International News

ဆန်တင်ပို့ရန် အရည်အချင်းပြည့်မီသော ပို့ကုန်လုပ်ငန်းရှင်စာရင်း ဗီယက်နမ်အစိုးရ ထုတ်ပြန်

Last Updated:

ဗီယက်နမ်နိုင်ငံ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနရှိ ပို့ကုန်သွင်းကုန်ဦးစီးဌာန၏ ၁၈-၁၀-၂ဝ၂၃ နေ့ စာရင်းထုတ်ပြန်ချက်အရ ပြည်ပသို့ ဆန်တင်ပို့ရန် သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသော ပို့ကုန်လုပ်ငန်းရှင်ဦးရေသည် ၁၇ဝ ရှိကြောင်း သိရှိရပါသည်။

အဆိုပါကြေညာချက်အရ Ho Chi Minh မြို့တော်သည်  သတ်မှတ်အရည်အချင်း ပြည့်မီသော ဆန်တင်ပို့သည့် ကုမ္ပဏီ ၃၇ ခုဖြင့် အများဆုံးဖြစ်ပြီး ၎င်း၏နောက်၌ မဲခေါင်မြစ်ဝကျွန်းပေါ် ဒေသရှိ Can Tho မြို့တွင် ၃၆ ခု၊ တောင်ပိုင်းပြည်နယ်များဖြစ်ကြသော Long An နှင့် An Giang တို့တွင် ၂၂ ခုနှင့် ၁၆ ခု အသီးသီးရှိကြောင်း သိရှိရပါသည်။

လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ အစီရင်ခံစာအရ ဗီယက်နမ် နိုင်ငံသည် ၂ဝ၂၃ ခုနှစ် ပထမ ၉ လအတွင်း ဆန်တန်ချိန် ၆.၆ သန်း၊ တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၃.၆၆ ဘီလီယံဖိုး တင်ပို့ခဲ့ပြီး နှစ်အလိုက် ၄ဝ.၄ ရာခိုင်နှုန်းတိုးတက်ခဲ့ရာ ဗီယက်နမ်၏ ဆန်တင်ပို့သည့်သက်တမ်း ၃၄ နှစ်အတွင်း ပထမဆုံးအကြိမ် အများဆုံးစံချိန်တင်နိုင်ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

ဗီယက်နမ်၏ နောက်ဆုံးစံချိန်တင်ထားသည့် ဆန်တင်ပို့မှု အများဆုံးသည် ၂ဝ၁၁ ခုနှစ်တွင် ဆန်တန်ချိန် ၇.၁ သန်း၊ တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၃.၆၅ ဘီလီယံဖြစ်ပြီး ၂ဝ၁၂ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်အတွင်း ဆန်ပို့ကုန်ဈေးနှုန်းများမှာ ကျဆင်းခဲ့ရာ အဆိုပါနှစ်များအတွင်း ဆန်တင်ပို့မှုမှ ဝင်ငွေသည် အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံအောက်သို့ ရောက်ရှိခဲ့သည်။ ဗီယက်နမ်၏ ဆန်တင်ပို့မှုမှာ ၂ဝ၁၉ ခုနှစ်တွင် ပြန်လည်ဦးမော့ကောင်းမွန်လာခဲ့ပြီး အမေရိကန်ဒေါ်လာ ၂.၇ ဘီလီယံ ရရှိခဲ့ကြောင်း၊ ၂ဝ၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃.၅ ဘီလီယံတန်ဖိုးအထိ ဆန်တင်ပို့နိုင်ခဲ့ ကြောင်း သိရှိရပါသည်။

၂ဝဝ၈ ခုနှစ်တွင် ဆန်ဈေးနှုန်းမြင့်တက်မှုနှင့် နှိုင်းယှဉ်ပါက ဗီယက်နမ်နိုင်ငံသည် ၂ဝ၂၃ ခုနှစ်အတွင်း ဈေးကွက်အခွင့်အလမ်းများကို ထိရောက်စွာအသုံးချနိုင်ခဲ့သည်။ ၂ဝဝ၈ ခုနှစ်တွင် ဆန်ကွဲ ၅% ပါဝင်သည့်ဆန် ဈေးနှုန်းမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁ဝဝဝ အထိ အမြင့်ဆုံး ရောက်ရှိခဲ့သော်လည်း ဗီယက်နမ်အစိုးရ၏ ဆန်တင်ပို့မှုအပေါ် တားမြစ်ပိတ်ပင်ခဲ့မှုကြောင့် လုပ်ငန်းရှင်အနည်းငယ်မျှကသာ အဆိုပါဈေးနှုန်းဖြင့် တင်ပို့နိုင်ခဲ့သည်။

ဗီယက်နမ်ဆန်၏ အမြင့်ဆုံးပို့ကုန်ဈေးနှုန်းမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၇ဝဝ ရှိခဲ့ ကြောင်း၊ စတုတ္ထသုံးလပတ်ကာလအတွင်း တစ်လလျှင် ဆန်တန်ချိန် ၅ သိန်းခန့် တင်ပို့နိုင်ဖွယ် ရှိပြီး ၂ဝ၂၃ ခုနှစ်အတွင်း ဆန်တန်ချိန် ၈ သန်းခန့် စံချိန်တင် တင်ပို့လျက် ဝင်ငွေ အမေရိကန်ဒေါ်လာ ၄.၅ ဘီလီယံခန့် ရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

Source: Vietnam Plus, 19 Oct 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source:https://www.doca.gov.mm/my/node/14771

Category: International News