International News

ဂျပန်ကုမ္ပဏီ Daiso အနေဖြင့် အိန္ဒိယနိုင်ငံတွင် စတိုးဆိုင် ၂၀၀ ကျော် ဖွင့်လှစ်သွားမည်

Last Updated:

ဂျပန်နိုင်ငံတွင် ယန်း ၁၀၀ တန် စတိုးဆိုင်လုပ်ငန်းများဆောင်ရွက်လျက်ရှိသော Daiso အနေဖြင့် အိန္ဒိယနိုင်ငံ၌ ၂၀၂၇ ခုနှစ်၊ ဖေဖော်ဝါရီလကုန်တွင် ဆိုင်ခွဲပေါင်း ၅၀ ဖွင့်လှစ်နိုင်ပြီး၊    စုစုပေါင်း ဆိုင်ခွဲ ၂၀၀ အထိ ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။

အဆိုပါ သတင်းတွင် Daiso အနေဖြင့် အိန္ဒိယနိုင်ငံ၌ ၂၀၂၂ ခုနှစ်တွင် ပထမဆုံး ဆိုင်ခွဲ ဖွင့်လှစ်ခဲ့ပြီး၊ လက်ရှိတွင် ဆိုင်ခွဲ ၁၀ ခုအောက်သာ ဖွင့်လှစ်ထားသေးကြောင်း၊ ကုန်စည်အများစု ကို ၉၉ ရူပီး (အမေရိကန်ဒေါ်လာ ၁.၂ ဒေါ်လာ) ဖြင့် ရောင်းချလျက် ရှိကြောင်း၊ ဂျပန်နိုင်ငံတွင် ယန်း ၁၀၀ မှာ အမေရိကန်ဒေါ်လာ ၀.၇ ဒေါ်လာနီးပါး ရှိကြောင်း၊ အိန္ဒိယနိုင်ငံအနေဖြင့် စီးပွား ရေး အင်အားကြီးမားလာသည်နှင့်အမျှ Daiso အနေဖြင့် ဂျပန်နှင့် အမေရိကန်ပြီးပါက အိန္ဒိယနိုင်ငံတွင် ၎င်း၏ တတိယအကြီးဆုံးဈေးကွက်အဖြစ်တည်ထောင်လို၍ ယခုကဲ့သို့ ဆိုင်ခွဲများ ဖွင့်လှစ်ရန် ရည်မှန်းဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ဖော်ပြထားပါသည်။

အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်းသက်သာသည့် ဂျပန်ထုတ်ကုန်များကို ဝယ်ယူမှု မြင့်မားလာသော်လည်း အိန္ဒိယနိုင်ငံ၏ သွင်းကုန်ဆိုင်ရာ စည်းမျဉ်းများကြောင့် လက်လီလုပ်ငန်း ရှင်များအနေဖြင့် စိန်ခေါ်မှုများ ကြုံတွေ့ရလျက် ရှိကြောင်း၊ Daiso အနေဖြင့် အိန္ဒိယကုမ္ပဏီနှင့် ပူးပေါင်း၍ အိန္ဒိယတွင် ၎င်း၏ ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ် ကြောင်း၊ လက်ရှိတွင် Daiso ထုတ်ကုန်များ၏ ၇၀ ရာခိုင်နှုန်းအတွက် ကုန်ကြမ်းများကို ဂျပန် နိုင်ငံပြင်ပမှ တင်သွင်းလျက်ရှိကြောင်း၊ အထူးသဖြင့် တရုတ်နိုင်ငံမှ ဝယ်ယူတင်သွင်းကြောင်း၊ လက်ရှိတွင် အိန္ဒိယနိုင်ငံမှ ဝယ်ယူတင်သွင်းမှုမှာ စုစုပေါင်း ကုန်စည်ထုတ်လုပ်မှု၏ ၁ ရာခိုင်နှုန်း နီးပါးသာရှိကြောင်း ဖော်ပြထားပါသည်။

Daiso ၏ ထုတ်လုပ်မှုကို အခြားနိုင်ငံများသို့ ဖြန့်ကျက်ဆောင်ရွက်နိုင်ခြင်းဖြင့် တရုတ်နိုင်ငံအပေါ် အလွန်အမင်းမှီခိုနေရမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ Daiso အနေဖြင့် အရှေ့ တောင်အာရှဒေသတွင် ကုမ္ပဏီ၏ ထုတ်လုပ်မှုလုပ်ငန်းများ ဖြန့်ကျက်ဆောင်ရွက်နိုင်ရေး စီစဉ်လျက် ရှိကြောင်းနှင့် ၂၀၂၇ ခုနှစ်တွင် မလေးရှားနိုင်ငံ၌ ဖြန့်ဖြူးရောင်းချရေးစင်တာကြီးတစ်ခု တည်ဆောက်သွားမည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံတစ်ဝန်း ဆိုင်ခွဲပေါင်း ၄,၀၀၀ ကျော် ဖွင့်လှစ်ထားပြီး ဖြစ်သည့် Daiso အနေဖြင့် ပြည်ပဈေးကွက်များကို ဖြန့်ကျက်နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း၊ လက်ရှိတွင် ယန်းငွေတန်ဖိုး ကျဆင်းလျက် ရှိခြင်းကြောင့် ကုမ္ပဏီ၏ အမြတ်ရရှိမှုမှာ ကျဆင်းလျက် ရှိကြောင်း၊ ပြည်ပနိုင်ငံများတွင် ကုမ္ပဏီ၏ ရောင်းအားမှာ လက်ရှိတွင် ၁၀ ရာခိုင်နှုန်း ရှိရာမှ ၂၀၃၁ ခုနှစ်တွင် ၃၀ ရာခိုင်နှုန်းအထိ တိုးမြှင့်နိုင်ရေး ရည်မှန်းဆောင်ရွက်လျက် ရှိကြောင်း ဖော်ပြထားပါသည်။

 

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊တိုကျို )

Source: The Nikkei Asia (၂၈-၈-၂၀၂၄)  

Category: International News