International News

တရုတ်နိုင်ငံတွင် ဆောင်းဦးရာသီ ရိတ်သိမ်းကာလ၌ ကောက်ပဲသီးနှံ စံချိန်တင်ထွက်ရှိနိုင်

Last Updated:

တရုတ်နိုင်ငံ၌ နွေရာသီကာလအတွင်း အပူလှိုင်းများရိုက်ခတ်မှုနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုတို့ကြောင့် သီးနှံစိုက်ခင်းများ ပျက်စီးမှုရှိပြီး အချို့ဒေသများတွင် ရိတ်သိမ်းနိုင်ခြင်းမရှိပဲ စားနပ်ရိက္ခာထုတ်လုပ်မှုကို ထိခိုက်စေခဲ့သော်လည်း နိုင်ငံ၏ကောက်ပဲသီးနှံထွက်ရှိမှုမှာ စံချိန် တင်မြင့်တက်နိုင်ကြောင်း အစိုးရသတင်းအရင်းအမြစ်များအရ သိရှိရပါသည်။

ဆောင်းဦးရာသီရိတ်သိမ်းချိန်ကာလ ပြီးဆုံးသည့်အထိမ်းအမှတ်အဖြစ် နိုင်ငံတော်ကောင်စီ သတင်းအချက်အလက်ရုံးမှ ကြီးမှူးကျင်းပခဲ့သော သတင်းညီလာခံတွင် ဌာနဆိုင်ရာအရာရှိများက တရုတ်နိုင်ငံအတွင်း စိုက်ပျိုးဧရိယာ ကြီးမားကျယ်ပြန့်လာခြင်း၊ အထွက်နှုန်း မြင့်မားသောမျိုးများကို ပြောင်းလဲအသုံးပြုခြင်း၊ ခြောက်သွေ့ရာသီဥတုသည် ပုံမှန်အခြေအနေထက် ပိုမိုအားလျော့နည်းခြင်းတို့ကြောင့် ကောက်ပဲသီးနှံ အထွက်ပမာဏ တိုးတက်ခဲ့ကြောင်း ပြောကြားခဲ့ကြပါသည်။ ဆောင်းဦးရာသီကာလတွင် ရင့်မှည့်သော သီးနှံများမှာ တရုတ်နိုင်ငံ နှစ်စဉ်ကောက်ပဲသီးနှံထွက်ရှိမှု၏ ၇ဝ% ကျော်ရှိကြောင်း အစိုးရ၏ အချက်အလက်များတွင် ဖော်ပြပါသည်။

လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာနမှ အကြီးတန်း စိုက်ပျိုးရေးပညာရှင် Zeng Yande က တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း၊ မြောက်ပိုင်းနှင့် အနောက်မြောက်ပိုင်း ဒေသများတွင် မိုးများသည်းထန်စွာရွာသွန်းခြင်း၊ ရေလျှံမှုများ ဖြစ်ပေါ်ခြင်းနှင့် မကြာခဏ မိုးခေါင်ရေရှား ဖြစ်ခြင်းတို့ ကြုံတွေ့ခဲ့ရသော်လည်း ၉ နှစ်ဆက်တိုက် ကာလအဖြစ် ၂ဝ၂၃ ခုနှစ်အတွင်း ကောက်ပဲ သီးနှံ မက်ထရစ်တန်ချိန် သန်းပေါင်း ၆၅ဝ အထက် ရိတ်သိမ်းထွက်ရှိနိုင်ကြောင်း၊ ယခုနှစ် နွေ ရာသီ၌ ကောက်ပဲသီးနှံ တန်ချိန် ၁၄၆.၁ သန်း ထွက်ရှိခဲ့သဖြင့် ယခင်နှစ်အောက် အနည်းငယ် လျော့နည်းခဲ့သော်လည်း နွေစပါး အထွက်ပမာဏသည် ၄ နှစ်မြောက် ဆက်တိုက်တိုးတက်မှု ရရှိပြီး တန်ချိန် ၂၈.၃ သန်းထွက်ရှိခဲ့ကြောင်း၊ ဆောင်းဦးရာသီ သီးနှံစိုက်ဧရိယာမှာလည်း ပိုမို ကျယ်ပြန့်များပြားလာပြီး အချို့သောနေရာဒေသများ၌ သဘာဝဘေးအန္တရာယ်များ တွေ့ကြုံခဲ့ရမှု မှလွဲ၍ အဓိကစိုက်ပျိုးရာဒေသများတွင် နေရောင်ကောင်းစွာရရှိမှု၊ သင့်လျော်သောအပူချိန်နှင့် မိုးရွာသွန်းမှုတို့ကြောင့် အထွက်တိုးတက်မည်ဟု   ခန့်မှန်းရကြောင်း ပြောဆိုခဲ့သည်။

