International News

Toyota အပါအဝင် ဂျပန်နိုင်ငံ၏ စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီများ အနေဖြင့် အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံတန်ဖိုးရှိ Cross-held Shares များ စံချိန်တင် ရောင်းချခဲ့

Last Updated:

ဂျပန်နိုင်ငံ၏ စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီများအနေဖြင့် ၂၀၂၃ ဘဏ္ဍာနှစ်တွင်  ယန်း ၃.၆၉ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂၅.၄ ဘီလီယံ) တန်ဖိုးရှိ ပူးတွဲအစုရှယ်ယာများကို စံချိန်တင် ရောင်းချခဲ့ပါသည်။

အဆိုပါ သတင်းတွင် အခြားကုမ္ပဏီများနှင့်ပူးတွဲပိုင်ဆိုင်ထားသည့် Cross-held Shares  များကို ရောင်းချ၍ ရရှိလာသည့် ငွေကို မိမိကုမ္ပဏီ၏ ပင်မစီးပွားရေးလုပ်ငန်းများတွင် ပြန်လည် ရင်းနှီး မြှုပ်နှံခြင်းဖြင့် ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ပိုင်ဆိုင်မှုဆိုင်ရာ စွမ်းဆောင်ရည်ကို ပိုမို မြှင့်တင်နိုင်မည် ဖြစ်ကြောင်း၊ သို့သော်လည်း ပူးတွဲပိုင်ဆိုင်ထားသည့် အစုရှယ်ယာများနည်းပါးသွားခြင်းကြောင့် အခြားသူများမှ ဝယ်ယူသိမ်းပိုက်လာနိုင်သည့် အန္တရာယ်များ ပိုမိုမြင့်မားလာ နိုင်မည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။

၂၀၂၃ ဘဏ္ဍာနှစ်တွင် ပူးတွဲအစုရှယ်ယာများ ရောင်းချမှုပမာဏမှာ ၂၀၂၂ ဘဏ္ဍာနှစ်နှင့် နှိုင်းယှဉ်ပါက ၈၆ ရာခိုင်နှုန်း များပြားလာခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်တွင် ယန်း ၂.၂၂ ထရီလီယံ တန်ဖိုးရှိ ပူးတွဲအစုရှယ်ယာများ ရောင်းချခဲ့ကြောင်းနှင့် Cross-held Shares များ ရောင်းချမှု ဆိုင်ရာ အချက်အလက်များကို Nonfinancial Companies ၂,၀၀၀ ကျော်၏ ဘဏ္ဍာရေးဆိုင်ရာ ထုတ်ပြန်ချက်များအရ သိရှိရကြောင်း ဖော်ပြထားပါသည်။

ဂျပန်ကုမ္ပဏီအများအပြားအနေဖြင့် ဒုတိယကမ္ဘာစစ်ဖြစ်ပွားပြီး နောက်ပိုင်းတွင် ကုမ္ပဏီ အုပ်စုများ၊ Clients များနှင့်ပူးတွဲ၍ Cross-held Shares များ ပိုမိုပိုင်ဆိုင်လာကြကြောင်း၊ Cross-held Shares သည် တည်ငြိမ်မှု ရှိသော်လည်း အကျိုးအမြတ်ပြန်လည် ရရှိမှုမှာ နည်းပါးသည့် အတွက် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ဂျပန်နိုင်ငံ၏ Cross-held Shares စနစ် အပေါ် ဝေဖန်လျက် ရှိကြကြောင်း၊ အရင်းအနှီးနှင့် စတော့ဈေးနှုန်းဆိုင်ရာ စီမံခန့်ခွဲမှုနည်းလမ်း များကို ဂရုပြုဆောင်ရွက်ကြရန် ၂၀၂၃ ခုနှစ်၊ မတ်လတွင် တိုကျိုစတော့အိတ်ချိန်းမှ တိုက်တွန်း ခဲ့ပြီး နောက်ပိုင်းတွင် ဂျပန်ကုမ္ပဏီအများအပြားအနေဖြင့် အခြားကုမ္ပဏီများနှင့် ပူးပေါင်း၍ Cross-held Shares စနစ်ဖြင့် အစုရှယ်ယာများ ပူးတွဲပိုင်ဆိုင်မှုများ ပိုမိုပြုလုပ်လာကြကြောင်း ဖော်ပြထားပါသည်။

၂၀၂၃ ဘဏ္ဍာနှစ်တွင် Cross-held Shares စနစ်ဖြင့် ဆောင်ရွက်မှုမှာ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး၊ ၂၆၇၈၉ ခုရှိခဲ့ကြောင်း၊ ပူးတွဲအစုရှယ်ယာ ပိုင်ဆိုင်ထားမှုများ လျှော့ချခဲ့မှုအနေဖြင့် Toyota Motor မှ ယန်း ၃၂၅.၉ ဘီလီယံ၊ Toyota Industries မှ ယန်း၂၄၀.၁ ဘီလီယံ ၊ Denso မှ ယန်း ၁၂၅.၈ ဘီလီယံ၊ Aisin မှ ယန်း ၁၁၁.၇ ဘီလီယံ၊ Hitachi မှ ယန်း ၂၂၂.၈ ဘီလီယံ လျှော့ချခဲ့ကြောင်း၊ Hitachi မှ အစုရှယ်ယာများ လျှော့ချခဲ့ရခြင်းမှာ နည်းပညာနှင့်အခြားသော ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန်အတွက် ဖြစ်ကြောင်း၊ Nonfinancial Companies များ၏ Cross-held Shares စုစုပေါင်း ပိုင်ဆိုင်မှုမှာ ၂၀၂၄ ခုနှစ်၊ မတ်လကုန်တွင် ယန်း ၃၇ ထရီလီယံအထိ ရှိခဲ့ကြောင်း၊ Cross-held Shares များ ရောင်းချခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှုများ အတွက် အရင်းအနှီးများ ရရှိခြင်းနှင့် အမြတ်ငွေများလည်း ရရှိလာနိုင်မည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။

 

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့)

Source: The Nikkei Asia (၂၉-၈-၂၀၂၄)

Category: International News