International News

ထိုင်းနှင့် ယူကေတို့အကြား Enhanced Trade Partnership (ETP) ကို လက်မှတ်ရေးထိုးခဲ့

Last Updated:

ထိုင်းနှင့် ယူကေတို့အကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရန် ရည်ရွယ်၍ Enhanced Trade Partnership (ETP) ကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် ဗန်ကောက်မြို့၌ ထိုင်း နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး H.E Mr. Pichai Naripthaphan နှင့် ဗြိတိန် ကုန်သွယ်ရေးဝန်ကြီး H.E Mr. Douglas Alexander တို့ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။

စိုက်ပျိုးရေး၊ အစားအစာ၊ ဒီဂျစ်တယ်ကုန်သွယ်မှု၊ ပညာရေးနှင့် ခရီးသွားလုပ်ငန်းအပါအဝင် အဓိကကဏ္ဍ ၂၀ တွင် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များအပေါ် အတည်ပြုခဲ့ပြီး လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပါကြောင်း၊ စာချုပ်သည် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတွင် နှစ်နိုင်ငံ နိုင်ငံရေးကတိကဝတ်များကို ဖော်ပြပါကြောင်း၊ ယင်းသည် နှစ်နိုင်ငံ လွတ်လပ်သောကုန်သွယ်ရေး သဘောတူစာချုပ်အတွက် အရေးပါသော အခြေခံအုတ်မြစ်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ၏ ပို့ကုန်ပုံစံကို ခေတ်မီစေမည့် အဆင့်မြင့် နည်းပညာနှင့် တီထွင်ဆန်းသစ်မှု လိုအပ်သော စက်မှုနယ်ပယ်များနှင့် ဆက်စပ်လုပ်ငန်းများတွင် ဗြိတိန် လုပ်ငန်းများကို ဖိတ်ခေါ်ခဲ့ပြီး နိုင်ငံအဝှမ်းတွင် အလုပ်အကိုင်များ ဖန်တီးပေးသွားမည် ဖြစ်ပါကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး H.E Mr. Pichai Naripthaphan က ပြောကြားခဲ့ပါသည်။

၂၀၂၃ ခုနှစ်တွင် ယူကေသည် ထိုင်းနိုင်ငံ၏ အဆင့် ၂၂ ရှိသော ကုန်သွယ်ရေး မိတ်ဖက်ဖြစ်ပြီး ဥရောပတွင် ဂျာမနီ၊ ဆွစ်ဇာလန်နှင့် နယ်သာလန်တို့ ပြီးပါက စတုတ္ထဖြစ်ကြောင်း၊ ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၆.၇ ဘီလီယံရှိပြီး ထိုင်းနိုင်ငံအတွက် အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံ ကုန်သွယ် မှုပိုငွေဖြစ်ပေါ်ခဲ့ပါကြောင်း၊ အဓိက ပို့ကုန်များမှာ ပြုပြင်ပြီးကြက်သား၊ မော်တော်ကားများနှင့် ဆက်စပ် ပစ္စည်းများ၊ ကျောက်မျက်နှင့် လက်ဝတ်ရတနာများ၊ မော်တော်ဆိုင်ကယ်များနှင့် ဆက်စပ်ပစ္စည်းများ၊ လေယာဉ်နှင့် အာကာသယာဉ်အစိတ်အပိုင်းများဖြစ်ကြောင်း၊ အဓိက သွင်းကုန်များမှာ ယန္တရားများ၊ Integrated ဆားကစ်စ်များ၊ အဖျော်ယမကာနှင့် အရက်ပျံများ၊ ဆေးဘက်နှင့် ဆေးဝါးပစ္စည်းများ၊ ဆေးဘက်ဆိုင်ရာ ကိရိယာများဖြစ်ကြောင်း သိရှိရပါ သည်။

 

Source: www.bangkokpost.com  

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

 

 

Category: International News