ယခုနှစ်အတွင်း ဆောင်းဦးရာသီ ရိတ်သိမ်းကာလအတွက် သီးနှံစိုက်ဧရိယာမှာ ဟက်တာ ၈၇.၃ သန်းရှိပြီး ယခင်နှစ်ထက် ဟက်တာ ဝ.၄၆ သန်းပိုမိုခဲ့ကြောင်း၊ အစိုးရက စီးပွားဖြစ်သီးနှံ များအစား ကောက်ပဲသီးနှံများကို အစားထိုးစိုက်ပျိုးခြင်းနှင့် သီးညှပ်စိုက်ပျိုးမှု အလေ့အထများကို ကျင့်သုံးစေခြင်းတို့က ကောက်ပဲသီးနှံစိုက်ဧရိယာ တိုးတက်စေခြင်းဖြစ်ကြောင်း၊  ဗဟိုအစိုးရသည် အထွက်နှုန်းမြင့်မားသော ပြောင်းသီးနှံများနှင့် ပဲပုပ်သီးနှံများကို တိုးမြှင့်စိုက်ပျိုးရန် တွန်းအားပေး လျက် ပြောင်းစိုက်ပျိုးသော စီရင်စုဒေသ ၂ဝဝ နှင့် ပဲပုပ်စိုက်ပျိုးသော စီရင်စုဒေသ ၁ဝဝ တို့တွင် သီးနှံအထွက်နှုန်း တိုးတက်စေမည့်နည်းလမ်းများနှင့် ပိုးမွှားအန္တရာယ်ကာကွယ်ရေး နည်းလမ်းများ အပါအဝင် လှုံ့ဆော်ပွဲများကို ပြုလုပ်ခဲ့ကြောင်း၊ ဗဟိုအစိုးရသည် ကောက်ပဲသီးနှံ တိုးတက်စိုက် ပျိုးထုတ်လုပ်ရေးအတွက် ယွမ်ငွေ ၂.၄ ဘီလီယံ (ဒေါ်လာ ၃၂၈ သန်း) ထောက်ပံ့ သုံးစွဲခဲ့ကြောင်း၊ ၂ဝ၂၃  ခုနှစ်အတွင်း တရုတ်နိုင်ငံအတွင်းရှိ သီးနှံဟက်တာ ၉.၆ သန်းခန့်မှာ တိုင်ဖွန်းမုန်တိုင်း၊ မိုးခေါင်ရေရှားမှု၊ ရေကြီးမှု၊ နှင်းခဲမှုနှင့် အပူလှိုင်းများ၏ ရိုက်ခတ်မှုဒဏ်ကို ခံခဲ့ရခြင်းကြောင့် ယခင်နှစ် စိုက်ပျိုးဧရိယာအောက် ဟက်တာ ၁.၉ သန်းလျော့နည်းခဲ့ပြီး ၂ဝ၁၈ ခုနှစ်မှ ၂ဝ၂၂ ခုနှစ် အထိ ၅ နှစ်တာအတွင်း ပျှမ်းမျှစိုက်ပျိုးမှု ဧရိယာ‌အောက် ဟက်တာ ၇.၂ သန်း လျော့နည်းခဲ့ ကြောင်းဖြင့် စိုက်ပျိုးရေးဝန်ကြီးဌာနရှိ သီးနှံစိုက်ပျိုးမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး Pan Wenbo က ပြောကြားခဲ့သည်။

ရာသီဥတုပြင်းထန်မှု၊ ကိုယ်ကျိုးစီးပွားကာကွယ်မှုများ တိုးမြင့်လာမှု၊ ဒေသတွင်း ပဋိပက္ခများ ဖြစ်ပေါ်မှုနှင့် အိန္ဒိယနိုင်ငံတွင် မိုးခေါင်ခြောက်သွေ့မှုကြောင့် ဆန်တင်ပို့မှုပိတ်ပင်ခဲ့မှုစသည့် အကြောင်းအရင်းများက ကမ္ဘာ့ဈေးကွက်တွင် ဆန်ဈေးနှုန်းများကို ၁၅ နှစ်တာကာလအတွင်း အမြင့်မားဆုံး ရောက်ရှိစေခဲ့ကြောင်း၊  တရုတ်နိုင်ငံ၌ စက်တင်ဘာလအတွင်း ပြည်တွင်းဆန်ရောင်းချသည့်ဈေးနှုန်းမှာ ဇန်နဝါရီလကထက် ဝ.၇% ပိုမိုမြင့်မားခဲ့ကြောင်း China Daily သတင်းဌာနက ဖော်ပြပါသည်။

Source: China Daily, 24 Oct 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm/my/node/14773

Category: International News