အာရှ၏ သဘာဝဓာတ်ငွေ့ရည် liquefied natural gas (LNG) တင်သွင်းမှုသည် ဧပြီလတွင် လျော့ကျခဲ့သည်။ တောင်အာရှနိုင်ငံများ LNG တင်သွင်းမှု အနည်းငယ် မြင့်တက်ခဲ့သော်လည်း အဓိကဝယ်လက်များဖြစ်သော တရုတ်နှင့် ဂျပန်တို့ LNG တင်သွင်းမှု လျော့ကျခဲ့သဖြင့် အာရှ တစ်ခွင်လုံးအနေဖြင့် LNG တင်သွင်းမှု လျော့ကျပါသည်။
အာရှတွင် အလွန်အေးစက်သောလောင်စာ LNG ကို ဖေဖော်ဝါရီလတွင် တန်ချိန် ၂၂.၁၉ သန်း၊ မတ်လတွင် ၂၂.၂၃ သန်း၊ ဧပြီလတွင် တန်ချိန် ၂၀.၈၆ သန်း တင်သွင်းခဲ့သည်။ အာရှတွင် LNG တင်သွင်းသည့် ပမာဏ လျော့ကျနေစဉ် ဥရောပတွင် LNG တင်သွင်းမှုသည် သုံးလဆက်တိုက် ပိုများလာခဲ့သည်။ ဧပြီလတွင် LNG တန်ချိန် ၁၂.၅၀ သန်း တင်သွင်းခဲ့သည်။ ၂၀၂၂ ဒီဇင်ဘာလ နောက်ပိုင်း အများဆုံးဖြစ်သည်။
အိန္ဒိယနှင့် ပါကစ္စတန်တို့ကဲ့သို့ ဈေးနှုန်းအကဲဆတ်သော ဝယ်သူများသည် ကာလပေါက်ဈေး ကျဆင်းနေချိန်တွင် LNG တင်သွင်းမှု ပိုများလာနိုင်ပြီး အာရှ LNG ဝယ်ယူမှုများ မြင့်တက်လာနိုင်သည်။ မြောက်အာရှသို့ ပေးပို့သည့် LNG ကာလပေါက်ဈေးသည် ဧပြီ ၂၈ သီတင်းပတ်တွင် million British thermal unit (mmBtu) ၁ ယူနစ်လျှင် $11.05 သို့ ကျဆင်းသည်။ ၂၀၂၁ ဇွန်လနောက်ပိုင်း အနိမ့်ဆုံးဈေးနှုန်း ဖြစ်သည်။
ကာလပေါက်ဈေးသည် ၂၀၂၂ ဒီဇင်ဘာလ လလယ်ပိုင်းတွင် mmBtu ၁ ယူနစ် $38 အထိ မြင့်တက်ပြီးနောက် ယခုအခါ ၇၁% ဈေးကျသွားသည်။ ၂၀၂၂ ဩဂုတ်လ တွင် စံချိန်သစ်တင်သည့် ကာလပေါက်ဈေး mmBtu ၁ ယူနစ် $70.50 အောက်သို့ ယခုအခါ ၈၄% လျော့ကျနေသည်။ ကာလပေါက်ဈေးသည် အထွတ်အထိပ် စံချိန်တင်ဈေးနှုန်းများအောက်သို့ အကြီးအကျယ် လျော့ကျနေသော်လည်း ၂၀၁၅ မှ ၂၀၂၀ ဒီဇင်ဘာလအထိ ဖြစ်ပေါ်ခဲ့သော အနိမ့်ဆုံးဈေး mmBtu ၁ ယူနစ် $1.80 သို့ မရောက်ရှိသေးပါ။ ယင်းကာလ အမြင့်ဆုံးဈေး mmBtu ၁ ယူနစ် $11.60 ရေချိန်တွင်သာ ရှိနေပါသည်။ သို့ဖြစ်ရာ ယမန်နှစ်က ဈေးအတက်ကြမ်းသဖြင့် လက်ရှောင်ခဲ့သော ဝယ်လက်များအဖို့ ဈေးမြင့်နေဆဲ ဖြစ်ပါသည်။
မည်သို့ပင်ဆိုစေကာမူ၊ အိန္ဒိယမှ ဓာတ်ငွေ့ဖြင့် ဓာတ်အားထုတ်လုပ်သူများသည် ဈေးကွက်ထဲသို့ ပြန်လည်ရောက်ရှိလာပါသည်။ မတ်လတွင် တန်ချိန် ၁.၈၄ သန်း ဧပြီလတွင် တန်ချိန် ၁.၉၈ သန်း တင်သွင်းခဲ့သည်။ ယမန်နှစ် မေလနောက်ပိုင်း တန်ချိန်အများဆုံး ဖြစ်သည်။ ပါကစ္စတန်သည် မတ်လတွင် တန်ချိန် ၅၇၀,၀၀ တင်သွင်းခဲ့ပြီး ဧပြီလတွင် တန်ချိန် ၆၅၀,၀၀၀ တင်သွင်းခဲ့သည်။ သို့သော် ဇန်နဝါရီလတွင် တင်သွင်းခဲ့သော တန်ချိန် ၆၆၀,၀၀၀ ကို စံချိန် မချိုးနိုင်သေးပါ။
ဘင်္ဂလားဒေ့ရှ်သည် မတ်လတွင် တန်ချိန် ၄၅၀,၀၀ ၊ ဧပြီလတွင် တန်ချိန် ၄၉၀,၀၀၀ တင်သွင်းခဲ့သည်။ ၂၀၂၂ ဇွန်လနောက်ပိုင်း အများဆုံးတင်သွင်းခဲ့ခြင်း ဖြစ်သည်။တစ်နှစ်တာ LNG ကမ္ဘာ့အများဆုံး တင်သွင်းသည့်နိုင်ငံဖြစ်သော ဂျပန်သည် မတ်လတွင် တန်ချိန် ၅.၅၇ သန်း၊ ဧပြီလတွင် ၅.၁၆ သန်း တင်သွင်းခဲ့သည်။
တရုတ်သည် ဖေဖော်ဝါရီလတွင် LNG တန်ချိန် ၄.၉၉ သန်း၊ မတ်လတွင် တန်ချိန် ၅.၄၈ သန်း၊ ဧပြီလတွင် ၅.၂၃ သန်း တင်သွင်းခဲ့သည်။ တစိလထက် တစ်လ ပိုများလာခဲ့သည်။ ကာလပေါက်ဈေး အကျဘက်ရောက်နေခြင်းဖြစ်သော်လည်း တရုတ်ပြည်တွင်းဈေးကွက် အနေအထားအရ mmBtu ၁ ယူနစ် $10 အောက်သို့ ရောက်မှ တွက်ခြေကိုက်သည်။
Source: https://www.industrialdirectory.com.mm