International News

အမေရိကန်သမ္မတရွေးကောက်ပွဲ၌ ငွေကြေးဖောင်းပွမှုကိုထောက်ပြသည့်နည်းလမ်း တစ်ခုတည်းဖြင့် ရွေးကောက်ပွဲအနိုင်ရနိုင်ခြေရှိမည်ဟုတ်

Last Updated:

အမေရိကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်အနေဖြင့် ငွေကြေးဖောင်းပွမှုကို ထောက်ပြသည့် နည်းလမ်းတစ်ခုတည်းဖြင့် ရွေးကောက်ပွဲကို အနိုင်ရနိုင်မည်မဟုတ်ဟု Wall Street Journal အွန်လိုင်းသတင်း၌ ၁၅-၈-၂၀၂၄ ရက်တွင် “Why Inflation Might Not Win the Election for Trump” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။  

မြောက်ကယ်ရိုလိုင်းနားပြည်နယ်၌ ၁၄-၈-၂၀၂၄ ရက်တွင် သမ္မတလောင်းဒေါ်နယ်ထရမ့် ပြောကြားခဲ့သည့် မိန့်ခွန်းတွင် စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လာသည်ကို ရည်ညွှန်းလျက် ဝက်သားပြား Bacon ၏ ဈေးနှုန်းသည် အလွန်မြင့်တက်လာသဖြင့် ၎င်းအနေဖြင့် မှာယူစားသုံး နိုင်ခြင်း မရှိတော့ကြောင်း၊ သမ္မတဂျိုးဘိုင်ဒင်အစိုးရတာဝန်ယူသည့် အချိန်မှစ၍ Bacon ဈေးနှုန်းသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် (၁၈) ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်း၊ အခြားစားသောက်ကုန်ဈေးနှုန်းများမှာလည်း (၇၀) ရာခိုင်နှုန်း၊ ဓာတ်ဆီတစ်ဂါလံဈေးနှုန်းမှာ အမေရိကန် ဒေါ်လာ (၅) အထိ မြင့်တက်လာသည်ဟု ၎င်းကဆိုကြောင်း၊ အမှန်တကယ်တွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှစ၍ စားသောက်ကုန် ဈေးနှုန်းသည် (၂၁) ရာခိုင်နှုန်းနှင့် ဓာတ်ဆီတစ်ဂါလံဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ (၃.၄၆) ရှိပြီး ဈေးနှုန်းများ ကျဆင်းလာခဲ့ပါကြောင်း၊ သမ္မတလောင်း ဒေါ်နယ်ထရမ့်အနေဖြင့် ယင်းသို့ဆွေးနွေးသည်မှာ ကုန်ဈေးနှုန်းမြင့်မားလာသည်ဟူသောအချက်ကို အလေးထား၍ဆွေးနွေးလိုသည်ဟု ယူဆရကြောင်း၊ ဇူလိုင်လထုတ်ပြန်သည့် အချက်အလက်များအရ စားသုံးသူဈေးဆနှုန်းမှာ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက (၂.၉) ရာခိုင်နှုန်း တိုးလာခဲ့ပြီး ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ နောက်ပိုင်းတွင် အနိမ့်ဆုံးသို့ ကျဆင်းခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်၊ နှစ်လယ်ပိုင်းတွင် (၉.၁) ရာခိုင်နှုန်းရှိခဲ့ရာမှ ဇူလိုင်လတွင် အနိမ့်ဆုံးကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

