဧည့်သည်များအနေဖြင့် ဂျပန်နိုင်ငံမှ အမှန်တကယ် ထွက်ခွာသည့် အချိန်မှသာ အခွန်ပြန်အမ်းငွေ ထုတ်ယူ နိုင်မည့် စနစ်သို့ ပြောင်းလဲသုံးစွဲခြင်းဖြင့် ဝယ်ယူပြီး ကုန်စည်များကို ပြည်တွင်း၌ သုံးစွဲခြင်းနှင့် ပြန်လည်ရောင်းချခြင်းတို့မှ ကာကွယ်နိုင်မည် ဖြစ်ကြောင်း၊ အသေးစိတ် အချက်အလက်များကို ၂၀၂၅ ဘဏ္ဍာနှစ် အခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွင် ထုတ်ပြန်သွားမည် ဖြစ် ကြောင်း ဖော်ပြထားပါသည်။

လက်ရှိတွင် ဂျပန်နိုင်ငံမှ ထွက်ခွာသည့် မည့်သည့်နိုင်ငံခြားသား ခရီးသွားဧည့်သည်မဆို တစ်ဦးလျှင် အခွန်ငွေ (Departure Tax) အဖြစ် ယန်း ၁,၀၀၀ ကောက်ခံလျက် ရှိမှုမှ အခွန်ရငွေ ပမာဏမှာ ၂၀၂၅ ဘဏ္ဍာနှစ်တွင် ယန်း ၄၇ ဘီလီယံအထိ စံချိန်တင်များပြားနိုင်မည် ဖြစ်ကြောင်း ခန့်မှန်းထားပါကြောင်း၊ ဂျပန်နိုင်ငံသို့ လာရောက်သည့် နိုင်ငံခြားသား ခရီးသွားဧည့်သည်များ အနေဖြင့်  ဂျပန်နိုင်ငံ ပြင်ပတွင် သုံးစွဲရန်အတွက် ဝယ်ယူမှုပမာဏမှာ ယန်း ၅၀၀၀ အထက် ရှိပါက စားသုံးခွန် (Consumption Tax) ကင်းလွတ်ခွင့် ပြုပေးလျက် ရှိကြောင်း၊ လက်ရှိတွင် အရက်နှင့် မိတ်ကပ်အစ ရှိသည့် တန်ဖိုးမြင့် ကုန်စည်များကို စတိုးဆိုင်တစ်ဆိုင်မှ အများဆုံး ယန်း ၅ သိန်းအထိသာ သတ်မှတ်ဝယ်ယူခွင့်ပြုထားသည်မှာ လက်ရှိအနေအထားအရ နည်းပါး လျက် ရှိသည်ဟု ဂျပန်ခရီးသွားအေဂျင်စီမှယူဆကြောင်းနှင့် လျှပ်စစ်ပစ္စည်းနှင့်အဝတ်အထည် ကဲ့သို့သော တာရှည်ခံပစ္စည်းများအတွက် အခွန်ကင်းလွတ်ခွင့်ရမည့် ပမာဏသတ်မှတ်ထားခြင်း မရှိကြောင်း ဖော်ပြထားပါသည်။

အချို့သော နိုင်ငံခြားသားခရီးသွား ဧည့်သည်များအနေဖြင့် အခွန်ကင်းလွတ်ခွင့်ရမည့် ကုန်စည်ကို ပလပ်စတစ်အိတ်အတွင်း လုံခြုံစွာထုတ်ပိုးခြင်းသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ရှုထောင့်အရ ပလပ်စတစ်အလွန်အကျွံ သုံးစွဲသည်ဟုဆိုကာ လက်ခံနိုင်မှုအားနည်းလျက် ရှိကြောင်း၊ လက်ရှိစနစ်ကို ပယ်ဖျက်ကာ ဂျပန်နိုင်ငံမှထွက်ခွာသည့် အချိန်မှသာ အခွန်ပြန်အမ်းငွေထုတ်ပေးမည့် စနစ်ကို ပြောင်းလဲကျင့်သုံးခြင်းကြောင့် စတိုးဆိုင်များအပေါ် ဝန်ထုပ်ဝန်ပိုးများလည်း လျှော့ချနိုင်မည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။

 

 

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့)

Source: The Japan Today (၂၈-၈-၂၀၂၄)  

Category: International News