Local News

ရန်ကုန်ဈေးကွက်မှာ ဆန်အဝယ်လိုက်နေလို့ ဧရာဝတီထွက်ဆန်ဈေးတွေ အနည်းငယ်တက်လာနိုင်

Last Updated:

      ရန်ကုန်ဈေးကွက်အတွင်း ဆန်အဝယ်လိုက်နေတဲ့အတွက် ဧရာဝတီတိုင်းဒေသကြီးထွက် ဆန်ဈေးနှုန်းတွေ အနည်းငယ်မြင့်တက်လာနိုင်တယ်လို့ ပုသိမ်မြို့နယ် ဆန်နှင့်စပါးရောင်းဝယ်ရေးလုပ်ငန်းရှင်များအသင်း ထံမှ သိရပါတယ်။ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ကနေ ရန်ကုန်တိုင်းဒေသကြီးဈေးကွက်ထံ အဓိကတင်ပို့ရောင်းချနေရာမှာ ဇန်နဝါရီလအတွင်းက ဆန်တစ်တင်းခွဲ (၂၄ ပြည်ဝင်) အိတ်ရေ ၁၆၅,၀၀၀ အထိ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဖေဖော်ဝါရီလမှာလည်း ဆန်တစ်တင်းခွဲ(၂၄ ပြည်ဝင်) အိတ်ရေ ၂၀၅,၀၀၀ အထိ တင်ပို့ရောင်းချနိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ 

     “ရန်ကုန်မြို့ဈေးကွက်ကနေ ဆန်အိတ်တွေ အဝယ်လိုက်နေပါတယ်။ လက်ရှိအဝယ်လိုက်လာသလို ဈေးကလည်း အနည်းငယ်မြင့်တက်လာနိုင်ပါတယ်။ ဆန်အိတ်ရေများများ တင်ပို့လာရတာကြောင့် ကုန်သည် လုပ်ငန်းရှင်တွေအပြင် တောင်သူတွေ၊ ကုန်တင်ကုန်ချလုပ်သားတွေအဆင်ပြေလာတယ်”လို့ ပုသိမ်မြို့နယ် ဆန်နှင့်စပါးရောင်းဝယ်ရေးလုပ်ငန်းရှင်များအသင်းမှ ဈေးကွက်ရှာဖွေရေးတာဝန်ခံက ပြောပါတယ်။ လက်ရှိရန်ကုန်လက်လီဈေးကွက်အတွင်း မတ်လ ၁ ရက်နေ့မှ ၅ ရက်နေ့အထိအများပြည်သူစားသုံးနေတဲ့ ဆန်ဈေးဟာ ပုသိမ်ဆင်းသုခ ၂၄ ပြည်ဝင်တစ်အိတ်ကိုကျပ် ၆၂၀၀၀၊ မြောင်းမြ မနောသုခ ၂၄ ပြည်ဝင် တစ်အိတ်ကိုကျပ် ၆၆၀၀၀၊ ဆင်းသွယ်အသစ် ၂၄ ပြည်ဝင်တစ်အိတ်ကိုကျပ် ၆၈၀၀၀၊ ဆင်းသွယ်ဟောင်း ၂၄ ပြည်ဝင် တစ်အိတ်ကိုကျပ် ၇၄၀၀၀၊ ပေါ်ဆန်းရိုးရိုး ၂၄ ပြည်ဝင်တစ်အိတ်ကိုကျပ် ၇၂၀၀၀၊ ပုသိမ်ပေါ်ဆန်းမွှေး ၂၄ ပြည်ဝင် တစ်အိတ်ကို ၇၈၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်း ၂၄ ပြည်ဝင်တစ်အိတ်ကို ကျပ် ၈၂၀၀၀၊ မြောင်းမြ ပေါ်ဆန်းမွှေးတစ်အိတ်ကိုကျပ် ၈၄၀၀၀၊ ဘေးကြားတောင်ပျံ ၂၄ ပြည်ဝင် တစ်အိတ်ကို ကျပ် ၈၆၀၀၀၊ ဧရာရွှေဘိုအသစ် ၂၄ ပြည်ဝင်တစ်အိတ်ကိုကျပ် ၉၀၀၀၀၊ ရွှေဘိုပေါ်ဆန်းမွှေးသစ် ၂၄ ပြည်ဝင်တစ်အိတ်ကို ကျပ် ၉၄၀၀၀ နဲ့ ရွှေဘိုအိုးဝင်ထိပ်သစ် ၂၄ ပြည်ဝင်တစ်အိတ်ကိုကျပ် ၉၆၀၀၀ အထိအသီးသီး ပေါက်ဈေး ရှိနေတယ်လို့ ရန်ကုန်လက်လီရောင်းဝယ်ရေးကုန်စည်ဒိုင်တစ်ဦးထံမှ သိရပါတယ်။ 

     အထက်ပါ မတ်လပထမအပတ် ဈေးနှုန်းအရ ဖေဖော်ဝါရီလထက်စာရင် ဆန်ဈေးနှုန်းဟာ၂၄ ပြည်ဝင် တစ်အိတ်ကို ငွေကျပ် ၂၀၀၀ ကနေ ၄၀၀၀ ကျပ်အထိဈေးနှုန်းအကျ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ သို့ပေမယ့် လက်လီဈေးကွက်အတွင်း အခြေခံပြည်သူများစားသုံးလျက်ရှိသောဆန်ဈေးနှုန်းများမှာ၂၄ ပြည်ဝင် ဆန်တစ်အိတ်ကိုကျပ် ၅၀၀၀၀ နဲ့အထက်မှာရှိနေဆဲဖြစ်တဲ့အတွက် အခြေခံပြည်သူတွေ အတွက် ဈေးအမြင့်နဲ့ ပေးဝယ်နေရဆဲဖြစ်တယ်လို့ လှိုင်သာယာမြို့နယ်အိမ်ရှင်မတစ်ဦးက ဆိုထားပါတယ်။ “သူတို့ကသာ ဈေးကျတယ်ပြောနေကြတာ။ဘာမှဈေးမကျပါဘူးရိုးရိုးပေါ်ဆန်းဆန်တစ်ပြည်တောင်ကျပ်၂၈၀၀ ၊ ၃၀၀၀ အစရှိသဖြင့် ပေးဝယ်နေရတာပါ”လို့ ၎င်းက ပြောပါတယ်။

MFN News

Current Content

Category: Local News