ထိုသို့အချက်အလက်များကိုချဲ့ကားပြောဆိုခဲ့သော်လည်း သမ္မတလောင်းဒေါ်နယ်ထရမ့်မှာဒဏ်ကြေးပေးဆောင်ရခြင်းမရှိကြောင်း၊ ငွေကြေးဖောင်းပွမှုသည် အမေရိကန်မဲဆန္ဒရှင်များအတွက် အမှန်တကယ်ပင် ပြဿနာတစ်ရပ်ဖြစ်နေကြောင်း၊ ထို့အပြင် စစ်တမ်းများအရ ငွေကြေး ဖောင်းပွမှု ပို၍ဆိုးရွားလျက်ရှိသည်ဟု ၎င်းတို့က ယူဆလျက်ရှိကြကြောင်း၊ ငွေကြေးဖောင်းပွမှုနှုန်းသည် ခြိမ်းခြောက်မှု တစ်ရပ်မဖြစ်လာသေးသော်လည်း အလုပ်လက်မဲ့နှုန်းသည် ဇူလိုင်လတွင် မြင့်တက်ခဲ့ရာ အကယ်၍ ထပ်မံမြင့်တက်လာပါက ၎င်း၏ပြိုင်ဖက်သမ္မတလောင်း ကင်မလာဟဲရစ်အတွက် သတင်းဆိုးတစ်ရပ် ဖြစ်လာနိုင်ကြောင်း၊ အလားတူ သမ္မတလောင်း ဒေါ်နယ်ထရမ့်တွင်လည်း ယင်းပြဿနာအတွက် တိကျသည့်ဖြေရှင်းနည်းမရှိဘဲ လက်ရှိအစိုးရ၏ ညံ့ဖျင်းသည့်စွမ်းအင်မူဝါဒများကြောင့်ဟု ဝေဖန်လျက်ရှိကြောင်း၊ သို့ရာတွင် သမ္မတလောင်းဒေါ်နယ်ထရမ့်အနေဖြင့် ၎င်းသမ္မတအဖြစ် ရွေးကောက်ခံရပါက (၁၂) လမှ (၁၈) လအတွင်း လျှပ်စစ်ဓာတ်အားခအပါအဝင် စွမ်းအင်စရိတ်ကို တစ်ဝက်ခန့်လျှော့ချသွားမည်ဟုဆိုသော် လည်း မည်သို့လုပ်ဆောင်မည်ကို ဖော်ပြခြင်းမရှိကြောင်း၊ ရေနံနှင့်ပတ်သက်၍ သမ္မတလောင်းဒေါ်နယ်ထရမ့်အနေဖြင့် ရေနံတူးဖော် ထုတ်လုပ်ရန်အားပေးကြောင်း သိရှိရပါသည်။

သမ္မတလောင်းများ၏ ရွေးကောက်ပွဲမဲဆွယ်စဉ် ဆွေးနွေးကြသည့် မူဝါဒများအရ ငွေကြေး ဖောင်းပွမှုကို လျှော့ချမည့်မူဝါဒများမတွေ့ရဘဲ အချို့မှာ ငွေကြေးဖောင်းပွမှုကို တိုးလာစေနိုင်သည့် မူဝါဒများဖြစ်ကြောင်း၊ သမ္မတလောင်း ဒေါ်နယ်ထရမ့်အနေဖြင့် အကောက်ခွန်နှုန်းတိုးမြှင့်ကောက်ခံမည်ဖြစ်ပြီး ရွှေ့ပြောင်းနေထိုင်သူများကို ပြန်ပို့မည့်အစီအစဉ်သည် သွင်းကုန်များ၏ ကုန်ကျစရိတ်နှင့် လုပ်ခလစာတို့အပေါ် သက်ရောက်မှုရှိစေမည်ဖြစ်ပြီး ငွေကြေး ဖောင်းပွမှု ဖြစ်စေနိုင်ကြောင်း၊ တရုတ်နိုင်ငံသွင်းကုန်များကို အကောက်ခွန် (၆၀) ရာခိုင်နှုန်းနှင့် အခြားသွင်းကုန်များအပေါ် (၁၀) ရာခိုင်နှုန်းစီ ကောက်ခံမည်ဆိုသည့် သမ္မတလောင်းဒေါ်နယ်ထရမ့်၏ အဆိုပြုချက်မှာလည်း စားသုံးသူဈေးဆနှုန်းကို (၁.၄) ရာခိုင်နှုန်းမှ (၁.၇) ရာခိုင်နှုန်းအထိ မြင့်တက်စေနိုင်ကြောင်း၊ ထို့ အပြင် ၁၄-၈-၂၀၂၄ ရက်တွင် သွင်းကုန်အားလုံးကို (၁၀) ရာခိုင်နှုန်းမှ (၂၀) ရာခိုင်နှုန်းအထိ သတ်မှတ်သွားမည်ဟု ထပ်မံပြောကြားခဲ့ပါကြောင်း၊ ၎င်း၏ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရာတွင် ပါဝင်သည့် အခြားကတိကဝတ်များမှာ ၂၀၁၇ ခုနှစ် အခွန်လျှော့ချသတ်မှတ်မှုနှင့် လူမှုဖူလုံရေးခံစားခွင့်နှင့် ဘောက်ဆူးရငွေ (Tips) အပေါ် အခွန် ကောက်ခံမှုကို ဖျက်သိမ်းရန်တို့ဖြစ်ကြောင်း၊ သမ္မတလောင်း ဒေါ်နယ်ထရမ့်၏ တွဲဖက်ဖြစ်သော ဒုတိယသမ္မတလောင်းအဖြစ် ရွေးကောက်ခံမည့် ဂျေဒီဗင့်စ်ကလည်း ကလေးငယ်တစ်ဦးလျှင် အခွန်သက်သာခွင့် အမေရိကန်ဒေါ်လာ (၅,၀၀၀) အထိပေးရန် အဆိုပြုထားကြောင်း သိရှိရပါသည်။

