International News

ကော်လ်ကတ္တားဆိပ်ကမ်း (SMP- Kolkata) သည် Haldia နှင့် UAE နိုင်ငံအကြား တိုက်ရိုက်ကုန်တင်ဝန်ဆောင်မှုကို စတင်မတ်ဆက်

Last Updated:

ကော်လ်ကတ္တားဆိပ်ကမ်း၊ Syama Prasad Mookerjee Port (SMP- Kolkata) သည် ကုန်သေတ္တာတင် သင်္ဘောဝန်ဆောင်မှုအသစ်ဖြစ်သော ဘင်္ဂလား-အရှေ့အလယ်ပိုင်း ကုန်စည် ပို့ဆောင်ရေးဝန်ဆောင်မှု (Bengal Middle East Express- BMex) ကို စတင်မိတ်ဆက်ကြောင်း ဩဂုတ်လ ၃၀ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ မဟာဗျူဟာမြောက် ပဏာမခြေလှမ်းသည် ယူအေအီး (UAE) နိုင်ငံရှိ Jebel Ali ဆိပ်ကမ်းနှင့် ကော်လ်ကတ္တားဆိပ်ကမ်း၊ Haldia Dock Complex (HDC) တို့ကို ချိတ်ဆက်ရန် စီစဉ်ထားပြီး ဒေသတွင်း ကုန်သွယ်မှုလမ်းကြောင်းများအနက် သိသာထင်ရှားသော တိုးတက်မှုကို အမှတ်အသားပြုလျက် ရှိသည်။ BMEx ဝန်ဆောင်မှုသည် Haldia-Chittagong-Jebel Ali-Haldia လမ်းကြောင်းအတိုင်း လည်ပတ်ဆောင်ရွက်မည်ဖြစ်ပြီး အရှေ့အလယ်ပိုင်းဒေသရှိ အဓိက ဆိပ်ကမ်းများအနက် တစ်ခုဖြစ်သော Jebel Ali ဆိပ်ကမ်းနှင့် အနောက်ဘင်္ဂလားပြည်နယ်၊ အိန္ဒိယ နိုင်ငံအရှေ့ပိုင်းဒေသရှိ စက်မှုအချက်အချာနေရာများကို တိုက်ရိုက်ချိတ်ဆက်ပေးမည် ဖြစ်သည်။

ဒေသတွင်း ပို့ကုန်လုပ်ငန်းရှင်များနှင့် တင်သွင်းသူများအတွက် နိုင်ငံဖြတ်သန်း ကုန်သွယ်မှုနှင့် ကုန်ကျစရိတ်များကို လျှော့ချရန် အဓိကခြေလှမ်းတစ်ရပ်အဖြစ် အဆိုပါ BMEx လမ်းကြောင်းကို စတင်မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။ ကုန်စည်များကို အစဉ်အလာအတိုင်း တင်ပို့ရာ တွင် ရေယာဉ် လမ်းကြောင်းပိတ်ဆို့မှုနှင့် လုပ်ငန်းလည်ပတ်မှု နှောင့်နှေးမှုများကြောင့် မကြာခဏဆိုသလို နိုင်ငံ ဖြတ်သန်းကုန်သွယ်ချိန် ပိုမိုကြာမြင့်ပြီး ကုန်ကျစရိတ် ကြီးမြင့်သော သယ်ယူ ပို့ဆောင်ရေး ဆိပ်ကမ်းများအပေါ် မှီခိုနေရသည်။ BMEX လမ်းကြောင်းသည် အဆိုပါ ဆိပ်ကမ်းများကို ကျော်ဖြတ် ၍ ပိုမိုထိရောက်ပြီး တိုက်ရိုက်ပို့ဆောင်နိုင်ကာ ထောက်ပံ့ရေးကွင်းဆက်၏ ယုံကြည်စိတ်ချရမှုနှင့် ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးမည်ဟု သိရသည်။

အဆိုပါ ဝန်ဆောင်မှုသည် စီးပွားရေးလုပ်ငန်းများကို ကမ္ဘာလုံးဆိုင်ရာစျေးကွက်များသို့ ပိုမို ကောင်းမွန်စွာ ဝင်ရောက်နိုင်စေမည်ဖြစ်ကာ ဖောက်သည်များ၏ တောင်းဆိုချက်များကို ပိုမို ထိရောက်စွာ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။

