International News

၂၀၂၄ ခုနှစ်တွင် ပြည်တွင်းထုတ်လုပ်မှုဖြင့် ဆန်ဖူလုံမှုရှိစေရေး အင်ဒိုနီးရှား ဆောင်ရွက်

Last Updated:

အင်ဒိုနီးရှားနိုင်ငံအစိုးရအနေဖြင့် ၂၀၂၄ ခုနှစ်တွင် ပြည်ပမှဆန်တင်သွင်းမှုကို ရှောင်ကြဉ်လျက် နိုင်ငံအတွင်း ဆန်စပါးထုတ်လုပ်မှုမှ ဖူလုံမှုရှိစေရေး တွန်းအားပေးဆောင်ရွက်လျက်ရှိ ကြောင်းသိရှိပါသည်။

ခေတ္တစိုက်ပျိုးရေးဝန်ကြီး Arief Prasetyo Adi က လာမည့်နှစ်တွင် ဆန်တန်ချိန် ၃၅ သန်း အထိ တိုးမြှင့်စိုက်ပျိုးထုတ်လုပ်နိုင်အောင် ပြင်ဆင်ထားရန် စိုက်ပျိုးရေးဌာန ညွှန်ကြားရေးမှူးချုပ် သို့ ညွှန်ကြားထားကြောင်း၊  ၂၀၂၃ ခုနှစ် လျာထားချက် တန်ချိန် ၃၁ သန်း ထက် ပိုမိုမြင့်မားမှု ရှိပြီး တိုးမြှင့်ထုတ်လုပ်ခြင်းဖြင့် ပြည်ပမှတင်သွင်းရန်မလိုပဲ ပြည်တွင်းလိုအပ်ချက်ကို ဖူလုံစေမည်ဖြစ် ကြောင်း၊ လျာထားချက်ပြည့်မီရန်အတွက် ၁ ဟက်တာလျှင် ၅.၂ တန် အထွက်နှုန်းရှိရာမှ ၅.၄ မှ ၅.၅ တန်အထိ၊ လိုအပ်ပါက  ၅.၇ တန် အထိ အထွက်နှုန်းတိုးတက်ရရှိရန် လိုအပ်ကြောင်းဖြင့် ၂၃-၁၀-၂၀၂၃ နေ့တွင် ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ စာရင်းအင်းအဖွဲ့မှ ကောက်ယူခဲ့သော Area Sample Frame (KSA) စစ်တမ်းအရ ၂၀၂၃ ခုနှစ်တွင် ခန့်မှန်းစပါးရိတ်သိမ်းဧရိယာမှာ ဟတ်တာ ၁၀.၂၀ သန်း ရှိပြီး စပါးတန်ချိန် ၅၃.၆၃ သန်း သို့မဟုတ် ကြိတ်ခွဲပြီး ဆန်တန်ချိန် ၃၀.၉၀ သန်း ထွက်ရှိမည်ဟု တွက်ဆထားသည်။ တစ်ချိန်တည်းတွင် ဆန်စားသုံးမှုသည် တန်ချိန် ၃၀.၆၂ သန်းရှိမည်ဟု ခန့်မှန်းထားပြီး ဆန်တန်ချိန် ၀.၂၈ သန်း ပိုလျှံမည်ဖြစ်သည်။ 

၂၀၂၄ ခုနှစ်အတွက် ဆန်စပါးထုတ်လုပ်မှုလျာထားချက်ကို ပြည့်မီစေရေး ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတစ်ဝှမ်းရှိ စိုက်ပျိုးရေးဦးစီးဌာနရုံးများနှင့် ပူးပေါင်း၍ လာမည့်နိုဝင်ဘာလမှ မတ်လအထိ ၂၀၂၃-၂၀၂၄ ခုနှစ်၏ ပထမစိုက်ပျိုးရာသီကို အောင်မြင်စွာ အကောင် အထည်ဖော်ရန် လိုအပ်ကြောင်း၊ မျိုးစေ့၊ ဓာတ်မြေဩဇာ၊ ဆည်ရေပေးဝေမှု၊ ပိုးမွှားထိန်းချုပ်ရေးနှင့် လယ်ယာလုပ်သားများ ရရှိမှုတို့အပေါ် အာမခံချက်ရှိရေးမှာ အရေးကြီးကြောင်း၊ ထို့အပြင် လယ်သမားများနှင့် လယ်ယာမြေ စီးပွားရေးလုပ်ငန်းများကိုလည်း လယ်ယာအာမခံများပေးရန် လိုအပ်ကြောင်း၊  ဝန်ကြီးဌာနအနေဖြင့် မြေပြင်ပြဿနာများနှင့် လယ်သမားများကြုံတွေ့ရမည့် ပြဿနာများကို ကိုင်တွယ်ဖြေရှင်းနိုင်မည့် တာဝန်ခံများကိုလည်း ဒေသအလိုက် ခန့်အပ်ထားပြီးဖြစ်သဖြင့် တိုးချဲ့ လုပ်သားများ၏ အခန်းကဏ္ဍကို ပိုမိုကောင်းမွန်အောင် မြှင့်တင်ခြင်းသည် အရေးကြီးသောခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း ခေတ္တစိုက်ပျိုးရေးဝန်ကြီး Adi က  ဆက်လက်ပြောကြားခဲ့သည်။

Source: Antara News, 23 Oct 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source:https://www.doca.gov.mm/my/node/14775

Category: International News