International News

အသစ်ဖွဲ့စည်းခဲ့သော အိန္ဒိယအမျိုးသားပို့ကုန်များ သမဝါယမလီမိတက်မှ ဆန်တင်ပို့မှုစတင်

Last Updated:

အိန္ဒိယနိုင်ငံ၌ မကြာသေးမီကာလအတွင်း နိုင်ငံပိုင်ကော်ပိုရေးရှင်း တစ်ခုအဖြစ် အသစ် တည်ထောင်ဖွဲ့စည်းခဲ့သော အမျိုးသားပို့ကုန်များသမဝါယမလီမိတက် (National Cooperative Exports Ltd  ̶  NCEL) သည် အာဖရိကအရှေ့ပိုင်းရှိ မောရစ်သျှနိုင်ငံသို့ ဘာစမာတီမဟုတ်သော ဆန်တန်ချိန် ၃၉၅၀ ကို တင်ပို့ခြင်းဖြင့် ၎င်း၏ ပထမဦးဆုံးအကြိမ် ပြည်ပသို့ ကုန်စည်တင်ပို့မှုကို စတင်ခဲ့ကြောင်း သိရှိရသည်။

မောရစ်သျှနိုင်ငံသို့ အစိုးရချင်းညှိနှိုင်းမှုအစီအစဉ်ဖြင့် ဘာစမာတီမဟုတ်သောဆန်တန်ချိန် ၁၄၀၀၀ ကို တင်ပို့ရန် အိန္ဒိယအစိုးရက ခွင့်ပြုထားသည့် ပမာဏအနက်မှ ယခု ၃၉၅၀ တန်ကို တစ်တန်လျှင် ၄၈၃.၂၃ ဒေါ်လာနှုန်းဖြင့် တင်ပို့ခြင်းဖြစ်ကြောင်း၊ သင်္ဘောတင်စရိတ်၊ အာမခံကြေး နှင့် သယ်ယူစရိတ်များ အပါအဝင် မောရစ်သျှနိုင်ငံ ဆိပ်ကမ်းသို့ အရောက်တန်ဖိုးမှာ တစ်တန်လျှင် ၅၄၈.၃၃ ဒေါ်လာကျသင့်ကြောင်း Hindu Business Line သတင်းဌာနက ဖော်ပြပါသည်။

အိန္ဒိယ ပြည်ထဲရေးဝန်ကြီးနှင့် သမဝါယမဝန်ကြီးဖြစ်သူ Amit Shah က NCEL လီမိတက် သည် ရူပီးငွေ ကုဋေ ၇၀၀၀ တန်ဖိုးရှိသော ပို့ကုန်အမှာစာများကို လက်ခံရရှိထားပြီးဖြစ်ကြောင်း၊ ဆက်လက်၍ ရူပီး ကုဋေ ၁၅၀၀၀ တန်ဖိုးရှိသော အမှာစာများအတွက်လည်း ညှိနှိုင်းဆွေးနွေးမှုများ လုပ်ဆောင်လျက်ရှိကြောင်းနှင့် NCEL ၏ ပြည်ပပို့ကုန်များမှ ရရှိသည့် အကျိုးအမြတ်၏ ၅၀% ကို တောင်သူလယ်သမားများထံ ခွဲဝေပေးမည်ဖြစ်ကြောင်းဖြင့် ၂၃-၁၀-၂၀၂၃ နေ့တွင် ကျင်းပသော အမျိုးသားအဆင့် သမဝါယမပို့ကုန်ဆိုင်ရာ ညီလာခံ၌ ပြောကြားခဲ့သည်။

ဘာစမာတီမဟုတ်သောဆန် တင်ပို့မှုအား တားမြစ်ကန့်သတ်ကြောင်း ဇူလိုင်လ ၂၀ ရက်နေ့တွင် အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် အစိုးရချင်းညှိနှိုင်းမှုအစီအစဉ်အောက်တွင် အဆိုပါဆန်အမျိုးအစားများကို ပို့ကုန်အခွန်ကောက်ခံခြင်းမရှိပဲ တင်ပို့ရန် အိန္ဒိယ ပြည်ပကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ခွင့်ပြုခဲ့သည့် ကနဦးနိုင်ငံ ၃ ခုတွင် ဘူတန်၊ စင်ကာပူတို့နှင့်အတူ မောရစ်သျှနိုင်ငံသည်လည်း အပါအဝင်ဖြစ်ခဲ့သည်။

ကုန်သွယ်ရေးလေ့လာဆန်းစစ်သူ S Chandrasekaran က အခြေတည်ခါစ အဖွဲ့အစည်း တစ်ခုအနေဖြင့် ယခုကဲ့သို့ တင်ပို့နိုင်မှုမှာ ခြေလှမ်းကောင်းတစ်ရပ်ပင်ဖြစ်ကြောင်း၊ လက်ရှိကာလ ၌ ကမ္ဘာ့ဆန်ဈေးကွက်မှာ ရောင်းချသူအားသာမှုရှိသည့် ဈေးကွက်ဖြစ်ပြီး NCEL သည် ဆန်ဈေးနှုန်းများ မြင့်မားနေသည့် အခွင့်အလမ်းကို ရယူနိုင်ကြောင်း၊ မောရစ်သျှသို့ ဆန်တင်ပို့ရာတွင် တစ်တန်လျှင် အနည်းဆုံး ၇၅ ဒေါ်လာခန့် ပိုမိုရရှိခဲ့ပြီး တောင်သူလယ်သမားများ၏ ဝင်ငွေကို တိုးတက်စေမည်ဖြစ်ကြောင်း၊ သံတမန်ရေးရာညှိနှိုင်းမှုများနှင့် စားနပ်ရိက္ခာဖူလုံမှုအတွက် တင်သွင်းခြင်းတို့အပေါ် အခြေပြုလျက် ဈေးနှုန်းကိုဆုံးဖြတ်ခြင်း မပြုပါက NCEL အနေဖြင့် အမြတ်ပိုမိုရရှိမည့် ဈေးကွက်ကို ရှာဖွေသင့်ကြောင်း ပြောဆိုပါသည်။