ယင်းသို့အခွန်လျှော့ချသတ်မှတ်ပေးခြင်းကို အကောက်ခွန်ရငွေနှင့် ခုနှိမ်နိုင်ပြီး ထိုသို့ဆောင် ရွက်ခြင်းသည် အခွန်ဆိုင်ရာလှုံ့ဆော်မှုများ (Fiscal stimulus) ဖြစ်ကြောင်း၊ Fiscal stimulus သည် စီးပွားရေးကျဆင်းနေသည့်ကာလတွင် အလုပ်ဖြစ်နိုင်သော်လည်း ငွေကြေးဖောင်းပွမှုကို ပို၍ အားပေးရာရောက်ကြောင်း၊ ယေဘုယျအားဖြင့် ဗဟိုဘဏ်သည် အခွန်ရငွေကြောင့် ဖြစ်လာနိုင်သည့် ငွေကြေးဖောင်းပွဆိုင်ရာ ခြိမ်းခြောက်မှုများနှင့် ဘဏ္ဍာငွေလိုအပ်ချက်ကို အတိုးနှုန်းတိုးမြှင့် သတ်မှတ်ခြင်းဖြင့် ထိန်းထားလေ့ရှိကြကြောင်း၊ ဗဟိုဘဏ်သည်အမှီအခိုကင်းပြီး သီးခြားရပ်တည်သည့် အဖွဲ့အစည်းတစ်ခုဖြစ်ရာ သမ္မတများက ဝင်ရောက်စွက်ဖက်ခြင်း မပြုကြသော်လည်း သမ္မတလောင်းဒေါ်နယ်ထရမ့်အနေဖြင့် ဗဟိုဘဏ်၏ ဆုံးဖြတ် ချက်များတွင် ပါဝင်လိုသည်ကိုတွေ့ရကြောင်း၊ ဗဟိုဘဏ်၏ အမှီအခိုကင်းခြင်းသည် မဲဆန္ဒရှင်များအတွက် မဲပေးရာတွင်ဆုံးဖြတ်ရန် ကိစ္စရပ်မဟုတ်သော်လည်း မဲဆန္ဒရှင်များအတွက် အရေးပါသည့် ငွေကြေးဖောင်းပွမှု၏ ရလဒ်ကို ဗဟိုဘဏ်ကဆုံးဖြတ်နိုင်ကြောင်း သိရှိရပါသည်။

အမေရိကန်သမ္မတလောင်းများအနေဖြင့် အထူးသဖြင့် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရာတွင် အဓိက စီးပွားရေးမူဝါဒများအဖြစ် အခွန်လျှော့ချကောက်ခံသွားရန်၊ သွင်းကုန်များအပေါ် အကောက်ခွန်နှုန်းတိုးမြှင့်ကောက်ခံရန် အလေးထားပြောကြား၍ စည်းရုံးလျက်ရှိရာ အမေရိကန်နိုင်ငံအနေဖြင့် ကုန်သွယ်ရေးဆိုင်ရာ မူဝါဒများတွင် နိုင်ငံတကာနှင့် ကုန်သွယ်မှုလွတ်လပ် ခွင့် သဘောတူစာချုပ်များ ချုပ်ဆိုမှုအပေါ် သက်ရောက်မှုရှိလာနိုင်မည်ဟု သုံးသပ်ရပါကြောင်းနှင့် သမ္မတလောင်း ဒေါ်နယ်ထရမ့်အနေဖြင့် တရုတ်နိုင်ငံမှအပ အခြားနိုင်ငံများမှ သွင်းကုန်များ အားလုံးအပေါ် အကောက်ခွန်နှုန်း (၁၀) ရာခိုင်နှုန်းမှ (၂၀) ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံမည်ဟု ပြောကြားထားသဖြင့် အမေရိကန်နိုင်ငံသို့ ပို့ကုန်များတင်ပို့လျက်ရှိသည့် လုပ်ငန်းရှင်များအနေဖြင့် သိရှိထားသင့်သည့်အချက်တစ်ခုအဖြစ် သုံးသပ်ရပါကြောင်း တင်ပြအပ်ပါသည်။

 

Source: https://www.wsj.com/politics/policy/why-inflation-might-not-win-the-election-for-trump-7ca3353e?mod=economy _lead_pos3

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Category: International News