International News

ထိုင်းနိုင်ငံ လျှပ်စစ်မော်တော်ကားကုမ္ပဏီများက မော်တော်ကား၏ အဓိက အစိတ်အပိုင်းများကို ၂၀၂၆ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့

Last Updated:

ထိုင်းနိုင်ငံ အစိုးရ၏ လျှပ်စစ်မော်တော်ကား အရောင်းမြှင့်တင်ရေးဆိုင်ရာ အစီအမံများ ရရှိ ထားပြီးသော မော်တော်ကားထုတ်လုပ်သူများသည် ၂၀၂၆ ခုနှစ်တွင် လျှပ်စစ်မော်တော်ကား၏ အဓိက အစိတ်အပိုင်းများကို ပြည်တွင်း၌ ထုတ်လုပ်သွားနိုင်ရေး ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း ယစ်မျိုး အခွန် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Mr. Ekniti Nitithanprapas က ပြောကြားခဲ့ပါသည်။

လျှပ်စစ်မော်တော်ကားတစ်စီး၏ အရေးပါသော အစိတ်အပိုင်း ၃ ခုကို ပြည်တွင်း၌ တပ်ဆင် သွားမည် ဖြစ်ကြောင်း၊ ယင်းအစိတ်အပိုင်းများမှာ လျှပ်စစ်စွမ်းအင်မှ အရွေ့စွမ်းအင်သို့ ပြောင်းခဲ၍ ယာဉ်ကို စွမ်းအင်ပေးသည့် လျှပ်စစ်မော်တာ၊ လောင်ကျွမ်းလျှပ်စစ်ယာဉ်ရှိ ဂီယာဘောက်စ်နှင့် ဆင်တူသည့် Reducer နှင့် ဘတ္တရီရှိ တိုက်ရိုက်လျှပ်စီးကြောင်းမှ မော်တာကို လျှပ်စစ်ထောက်ပံ့ပေးနိုင်သည့် လျှပ်စီးကြောင်းသို့ ပြောင်းလဲပေးနိုင်သော အင်ဗာတာ တို့ဖြစ်ကြောင်း၊ အစိုးရ၏ လျှပ်စစ် မော်တော်ကားအရောင်းမြှင့်တင်ရေး အစီအမံ ပထမအဆင့် ၃.၀ နှင့် ဒုတိယအဆင့် ၃.၅ တို့ပြီးနောက် မော်တော်ကားထုတ်လုပ်သူများသည် အစီအစဉ်တွင် ပါဝင်ခဲ့ကြပြီး ထိုင်းနိုင်ငံ၌ ဘတ် ၈၀ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံမှုတန်ဖိုးရှိသော ထုတ်လုပ်မှုအခြေစိုက်များကို တဖြည်းဖြည်း အခြေချလာခဲ့ ကြပါကြောင်း ညွှန်ကြားရေးမှူးချုပ်က ဆက်လက် ပြောကြားခဲ့ပါသည်။

ထုတ်လုပ်မှုအခြေစိုက်များ အခြေချခြင်းနှင့် ပြည်တွင်း၌ လျှပ်စစ်မော်တော်ကားများ ထုတ်လုပ် ခြင်းသည် အစီအမံများထဲမှ သတ်မှတ်ချက် တစ်ခု ဖြစ်ပါကြောင်း၊ လျှပ်စစ်မော်တော်ကားအတွက် ထောက်ပံ့မှုအရ အစီအစဉ်တွင် ပါဝင်သည့် ကုမ္ပဏီများသည် ပထမ နှစ်အတွင်း ရောင်းအား၏ ၁၀၀ ရာခိုင်နှုန်းနှင့် ကိုက်ညီသော တင်သွင်းမှုများအတွက် ခုနှိမ်ရန်မှာ ပြည်တွင်းတွင် လျှပ်စစ်မော်တော် ကား ထုတ်လုပ်ရန် လိုအပ်ပါကြောင်း၊ ဒုတိယနှစ်တွင် ပြည်တွင်း၌ ထုတ်လုပ်ရမည့် လိုအပ်ချက်ကို ပြည့်မီရန် လွဲချော်ခဲ့ပါက ရောင်းအားပမာဏထက် ၁.၅ ဆ ထုတ်လုပ်ရမည်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် ပထမ ၁၁ လအတွင်း ဦးစီးဌာန၏ ယာဉ်ဆိုင်ရာ အခွန်ဝင်ငွေ သည် ၃၀ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး အကြောင်းအရင်းမှာ ထုတ်လုပ်မှုနှင့် ရောင်းအား ကျဆင်းခဲ့ရုံသာမက  လျှပ်စစ်မော်တော်ကားများ အတွက် အခွန်ဖြတ်တောက်သည့် အစီအမံများကြောင့် ဖြစ်ကြောင်း၊ ယာဉ်အခွန်ဝင်ငွေသည် ဦးစီး ဌာန၏ ဝင်ငွေအများဆုံးအပိုင်းဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

လျှပ်စစ်မော်တော်ကားဘတ္တရီထုတ်လုပ်မှု၌ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရန်အတွက် အစီအမံများကို ယခင်က ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့က အတည်ပြုခဲ့ပါကြောင်း၊ Module-level ရင်းနှီးမြှုပ်နှံမှုတွင် ကော်ပိုရိတ်ဝင်ငွေခွန် ၈ နှစ် ကင်းလွတ်ခွင့်နှင့် Pack-level ရင်းနှီးမြှုပ်နှံမှုတွင် ကော်ပိုရိတ်ဝင်ငွေခွန် ၅ နှစ် ကင်းလွတ်ခွင့်ရရှိပြီး လျှပ်စစ်မော်တော်ကားအရောင်းမြှင့်တင်ရေးရန်ပုံငွေမှ ထောက်ပံ့မှုများ မရရှိ ဘဲ Cell-level ရင်းနှီးမြှုပ်နှံမှုတွင် အခွန် ၈ နှစ်ကင်းလွတ်ခွင့်နှင့် လျှပ်စစ်မော်တော်ကား အရောင်း မြှင့်တင်ရေးရန်ပုံငွေမှ ထောက်ပံ့မှုများ ရရှိကြောင်း သိရှိရပါသည်။

 

Source: www.bangkokpost.com  

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

 

Category: International News