မောရစ်သျှနိုင်ငံရှိ Port Louis မြို့သို့ ဆန်တစ်တန် တင်ပို့ရာတွင် အိန္ဒိယနိုင်ငံ Mundra ဆိပ်ကမ်းမှ သင်္ဘောခ ၂၈ ဒေါ်လာခန့်ကျသင့်ပြီး ထိုင်းနိုင်ငံ၊ ဗန်ကောက်မှ သယ်ယူပို့ဆောင်ခမှာ ၆၉ ဒေါ်လာခန့် ကျသင့်မှုရှိနေချိန်၌ အိန္ဒိယဆန်များကို ထိုင်းဆန်ထက် နည်းပါးသည့် ဈေးနှုန်းဖြင့် တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိကာလတွင် ထိုင်းနိုင်ငံသည် ဆန်ကွဲပါဝင်မှု ၅% ရှိသည့်ဆန်  တစ်တန်လျှင် ၅၈၃ ဒေါ်လာနှင့် ဆန်ကွဲပါဝင်မှု ၂၅% ရှိသည့်ဆန်  တစ်တန်လျှင် ၅၅၈ ဒေါ်လာနှုန်း ဖြင့် ကမ်းလှမ်းရောင်းချမှုရှိကြောင်း သိရှိရသည်။

ဘာစမာတီမဟုတ်သောဆန်တင်ပို့မှုကို အစိုးရကတားမြစ်ကန့်သတ်ထားချိန်တွင်  နိုင်ငံပိုင်ကော်ပိုရေးရှင်းကသာ တင်ပို့ခွင့်ရရှိနေမှုအပေါ် ပုဂ္ဂလိကပို့ကုန်လုပ်ငန်းရှင်အချို့က ကျေနပ်မှုမရှိကြောင်း ပြောဆိုလျက်ရှိသည်။ အိန္ဒိယတောင်ပိုင်းဒေသ အခြေစိုက် အမည်မဖော်လိုသော ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ၎င်းတို့အနေဖြင့် လူအင်အား၊ စက်ပစ္စည်းအင်အား ရင်းနှီးမြှုပ်နှံမှုများကို လုပ်ဆောင်ထားရပြီး အချည်းနှီး မဖြစ်သင့်ကြောင်း ပြောကြားခဲ့သည်။ ပြီးခဲ့သော သီတင်းပတ်၌ ဆန်တင်ပို့သူလုပ်ငန်းရှင်များအသင်းက NCEL လီမိတက် တစ်ခုတည်းကိုသာ သီးသန့် ဆန်တင်ပို့ခွင့်ပြု ထားသည့် ကိစ္စရပ်နှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခွင့်ပြုရန် သမဝါယမဝန်ကြီးဌာနသို့ စာရေးသား တောင်းဆိုခဲ့သည်။ အဆိုပါအသင်းက ၎င်းတို့အနေဖြင့် တောင်သူလယ်သမား အဖွဲ့အစည်းများထံမှ ဆန်များဝယ်ယူလျက် အစိုးရချင်းညှိနှိုင်း၍ တင်ပို့သည့်လုပ်ငန်းတွင် ပူးပေါင်းပါဝင်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။

ဆန်ဖြူတင်ပို့ရန်ခွင့်ပြုကြောင်း အိန္ဒိယ ပြည်ပကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည့် အမိန့်ကြော်ငြာစာတိုင်း၌ လက်ရှိ နိုင်ငံခြားကုန်သွယ်မှု မူဝါဒ၏ အပိုဒ်အမှတ် ၂-၀၁ အရ NCEL လီမိတက်မှတစ်ဆင့် ဆောင်ရွက်ရန် ဖော်ပြထားသော်လည်း ၎င်းမူဝါဒ၏ နောက်ဆက် တွဲ ဖော်ပြချက် Appendix 2J တွင် NCEL ကို ထည့်သွင်းထားခြင်းမရှိကြောင်း၊ သို့ဖြစ်ရာ ဥပဒေပိုင်း အရ လုပ်ငန်းလုပ်ဆောင်နိုင်မှုမရှိခြင်းမှ ရှောင်ကြဉ်နိုင်ရန်အတွက် အဆိုပါနောက်ဆက်တွဲကို ပြင်ဆင်ရန်လိုအပ်ကြောင်းဖြင့် Chandrasekaran က ပြောဆိုခဲ့သည်။

သတင်းအရင်းအမြစ်များမှ ပြောကြားချက်များအရ NCEL လီမိတက်အနေဖြင့် အင်ဒိုနီးရှား၊ မလေးရှား၊ ဆီနီဂေါနှင့် ဂမ်ဘီယာတို့အပါအဝင် နိုင်ငံ ၈ ခုသို့ ဆန်တန်ချိန် ၇.၅ သိန်းခန့် ထပ်မံ တင်ပို့ဖွယ်ရှိကြောင်း Hindu Business Line သတင်းဌာနက ဖော်ပြထားပါသည်။

Source: The Hindu Business Line, 24 Oct 2023

Source:https://www.doca.gov.mm/my/node/14770

Category: International News