International News

၂၀၂၄ ခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ အစားအစာပို့ကုန်တန်ဖိုးသည် ဘတ် ၁.၆ ထရီလီယံသို့ ရောက်ရှိနိုင် ပြီး ၈.၈ ရာခိုင်နှုန်း တိုးတက်မှုရှိနိုင်ကြောင်း ထိုင်းနိုင်ငံ အစားအစာ အင်စတီကျု (National Food Institute -NFI) က ခန့်မှန်းထားခဲ့

Last Updated:

ယခုနှစ်အတွင်း ကမ္ဘာ့ဝယ်လိုအား ကြီးထွားလာခဲ့ခြင်းနှင့် ကုန်ကြမ်းတန်ဖိုးကျဆင်းလာခဲ့ခြင်းတို့ကြောင့် အစားအစာပို့ကုန်တန်ဖိုးသည် ဘတ် ၁.၆ ထရီလီယံသို့ ရောက်ရှိနိုင်ပြီး ၈.၈ ရာခိုင်နှုန်း တိုးတက်မှုရှိနိုင်ကြောင်း ထိုင်းနိုင်ငံ အစားအစာ အင်စတီကျု (National Food Institute -NFI) က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ကုန်ကြမ်းများဖြစ်သည့် တူနာ၊ သကြား၊ ပဲပုတ်နှင့်ဂျုံကဲ့သို့သော ကုန်ကြမ်းပစ္စည်းများ၏ ဈေးနှုန်းကျဆင်းခဲ့မှုကြောင့် အစားအစာထုတ်လုပ်သည့် စက်ရုံများအတွက် အကျိုးကျေးဇူးရှိစေပါ ကြောင်း၊ ပထမ ၆ လအတွင်း ထိုင်းအစားအစာပို့ကုန် တန်ဖိုးသည် ဘတ် ၈၅၂ ဘီလီယံသို့ ရောက် ရှိခဲ့ပြီး ၉.၉ ရာခိုင်နှုန်း တိုးတက်လာခဲ့ပါကြောင်း၊ သင်္ဘောတင်ပို့ခမြင့်တက်လာခြင်းနှင့် အမေရိကန် စီးပွားရေးကျဆင်းမှုတို့ကြောင့် အစားအစာထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များတွင် စိန်ခေါ်မှု များ ကြုံတွေ့လာနိုင်ကြောင်း၊ အမေရိကန်စီးပွားရေးသည် KGI Securities (Thailand)က ခန့်မှန်း ထုတ်ပြန်ထားကြောင်း အင်စတီကျု ဥက္ကဋ္ဌ Ms. Supawan Teerarat က ပြောကြားခဲ့ပါသည်။

ယင်းအချက်များသည် ထိုင်းနိုင်ငံ၏ ပို့ကုန်ကဏ္ဍကို ဖိအားဖြစ်လာစေနိုင်ကြောင်း၊ ယခုနှစ်ဒုတိယနှစ်ဝက်အတွင်း အစားအစာပို့ကုန်မှ တန်ဖိုး ဘတ် ၇၉၇ ဘီလီယံ ရရှိနိုင်ပြီး ၇.၈ ရာခိုင်နှုန်း တိုးတက်နိုင်သည်ဟု ခန့်မှန်းထားပါကြောင်း၊ ယခင်နှစ်အတွင်း မိုးခေါင်မှုကြောင့် ကမ္ဘာ့ဈေးကွက်တွင် အရန်အစားအစာအတွက် ဝယ်လိုအား မြင့်တက်လာမှု၊ ငွေကြေးဖောင်းပွမှု၊ ပထဝီဝင်နိုင်ငံရေး ပဋိပက္ခ များနှင့် စီးပွားရေးကျဆင်းလာမှုတို့ကြောင့် ထိုင်းနိုင်ငံ၏ အစားအစာပို့ကုန်တန်ဖိုးသည် ဘတ် ၁.၅၁ ထရီလီယံသို့ ရောက်ရှိခဲ့ကြောင်း၊ ထိုင်းနိုင်ငံ၏ ကုန်သွယ်ရေး မိတ်ဖက်နိုင်ငံများသည် အစားအစာ ဖူလုံမှုအပေါ် စိုးရိမ်မှုရှိကြကြောင်း၊ ထို့ကြောင့် ဝယ်လိုအား မြင့်တက်လာသကဲ့သို့ တစ်ဖက်တွင်လည်း ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင်မှုပိုမိုပြင်းထန်လာကြောင်း Ms. Supawan က သုံးသပ်ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံသည် ၎င်း၏ ထုတ်ကုန်အရည်အသွေးများကြောင့် အစားအစာအမှာစာများ ပိုမိုရရှိ လာနိုင်ကြောင်း၊ ထိုင်းနှင့် တရုတ်တို့အကြား အစားအစာကုန်သွယ်မှုတွင် စိုးရိမ်မှုတစ်ခုရှိပါကြောင်း၊ ထိုင်းနိုင်ငံသည် တရုတ်မှ စိုက်ပျိုးရေးထုတ်ကုန်များ ပိုမိုတင်သွင်းလာသောကြောင့် ပြည်တွင်းတောင် သူများတွင် အပျက်သဘောသက်ရောက်မှုရှိနေပါကြောင်း၊ သို့သော် တရုတ်နှင့် ကုန်သွယ်မှု ပိုငွေ ဖြစ်ပေါ်နေမှုကို ထိန်းထားနိုင်သေးပါကြောင်း၊ ယခင်နှစ်က တရုတ်နိုင်ငံသို့ အစားအစာတင်ပို့မှု ဘတ် ၃၇၀ ဘီလီယံ ရှိခဲ့ပြီး တရုတ်နိုင်ငံမှ တင်သွင်းမှု ဘတ် ၉၈ ဘီလီယံ ရှိခဲ့သဖြင့် ကုန်သွယ်မှုပိုငွေ ဘတ် ၂၇၂ ဘီလီယံ ဖြစ်ပေါ်ခဲ့ပါကြောင်း၊ ယခုနှစ် ပထမနှစ်ဝက်အတွင်း တရုတ်နှင့် ကုန်သွယ်မှုပိုငွေသည် ဘတ် ၁၃၂ ဘီလီယံဖြစ်ကြောင်း သိရှိရပါသည်။

 

www.bangkokpost.com

ဒေါ်ပပ၊ စီးပွားရေးသံမှူး၊ ဆိုလ်းမြို့။

Category: International News