BMEx ဝန်ဆောင်မှုသည် စင်ကာပူသင်္ဘောကုမ္ပဏီ (Singapore Ocean Salute Line) နှင့် MBK Logistix တို့အကြား ပူးပေါင်းဆောင်ရွက်မှု၏ ရလဒ်တစ်ခုဖြစ်သည်။ ကော်လ်ကတ္တား ဆိပ်ကမ်း (SMP- Kolkata) နှင့် ၎င်း၏ ပါဝင်သက်ဆိုင်သူအားလုံးအတွက် ကမ္ဘာလုံးဆိုင်ရာ ချိတ်ဆက်မှု သိသိ သာသာတိုးတက်စေရန် မျှော်လင့်ထားကြောင်းလည်း သိရသည်။ Yong Yue 11 အမည်ရှိ ကုန်တင် သင်္ဘောသည် အဆိုပါ ဝန်ဆောင်မှုအသစ်၏ တရားဝင်စတင်ခြင်း အထိမ်းအမှတ်အဖြစ် စက်တင်ဘာ ၆ ရက်နေ့တွင် Haldia Dock Complex သို့ ရောက်ရှိရန် စီစဉ်ထားကြောင်း သိရသည်။

SMP- Kolkata ၏ ဥက္ကဌ Rathendra Raman က Haldia နှင့် Jebel Ali အကြား တိုက်ရိုက်ဆက်သွယ်မှုကို တည်ဆောက်ရုံသာမက လမ်းကြောင်းသစ်များဖွင့်ပေးသည့် Bengal Middle East Express ဝန်ဆောင်မှုကို မိတ်ဆက်ပေးနိုင်သည့်အတွက် ဂုဏ်ယူမိကြောင်း ပြောကြားခဲ့ပါသည်။ ဒေသတွင်း ကုန်သွယ်မှုနှင့် စီးပွားရေးတိုးတက်မှုအတွက် ကုန်သွယ်ရေး ဆိုင်ရာ ဆက်ဆံမှုများ အားကောင်းလာစေရန်နှင့် ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးပေးရာတွင် အဆိုပါ ဝန်ဆောင်မှု၏ မဟာဗျူဟာမြောက် အရေးပါမှုကို အလေးပေး ပြောကြား ခဲ့သည်။

SMP- Kolkata အနေဖြင့် BMEx ပဏာမခြေလှမ်းကို ပိုမိုပံ့ပိုးရန် ရည်ရွယ်၍ အရှေ့တောင် အာရှ၊ အရှေ့ဖျားနှင့် အရှေ့အလယ်ပိုင်းဆိပ်ကမ်းများမှ တိုက်ရိုက်လာရောက်မည့် ကွန်တိန်နာ သင်္ဘောများအတွက် သင်္ဘောနှင့်ပတ်သက်သည့် အခကြေးငွေများကို သိသာထင်ရှားသော လျှော့စျေးများ သတ်မှတ်ထုတ်ပြန်၍ မက်လုံးပေးဆွဲဆောင်ခဲ့ကြောင်း သိရသည်။

သို့ပါ၍ ကော်လ်ကတ္တားဆိပ်ကမ်း (SMP- Kolkata) မှ မကြာမီ စတင်ဖွင့်လှစ်သွားမည့် BMEx ဝန်ဆောင်မှုသစ်အကြောင်း သိရှိနိုင်ပါရန်နှင့် အဆိုပါ ဆိပ်ကမ်းသည် မြန်မာနိုင်ငံ၊ စစ်တွေ ဆိပ်ကမ်း နှင့်လည်း ချိတ်ဆက်ထားသည့်အတွက် ထောက်ပံ့ပို့ဆောင်မှုလမ်းကြောင်းများ ပိုမိုကျယ်ပြန့်စွာ ချိတ်ဆက်နိုင်ပြီး နိုင်ငံတကာ ပင်လယ်ရေကြောင်းကုန်သွယ်မှုကို ကြီးစွာ အထောက်အကူပြုမည် ဖြစ်ကြောင်း သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။

 

Reference:    India Business and Trade: Kolkata Port Launches Direct Cargo Service Between Haldia and UAE, August 30, 2024      

ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကော်လ်ကတ္တားမြို့။

 

 

 

 

Category: International News