Local News

ပစ္စည်းရှားပါးမှုကြောင့် မြေပဲမျိုးဆန်ဈေးကောင်

Last Updated:
      မကွေးမြို့မှာ ပစ္စည်းရှားပါးမှုကြောင့် မြေပဲမျိုးဆန်တစ်တင်းကို ကျပ်တစ်သိန်းကျော်အထိ ဈေးပေါက်နေတယ်လို့ မကွေးမြို့ မြေပဲမျိုးဆန်ရောင်းဝယ်ရေးလုပ်ကိုင်သူတွေဆီက သိရပါတယ်။ မကွေးမြို့နယ်အတွင်းက တောင်သူတွေ အနေနဲ့ မြေပဲ၊ နှမ်းတွေကို စီးပွားဖြစ်စိုက်ပျိုးကြတာဖြစ်ပါတယ်။ အခုမေလအတွင်း မိုးဦးကျ မိုးတွေရွာသွန်းလာရင် မိုးဦးမြေပဲနဲ့ မိုးဦးနှမ်းတွေကို စိုက်ပျိုးကြမှာလည်းဖြစ်ပါတယ်။ မြေပဲကို အဖြူ၊ အနီ နှစ်မျိုး စိုက်ပျိုးကြတာဖြစ်ပြီး မျိုးမြေပဲဆန် အဖြူ ၁၆ ပိဿာ တစ်တင်းကို ငွေကျပ်တစ်သိန်းနှစ်သောင်း၊ မျိုးမြေပဲဆန် အနီ ၁၆ ပိဿာတစ်တင်းကို တစ်သိန်းသုံးသောင်းကျပ် ပေါက်ဈေးရှိတယ်လို့ မကွေးမြို့က မြေပဲဆန်မျိုး ရောင်းဝယ်သူ ကိုထိန်လင်းအောင်ကပြောပါတယ်။ 
       မကွေးမြို့နယ်အတွင်းက တောင်သူတွေအနေနဲ့ အရင်က မြေပဲကို ၃ လ ပဲနဲ့ ၆ လ ပဲ နှစ်မျိုးစိုက်ပျိုးလေ့ရှိကြရာ အခုအချိန်မှာတော့ ၃ လ ပဲကိုသာ အဓိက စိုက်ပျိုးကြပြီး ၆ လ ပဲကို စိုက်ပျိုးသူ မရှိသလောက်နည်းပါးသွားတယ်လို့ ဆိုပါတယ်။ မကွေးမြို့ရဲ့ မြေပဲ၊ နှမ်း ရောင်းဝယ်ရေး ဈေးတွေကို မန္တလေးဈေးကွက်နဲ့ နှိုင်းယှဉ်ချိန်ဆပြီး အရောင်းအဝယ်ပြုလုပ်ကြတာလို့ သိရပါတယ်။

 

Category: Local News