Local News

မြန်မာနိုင်ငံမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ စားသောက်ကုန်ပစ္စည်းများ တင်ပို့ရန် GACC တွင် မှတ်ပုံတင်ရမည်

Last Updated:

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (General Administration of Customs of China-GACC)၏ ကြေညာချက်အမှတ် (၂၄၈) နှင့် (၂၄၉)တို့အရ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှစတင်၍ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ စားသောက်ကုန်တင်ပို့မည့်/ တင်ပို့လျက်ရှိသည့်  လုပ်ငန်းရှင်များအနေဖြင့် GACC တွင် မှတ်ပုံတင်ပြီးမှသာလျှင် တင်ပို့ခွင့်ရရှိမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ အောက်ဖော်ပြပါ ကုန်စည်အမျိုးအစား(၁၈)ခုတို့ကို တင်ပို့သည့် ကုမ္ပဏီများအနေဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့တွင် မှတ်ပုံတင်ရမည်ဖြစ်ပါသည်-

    (က)    အသားနှင့် အသားထုတ်ကုန်များ
    ( ခ )    ရေထွက်ကုန်များ
    ( ဂ )    နို့ထွက်ပစ္စည်းများ
    (ဃ)    ငှက်သိုက်နှင့် ဆက်စပ်ထုတ်ကုန်များ
    ( င )    အဆာသွတ်ရန် အသုံးပြုသည့် အပေါ်ခွံ
    ( စ )    ပျားရည်နှင့် ပျားထွက်ပစ္စည်း
    (ဆ)     ဥနှင့်ဥထုတ်ကုန်များ
    ( ဇ )    စားသုံးဆီ
    ( ဈ )    အပြင်အသားအား ဂျုံသားဖြင့်ပြုလုပ်ထားပြီး စားသုံးနိုင်သည့် သို့မဟုတ် အေးခဲထားသည့် ထုတ်ကုန်များ
    (ည)     စားသုံးနိုင်သောအစေ့အဆံများ
    ( ဋ )    ကြိတ်ခွဲသီးနှံ ထွက်ကုန်များနှင့်မုယောစပါး၊
    ( ဌ )    လတ်ဆတ်သော ဟင်းသီးဟင်းရွက်များနှင့် ရေဓာတ်ထုတ်ထားသော ဟင်းသီးဟင်းရွက်များ
    ( ဍ )    ပဲမျိုးစုံ
    ( ဎ )    အနံ့အရသာအတွက် အသုံးပြုသော ဟင်းခတ်အမွှေးအကြိုင်များ
    (ဏ)    အခွံမာသီးနှင့်အစေ့အဆံများ
    (တ)    သစ်သီးခြောက်များ
    (ထ)    မလှော်ထားသော ကော်ဖီစေ့နှင့် ကိုကိုးစေ့များ
    ( ဒ )    အထူးအာဟာရအစားအသောက်များ၊ ကျန်းမာရေးဖြည့်စွက်စာများ

ကုန်စည်အုပ်စုအလိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(GACC)တွင် မှတ်ပုံတင်နိုင် ရေးအတွက် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့များမှာ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့ ဖြစ်ကြပါသည်။ အဆိုပါကုန်စည် အမျိုးအစား(၁၈)အုပ်စု၌ ပါဝင်ခြင်းမရှိသည့် ကုန်စည်များကို ထုတ်လုပ်/တင်ပို့မည့်လုပ်ငန်းများအနေဖြင့် တရုတ်နိုင်ငံ၏ပြတင်းတစ်ပေါက်အစီအစဉ်ဖြစ်သည့် https://cifer. singlewindow.cn သို့ ဝင်ရောက်၍ ကိုယ်တိုင် Account ဖွင့်လှစ်ကာ တိုက်ရိုက်လျှောက်ထားရမည်ဖြစ်ပါသည်။    

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့အထိ ကုမ္ပဏီ/ စက်ရုံ(၁၃၀၈)ခုမှ ပေးပို့ထားသည့် စောင်ရေ စုစုပေါင်း (၂၃၆၃) စောင်အား မှတ်ပုံတင်ရန် လျှောက်ထားပြီးဖြစ်ရာ စိုက်ပျိုးရေးဦးစီးဌာနမှ ကုမ္ပဏီ(၁၁၆၅)ခု၊ စောင်ရေ(၂၂၂၀) စောင်၊ ငါးလုပ်ငန်းဦးစီးဌာနမှ ကုမ္ပဏီ/ စက်ရုံ (၁၂၀)ခု၊ စောင်ရေ (၁၂၀)စောင်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကုမ္ပဏီ (၁၄)ခု၊ စောင်ရေ(၁၄) စောင်နှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲ‌ရေးဦးစီးဌာနမှ ကုမ္ပဏီ (၉)ခု၊ စောင်ရေ (၉)စောင် ဖြစ်ပါသည်။

