International News

ဂျပန်ကုမ္ပဏီများအနေဖြင့် အစုရှယ်ယာများ ရောင်းချရမှုမှ အမေရိကန်ဒေါ်လာ ၅၆ ဘီလီယံ ရရှိခဲ့

Last Updated:

ဂျပန်နိုင်ငံရှိ စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီကြီးများအနေဖြင့် လွန်ခဲ့သော ၃ နှစ် အတွင်း  လက်အောက်ခံ ကုမ္ပဏီများနှင့် ကုမ္ပဏီရုံးခွဲများ၏ အစုရှယ်ယာများ ရောင်းချရမှုမှ ၈ ထရီလီယံယန်း(အမေရိကန်ဒေါ်လာ ၅၆ ဘီလီယံ)ရရှိခဲ့ကြောင်းနှင့်၂၀၀၈ ခုနှစ်၊ ကမ္ဘာ့ဘဏ္ဍာရေး အကြပ်အတည်းဖြစ်ပွားပြီး နောက်ပိုင်းတွင် အများဆုံးဖြစ်ခဲ့ပါသည်။

အဆိုပါ သတင်းတွင် ၂၀၂၃ ခုနှစ် တစ်နှစ်တည်းတွင်ပင် အစုရှယ်ယာရောင်းချရငွေမှာ ယန်း ၂.၅ ထရီလီယံ ရှိခဲ့ကြောင်းနှင့် ၂၀၁၈ ဘဏ္ဍာနှစ်နှင့် ၂၀၂၂ ဘဏ္ဍာနှစ်ပြီးပါက တတိယ အများဆုံးဖြစ်ခဲ့ကြောင်းနှင့် အစုရှယ်ယာရောင်းချမှုတွင် ပူးတွဲအစုရှယ်ယာ ပိုင်ဆိုင်မှုများကို ရောင်းချခြင်းနှင့် ကာလတို ငွေချေးသက်သေခံလက်မှတ်များ ရောင်းချခြင်းတို့ မပါဝင်ကြောင်း ဖော်ပြထားပါသည်။

Tokyo Gas အနေဖြင့် ၎င်းပိုင် ဩစတြေးလျရှိ သဘာဝဓာတ်ငွေ့ရည်ထုတ်လုပ်သည့် စီမံကိန်း ၄ ခုရှိ အစုရှယ်ယာများကို ရောင်းချခဲ့ကြောင်းနှင့် ဖွံ့ဖြိုးတိုးတက်မှု အလားအလာ များသော ကာဗွန်ကင်းစင်စေရေးဆိုင်ရာ လုပ်ငန်းကဏ္ဍများတွင် ပြောင်းလဲရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ကြောင်း၊ စွမ်းအင်လုပ်ငန်းစုဖြစ်သည့် Eneos Holdings အနေဖြင့်လည်း လွန်ခဲ့သော ၃ နှစ် အတွင်း ချီလီကြေးနီသတ္တုတွင်းရှိ ၎င်းပိုင် အစုရှယ်ယာများကို ရောင်းချခြင်းအပါအဝင် အစု ရှယ်ယာရောင်းချခဲ့မှုမှ နှစ်စဉ်ဝင်ငွေ ၁၀၀ ဘီလီယံယန်းနီးပါး ရရှိလျက် ရှိကြောင်း၊ ထို့အတူ ရေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းရှိ ၎င်းပိုင်အစုရှယ်ယာများကို လာမည့် နှစ်တွင် Nippon Yusen သို့ ရောင်းချသွားမည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။

Mitsubishi Corp. အနေဖြင့် ၂၀၂၃ ဘဏ္ဍာနှစ်တွင် အစုရှယ်ယာများ ရောင်းချမှုမှ ယန်း ၃၅၀ ဘီလီယံ ရရှိခဲ့ကြောင်း၊ Mitsubishi Chemical Group အနေဖြင့် ၎င်း၏ လက်အောက်ခံ ကုမ္ပဏီဖြစ်သည့် Mitsubishi Tanabe Pharma ကို ရောင်းချရန် ဆောင်ရွက်လျက် ရှိကြောင်း၊ ဂျပန်နိုင်ငံရှိ စတော့အိတ်ချိန်းဝင် ကုမ္ပဏီကြီးများအနေဖြင့် ၎င်းတို့ပိုင် အမြတ်ဝင်ငွေနည်းသည့် လုပ်ငန်းများကို ပိတ်သိမ်းကာ ဖွံ့ဖြိုးမှုအလားအလာများပြားသည့် ကဏ္ဍများတွင် ထိရောက်စွာ ရင်းနှီးမြှုပ်နှံရန် ဖိအားပေးခံရမှုများ ကြုံတွေ့နေရကြောင်း ဖော်ပြထားပါ သည်။

ဂျပန်အစိုးရအနေဖြင့် ကော်ပိုရိတ်စီမံအုပ်ချုပ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ(Corporate Governance Code) ကို ၂၀၂၁ ခုနှစ်တွင် ပြင်ဆင်ထုတ်ပြန်ခဲ့ကြောင်း၊ Tokyo Stock Exchange အနေဖြင့် အဖွဲ့အစည်းများ၏ ပိုင်ဆိုင်မှုတန်ဖိုးများ ကာလရှည်တိုးတက်စေရေးအတွက် အစု ရှယ်ယာရှင်များနှင့်တွေ့ဆုံဆွေးနွေးနိုင်သည့် Prime Market ကို ၂၀၂၂ ခုနှစ်တွင် ဖော်ဆောင်ခဲ့ ကြောင်း၊ တိုကျိုစတော့အိတ်ချိန်းအနေဖြင့် အရင်းအနှီးတန်ဖိုးများနှင့် အစုရှယ်ယာ ဈေးနှုန်းများ ကို ပိုမိုအလေးထားစောင့်ကြည့်ကြရန် စာရင်းဝင်ကုမ္ပဏီများအား ၂၀၂၃ ဘဏ္ဍာနှစ်တွင် တိုက် တွန်းခဲ့ကြောင်း ဖော်ပြထားပါသည်။

Category: International News