မန္တလေး ပဲ၊နှမ်းစျေးကွက်တွင် ကုလားပဲနှင့် ပဲကြီးအရောင်းအဝယ်ကောင်းမွန်လျက်ရှိကြောင်း ပွဲစားကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်) အတွင်းရေးမှူးဦးစက်မောင်ဆွေ က ပြောပြ၍ သိရသည်။ ပဲ၊ ပြောင်း၊ နှမ်းစသည့်ကုန်စည်များထဲတွင် ကုလားပဲနှင့် ပဲကြီးအမျိုးအစားမှာ ပြည်တွင်းဈေးကွက်အတွင်း ပုံမှန်အတိုင်းသာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ယခုလက်ရှိတွင် ကုလားပဲနှင့် ပဲကြီးအမျိုးအစားများကို ကုန်သည်များက ဝယ်ယူမှုပြန်လည်များပြားလာပြီး အရောင်းအဝယ်မှာလည်း ပြန် လည်ကောင်းမွန်ခဲ့ကြောင်း သိရသည်။မန္တလေးကုန်စည်ဒိုင်မှာတော့ ကုလားပဲနှင့် ပဲကြီးတွေအရောင်းအဝယ်ပြန်ဖြစ်နေတဲ့အပြင် အခြားဂျုံ၊ တရုတ်ပဲကြီး စတဲ့ကုန်စည်တွေလဲ ဈေးကွက်ထဲမှာ အရောင်းအဝယ်ပြန်ပြီး ကောင်းနေတယ်။ ကျန်တဲ့ပြောင်း၊ ပဲတီစိမ်း စတဲ့ကုန်စည်တွေကတော့ ပုံမှန်အတိုင်းပဲအရောင်းအဝယ်ဖြစ်နေပါတယ် ဟု အတွင်းရေးမှူး ဦးစက်မောင်ဆွေက ပြောပြသည်။
မန္တလေး ပဲ၊ နှမ်းဈေးကွက်အတွင်း စက်တင်ဘာလ ၂ ရက်ပေါက်ဈေးအရ ကုလားပဲ(V2) သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၃၀၅၀၀၀၊ ကုလားပဲ(V7) သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၃၈၅၀၀၀၊ ကုလားပဲ(TW)သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၂၈၅၀၀၀၊ ကုလားပဲ(929) သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၂၉၃၀၀၀၊ ပဲကြီးသုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၃၁၀၀၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။ အလားတူ မန္တလေးပဲ ၊ နှမ်း ဈေးကွက်အတွင်း စက်တင်ဘာ ၂ ရက် ပေါက်ဈေးအရ နှမ်းနက်(စမုန်)သုံးတင်း ဝင်တစ်အိတ်လျှင် ငွေကျပ် ၆၅၀၀၀၀၊ နှမ်းညို သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၃၈၀၀၀၀ ပေါက်ဈေးရှိကြောင်း ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း(မန္တလေးကုန်စည်ဒိုင်) မှ သိရသည်။
Source: ရတနာပုံသတင်းစာ