အဆိုပါ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လယ်ယာစိုက်ပျိုးရေးထွက်ကုန်များ အပါအဝင်ကုန်စည်များအား တရားဝင်တင်ပို့နိုင်ရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့(GACC)မှ မှတ်ပုံတင်ပေးပြီးဖြစ်သည့်လုပ်ငန်းများစာရင်းအား တရုတ်နိုင်ငံ၏ ပြတင်းတစ်ပေါက် အစီအစဉ် https:// ciferquery.singlewindow.cn/  ၌ဖော်ပြထားပါသည်။

မြန်မာနိုင်ငံမှတရုတ်နိုင်ငံသို့ စိုက်ပျိုးရေးစားသောက်ကုန်များတင်ပို့သည့် ကုမ္ပဏီများအနေဖြင့် မှတ်ပုံတင်ခြင်းအတွက် ပြင်ဆင် ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) အောက်ရှိ Department of Animal and plant Quarantine ဌာနမှ အောက်ဖော်ပြပါ စိုက်ပျိုးရေးစားသောက်ကုန်စည်အုပ်စု (၇)မျိုး တာဝန်ယူဆောင်ရွက် သွားမည်ဖြစ်ပြီး မှတ်ပုံတင်ခြင်းကို Manual စနစ်ဖြင့် လျှောက်ထားရမည်ဖြစ်ပါသည်-

    (က)     ကော်ဖီစေ့ (raw) ၊ ကိုကိုးစေ့ (cocoa beans) {Unroasted coffee beans and cocoa beans}
    ( ခ )    ဟင်းသီးဟင်းရွက်အစိမ်းများ {Fresh and dehydrated vegetables}
    ( ဂ )    ဟင်းခတ်အမွှေးအကြိုင်များ {Plant Seasonings (Plant Species)}
    (ဃ)    စားသုံးနိုင်သည့် အစေ့အဆံများ {Edible grains}
    ( င )    ပဲမျိုးစုံ { Dried Beans}
    ( စ )    ဆီထွက်အပင်များ {Oilseeds (Oil Plant)}
    (ဆ)    တရုတ်တိုင်းရင်းဆေးထုတ်လုပ်သည့် တိရစ္ဆာန် (သို့မဟုတ်) အပင်မူရင်းများ {Chinese Traditional Medicines}

အဆိုပါ ကုန်စည်အုပ်စု (၇)မျိုးအတွက် Manual စနစ်ဖြင့် မှတ်ပုံတင်ခြင်းလုပ်ငန်းအား ကုမ္ပဏီလုပ်ငန်းများမှ ကိုယ်တိုင်ဆောင်ရွက် ၍မရပါ။ သက်ဆိုင်ရာ Competent Authority Departmentထံလျှောက်ထားရမည်။ စိုက်ပျိုးရေးထွက်ကုန်များအတွက် စိုက်ပျိုးရေး ဦးစီးဌာနသို့ လျှောက်ထားရမည်။ သက်ဆိုင်ရာဌာနမှ တာဝန်ခံအရာရှိ (Competent Authority)ကသာ ၎င်းလျှောက်ထားမှုကို ဆောင်ရွက်နိုင်ပြီး  စာ (သို့မဟုတ်) Email ဖြင့် [email protected] သို့ပေးပို့ရမည် ဖြစ်ပါသည်။ သို့မဟုတ် မြန်မာနိုင်ငံရှိ တရုတ်သံရုံး  တရုတ်နိုင်ငံရှိ မြန်မာသံရုံးမှတစ်ဆင့် ပေးပို့လျှောက်ထားရမည်။

အဆိုပါ https://ciferquery.singlewindow.cn/ Website တွင် online စနစ်ဖြင့် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့အထိ မြန်မာနိုင်ငံမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(GACC)တွင် Competent Authorityထောက်ခံချက် လိုသည့် ကုန်စည်အုပ်စုနှင့် ကိုယ်တိုင်ဝင်ရောက် လျှောက်ထားသည့် ကုန်စည်အုပ်စုအပါအဝင် စုစုပေါင်းစောင်ရေ (၉၃၉)စောင်အား မှတ်ပုံတင်ခွင့်ပြုထားပြီးဖြစ်ကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

ထပ်မံသိရှိလိုသည်များရှိပါက အောက်ဖော်ပြပါ ဖုန်းနှင့် Email တို့သို့ ဆက်သွယ်မေးမြန်း နိုင်ပါကြောင်း အသိပေးအပ်ပါသည်-

                                    GACC, ရုံးလုပ်ငန်းအဖွဲ့
                                             ပြည်တွင်းကုန်သွယ်မှုဌာနခွဲ
                                        မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့
                                    ဖုန်းအမှတ်-၀၆၇-၃-၄၀၈၆၀၅, ၀၆၇-၃-၄၀၈၆၁၈
                                                           Email: [email protected]

Category: Local News