International News

အာသံမှ ရေနံချက်စက်ရုံ မြန်မာနိုင်ငံတွင် စက်သုံးဆီ လက်လီအရောင်းဆိုင်များ ဖွင့်လှစ်ရန် စိတ်အားထက်သန်

Last Updated:

     အိန္ဒိယနိုင်ငံ အာသံပြည်နယ်ရှိ နိုင်ငံပိုင် Numaligarh Refinery Limited (NRL) သည် မြန်မာနိုင်ငံတွင် အခြေအနေကောင်းလာပါက စက်သုံးဆီလက်လီ အရောင်းဆိုင်များ ဖွင့်လှစ်ခြင်းဖြင့် အိမ်နီးချင်း မြန်မာနိုင်ငံ‌ဈေးကွက်သို့ ဝင်ရောက်ရန် အစီအစဉ် ရေးဆွဲထားသည်။ "ကျွန်တော်တို့ အခု ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အလုပ် လုပ်နေပါတယ်။ မြန်မာနိုင်ငံကို ကျွန်တော်တို့ သတိပြုမိပြီး စဉ်းစားချင့်ချိန်နေတာ အချိန်အတော်ကြာပါပြီ။ အရင်တုန်းကတော့  နူမာလီဂါ Numaligarh ကနေ မိုးရေးကို တိုက်ရိုက် ကားလမ်းကတစ်ဆင့် တင်ပို့ခဲ့ပြီး ခရီးကအကြမ်းဖျင်းအားဖြင့် ၄၂၁ ကီလိုမီတာလောက် ရှိပါတယ်" ဟု NRL ၏ ဥက္ကဋ္ဌနှင့် ဦးဆောင်ညွှန်ကြားရေးမှူး Bhaskar Jyoti Phukan က ပြောကြားသည်။

     "စစ်အစိုးရ အပြောင်းအလဲက အစီအစဉ်ကို နှောင့်နှေးစေခဲ့ပါတယ်။ အိန္ဒိယဘက်ခြမ်းရှိ မိုးရေးမြို့နှင့် နီးကပ်တဲ့ မြန်မာနိုင်ငံဧရိယာက စစ်ကိုင်းတိုင်းဒေသကြီး ဖြစ်ပါတယ်။ အဲဒီဧရိယာက ရောင်းအားအလားအလာ မြင့်မားပါတယ်။ ဝန်ဆောင်မှု မပေးကြသေးတဲ့ ဧရိယာပါ။ လူဦးရေ ၄ သန်း ဝန်းကျင် အဲဒီဧရိယာမှာ နေထိုင်ပါတယ်။ ကျွန်တော်တို့ အသေးစိတ် အစီအစဉ် ရေးဆွဲထားပါတယ်" ဟု Phukan က ပြောကြားသည်။

       NRL သည် မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စက်သုံးဆီ လက်လီအရောင်းဆိုင်များ ဖွင့်လှစ်ရန် အစီအစဉ် ရေးဆွဲထားပြီးဖြစ်သော်လည်း အကောင်အထည် မဖော်ဖြစ်သေးကြောင်း ၎င်းက ပြောကြားသည်။ မြန်မာနိုင်ငံဘက် ဧရိယာတွင် အတူပူးပေါင်းလုပ်ကိုင်ရန် မိတ်ဖက်ကိုလည်း ရွေးချယ်ထားပြီးပြီဟု သူက ဆိုသည်။ သို့သော် နူမာလီဂါမှ မြန်မာနိုင်ငံသို့ သယ်ယူပို့ဆောင်ရေးစရိတ် အလွန်ကြီးမားသည်။
     "လက်ရှိအ‌ခြေအနေကို ကျွန်တော်တို့ သိပ်စိတ်မချဘူး။ ဒါပေမဲ့ တဖြည်းဖြည်းချင်း အဆင်ပြေလာမှာပါ။  အဲဒီမှာ အာရှ အမြန်လမ်း လာမယ်။ ဝန်ဆောင်မှုက ချို့တဲ့နေတယ်။ ဒီတော့ ဝန်ဆောင်မှု ပေးဖို့ အလားအလာ အရမ်းကောင်းပါတယ်။ ကျွန်တော်တို့ရဲ့ အစီအစဉ်တွေကို  အခြေအနေပေးတာနဲ့ ချက်ချင်း အကောင်အထည် ဖော်မှာပါ" ဟု ၎င်းက ပြောကြားသည်။ NRL သည် ရူပီး ၂၈,၀၀၀ ကုဋေ ရင်းနှီးမြှုပ်နှံပြီး တစ်နှစ်တာ ထုတ်လုပ်နိုင်စွမ်းကို မက်ထရစ်တန် ၃ သန်းမှ ၉ သန်းသို့ တိုးမြှင့်နေသည်။ မြန်မာနိုင်ငံတွင် တရုတ်တို့၏ ရင်းနှီးမြှုပ်နှံမှုများ များလာနေသည်ဟု  NRL အကြီးတန်း အရာရှိတဦးက ပြောကြားသည်။
       “သူတို့က မန္တလေးကနေ ရန်ကုန်ကို ထုတ်ကုန်ပစ္စတွေ သယ်ကြတယ်။ တရုတ်က မြန်မာနိုင်ငံမှာ ဆီတင်ယာဉ်တွေ ထူထောင်ထားတယ်" ဟု ၎င်းက ပြောကြားသည်။
NRL က  ရေနံနှင့် သဘာဝဓာတ်ငွေ့ကြွယ်ဝသည့် အာသံပြည်နယ်တွင် ရေနံချက်စက်ရုံ ၄ ခုရှိသည့်အနက် တစ်ရုံကို နူမာလီဂါတွင် ထူထောင်ထားသည်။ ၎င်းစက်ရုံမှ ထုတ်ကုန်များကို မြန်မာနိုင်ငံတွင် လက်လီအရောင်းဆိုင် ဖွင့်လှစ် ရောင်းချရန် အစီအစဉ် ရေးဆွဲထားခြင်း ဖြစ်သည်။ 

Source: https://www.industrialdirectory.com.mm
 

Category: International News